ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဆွဲဆောင်နိုင်မှာလား

ရေးသားခဲ့သည်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဧကရာဇ်နန်းတက်ပွဲ တက်ရောက်ဖို့ ဒီကနေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဂျပန်နိုင်ငံကို ထွက်ခွာသွားပါပြီ။

အောက်တိုဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ ကြာမြင့်မယ့် ဒီခရီးစဉ်ဟာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို အဓိက ဆွဲဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းမှာဖြစ်ပြီး ဂျပန်လုပ်ငန်းရှင်တွေဘက်ကလည်း မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လုပ်ငန်းရှင် ၇၀၀ လောက်တက်ရောက်မယ့်ပွဲမှာ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒမိန့်ခွန်း တစ်ရပ်ပြောမှာဖြစ်သလို မြန်မာမှာ အောင်မြင်နေတဲ့ ဂျပန်ရဲ့စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အလားအလာတွေကို ရှင်းပြသွားဖို့လည်း ရှိနေပါတယ်။

ဂျပန်ဟာ မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုကာလအလွန်ကတည်းက လက်တွဲလုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေများစွာရှိသလို မြန်မာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအများဆုံးပေးထားတဲ့ နိုင်ငံတွေထဲမှာတစ်ခုအဖြစ် ပါဝင်ပါတယ်။

ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်နိုင်မှာလား

ဒီခရီးစဉ်ဟာ ဂျပန်လုပ်ငန်းရှင်တွေ မြန်မာမှာ စီးပွားရေးလုပ်ကိုင်စေဖို့ ကြိုးစားတဲ့ခြေလှမ်းလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ အထူးသဖြင့် မြန်မာကို နိုင်ငံ ရေးအရရော စီးပွားရေးအရပါ ဖိအားပေးနေတဲ့ တရုတ်ကိုတန်ပြန်နိုင်ဖို့ဆိုရင် ဂျပန်ရဲ့ ရင်းနှီး မြှုပ်နှံမှုက အများကြီးအရေးကြီးတယ်လို့ သူက ဆိုပါတယ်။

"သီလဝါမှာ ဂျပန် ဒီထက်ပိုပြီးရင်းနှီးမြှုပ်နှံလာဖို့က တရုတ်ရဲ့ ပါဝါကို ချိန်ညှိတဲ့နေရာမှာ အရေး ပါတဲ့အခန်းကဏ္ဍက ရှိပါတယ်။ အဲဒါကိုသာ အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင်တော့ မြန်မာ ပြည်မှာ တရုတ်ရဲ့ဖိအားကို တုံ့ပြန်တဲ့နေရာမှာရော မြန်မာပြည်မှာစီးပွားရေးရင်းနှီးမြှုပ်နှံမှု ကိုရော တိုးတက်အောင်လုပ်နိုင်မယ်လို့ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဂျပန်ဧကရာဇ်နန်းတက်ပွဲကိုတက်ဖို့ ဖိတ်ကြားခံရခြင်းက နိုင်ငံရေးဂုဏ်သိက္ခာတက်တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်မှာ သူနဲ့အတူ နိုင်ငံရေးနဲ့စီးပွားရေးဘက်က လက် ထောက်အကြံပေးတွေ ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေးလေ့လာမှုအဖွဲ့ အကြီးတန်း သုတေသီ ဦးအေးမောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလက်ထောက်တွေထဲမှာ သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြုထားသူ စီမံဘဏ္ဍာဒုဝန်ကြီးဦးဆက်အောင်လည်း ပါဝင်ပါတယ်။

"ဒုဝန်ကြီးဦးဆက်အောင်က သီလဝါစီမံကိန်းအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။ သူ့အတွေ့အကြုံတွေလည်း ဒီဆွေးနွေးပွဲမှာ မျှဝေနိုင်လိမ့်မယ်။ ဂျပန်လုပ်ငန်းရှင်တွေကလည်း အများကြီးစိတ်ဝင်စားမယ်လို့ထင်တယ်။ သီလဝါကတော့ မြန်မာနိုင်ငံမှာ ဂျပန်အတွက် အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်နေတာကိုး။ စုစုပေါင်း ဂျပန်က အဲဒီမှာရင်းနှီးမြှုပ်နှံတာ ၂ ဘီလျံနီးပါးရှိတယ်" လို့ ဦးအေးမောင်ကျော်က ဆိုပါတယ်။

ဂျပန်သံအမတ်ကြီးကလည်း ဂျပန်လုပ်ငန်းရှင်တွေက မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတယ် ဆိုတာကို မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။

အတိုင်ပင်ခံခရီးစဉ်အတွင်းမှာပဲ ဂျပန်ပြည်ပကုန်သွယ်မှုဆိုင်ရာအဖွဲ့ (JETRO) က မြန်မာ ကုန်သည်စီးပွားစက်မှုအသင်းချုပ်က အဖွဲ့ဝင်တွေကို ဖိတ်ကြားလာပြီး နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှုဆွေးနွေးပွဲလည်း တိုကျိုမှာ ကျင်းပဖို့ရှိနေပါတယ်။

ဒီဆွေးနွေးပွဲကနေ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ ကုန်သည်စီးပွားစက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးပိုင်းဖြစ်တဲ့ လျှပ်စစ်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး အပိုင်း၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေ နည်းပညာနဲ့ ဈေးကွက်တွေကို ပိုရနိုင် မယ့်ကဏ္ဍတွေမှာ ဂျပန်တွေလာရောက်ရင်းနှီးမြှုပ်နှံစေချင်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာလာထုတ်လုပ်ပြီး အနီးအနားက အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့လို နိုင်ငံတွေမှာ ကုန်ချော တွေပြန်ရောင်းဖို့ ဂျပန်လုပ်ငန်းရှင်တွေဘက်က စဉ်းစားချက်တွေလည်း ရှိထားတယ်လို့ ဦးအေးမောင်ကျော်က ပြောပါတယ်။

ဒါကြောင့် ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်တစ်ခု ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။

လူ့အခွင့်အရေးပြဿနာကို ဂျပန်က ထည့်စဉ်းစားမှာလား

တစ်ဖက်မှာလည်း ဂျပန်ရောက်မြန်မာတချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ ရခိုင်မှာဖြစ်နေတဲ့စစ်ပွဲတွေကို မရပ်တန့်နိုင် တဲ့အတွက် ဆန္ဒပြမှာဖြစ်တယ်လို့ဦးဆောင်သူတွေက ပြောကြားထားပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အားနည်းချက်ချို့ယွင်းချက်တွေ ရှိမြဲဖြစ်ပြီး မကျေနပ်သူတွေရဲ့ဆန္ဒပြမှုဆိုတာ ထူးဆန်းတဲ့အခြေအနေမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

"မကျေနပ်တဲ့အခြေအနေတွေပေါ် ဆန္ဒပြတာတွေတော့ရှိမှာပဲ။ ဒါတွေကိုဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲအရေးကြီးတာ" လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြမယ့်သူတွေရော ထောက်ခံဆန္ဒပြမယ့်သူတွေပါ ရှိနေတာဖြစ်ပြီး ဒီလိုဆန္ဒပြမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာ ထူးပြီး ကျသွားစရာ အကြောင်းမရှိဘူးလို့ ဦးအေးမောင်ကျော်က ဆိုပါတယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နဝတအစိုးရလို့ သိကြတဲ့ စစ်အစိုးရလက်ထက်ကတည်းက ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံလာတာဖြစ်ပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုရှိတဲ့အတွက်သာ အဲဒီအချိန်တုန်းက စီးပွားရေးလုပ်ကိုင်ခဲ့တာမရှိတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဂျပန်ဟာ မြန်မာကို အထူးအလေးထား တဲ့သဘောရှိပြီး စစ်ပြီးခေတ် ဂျပန်အပေါ် မြန်မာက ပြသခဲ့တဲ့ မြန်မာ့စိတ်ရင်းအပေါ် ဂျပန်က အမြဲ သတိတရရှိတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးပြဿနာ အထူးသဖြင့် ရခိုင်အရေးမှာ ဂျပန်အစိုးရက ဒီရှုထောင့်တစ်ခု တည်းပဲ ကြည့်ပြီး တခြားအရေးကိစ္စတွေကိုဆုံးဖြတ်မယ်လို့ မမျှော်လင့်ဘူးလို့ သူက ဆိုပါတယ်။