ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုကျိုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့်သူတွေ ကို တန်ပြန်ဆန္ဒပြ
တိုကျိုကို ရောက်ရှိလာမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်းရခိုင်တိုင်းရင်းသားအချို့က အောက်တိုဘာ ၂၁ ရက်နေ့ မှာ ကန့်ကွက်ဆန္ဒပြဖိုစီစဉ်ထားရာမှာ အဲဒီအစီစဉ်ကို ရှုတ်ချ ကြောင်း အောက်တိုဘာ ၂၀ရက် နေ့က တိုကျိုမှာ NLD ထောက်ခံသူအချို့ က တန်ပြန်ဆန္ဒပြ ခဲ့ကြပါတယ်။
အဲဒီ တန်ပြန်ဆန္ဒပြ ပွဲကို တိုကျိုက မြန်မာ တွေစုဝေးရာ တာကနာဘဘ ဘူတာရုံ အနီးမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး မကြာမီနာရီပိုင်း အတွင်းဂျပန်နိုင်ငံ တိုကျို ဟာနာဒါ လေဆိပ်ကို ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုတဲ့ အစီစဉ် မတိုင်မီ အခုလို တန်ပြန်ဆန္ဒပြတာလည်းဖြစ်ပါတယ်။
ဂျပန်အစိုးရ ရဲ့ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်သစ် နာရူဟီတိုထီးနန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် ကနေ အောက်တိုဘာ ၂၀ရက် နေ့မနက်ပိုင်းက ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ သုံးရက်ကြာမြင့်မှာဖြစ်ပြီး အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း လိုက်ပါခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအကြီးအကဲ တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကြောင့် ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးတစ်ကြိမ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်က ကျင်းပတဲ့ ၁၀ ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တစ်ကြိမ် နှစ်ကြိမ်သွားရောက်ခဲ့ဖူးပါတယ်။
အခုတစ်ခေါက် ကတော့ ရခိုင်မှာ တိုက်ပွဲတွေဖြစ် ပွားနေချိန် နိုင်ငံ အကြီးအကဲ အဖြစ်ရောက်လာတာဖြစ်ပြီးတော့ ဂျပန်ကို ၂၀၁၅ နောက်ပိုင်း တတိယအကြိမ်မြောက် ရောက်လာတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်းမှာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြ ပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်သန်းက ဘီဘီစီကို ပြောခဲ့ပါတယ် ။
အောက်တိုဘာလ ၂၁ ရက် မှာ တိုကျိုမြို့က မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာ ရခိုင်တိုင်းရင်းသားအချို့က ဆန္ဒပြမှာ ဖြစ်ပြီးတော့ ဂျပန်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား အနည်းဆုံး အယောက် ၄၀ လောက် ပါဝင်မှာ ဖြစ်သလို ကျန်တဲ့ အဖွဲ့တွေကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း ဦးမောင်သန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟာ ဂျပန်ဘုရင်သစ် နာရူဟီတို၏ ထီးနန်းတက်ပွဲ ကို လာရင်းမြန်မာနိုင်ငံ မှာရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရေး ကိစ္စတွေ အတွက်လာရောက် ဆွေးနွေးတာဖြစ်လို့ ထောက်ခံ ကြိုဆို တာလို့လည်းပြောပါတယ်။
ဒီတစ်ခေါက် ခရီးစဉ်မှာ ဂျပန်ရောက် မြန်မာတွေ နဲ့ သီးခြားတွေ့ဆုံဖို့ အစီစဉ် မရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေကတော့ သူ့ကို ထောက်ခံကြောင်း ပြသဖို့အတွက်တည်းခိုမယ့် ဟိုတည်ရှေ့မှာ အိုးစည်တီးပြီး ကြိုမှာ ဖြစ်သလို ပန်းစည်းပေးဖို့လည်းရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပြီး စီစဉ်နေတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။
ဒေသစံတော်ချိန် ည ၉ နာရီလောက် မှာ တိုကျို ဟာနာဒါ လေဆိပ်ကိုရောက်လာဖို့ရှိတယ်လို့လည်း ဂျပန်ရောက်မြန်မာတွေကပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည် အောက်တိုဘာ ၂၁ ရက်နေ့ မှာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဖို့ရှိသလို နန်းတက်ပွဲ လာရင်းနဲ့ မြန်မာ နိုင်ငံ လျှပ်စစ်မီးရရှိရေးပညာရေး ရင်းနှီးမြှုပ် နှံမှုတွေ မှာ ဂျပန်ဘက် ကအကူညီပေးရေးအတွက် ဆွေးနွေး သွားဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့် ဂျပန်ရောက် ရခိုင်တွေဟာ ဒေါက်တာအေးမောင် အုပ်စုလို့ လူသိများတဲ့ ရခိုင်တွေဖြစ်တယ်လို့လည်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။
ဒီအဖွဲ့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဦးအေးသာအောင် အုပ်စုတွေလည်း ဂျပန်မှာရှိတယ်လို့လည်း သူတို့က ပြောပါတယ်။
ဂျပန်မှာ ရခိုင်တွေ နှစ်ဖွဲ့ကွဲနေတာတော့ ဟုတ်တယ် အခု ဆန္ဒပြ မယ့်အဖွဲ့ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို မထောက်ခံတဲ့ သူတွေပေါ့ဗျာလို့ လည်းရခိုင်တိုင်းရင်းသား ဆန္ဒပြ မယ့်အဖွဲ့ ကဦးဆောင်သူ ဦးမောင်သန်းက ပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအရေးလူပ်ရှားသူတွေပါ ဆန္ဒပြမယ့် အထဲမှာ ပါလာဖို့ရှိတယ်လို့လည်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။