လုံခြုံရေးအာမခံချက်မရှိပေမယ့် နယ်မြေတည်ငြိမ်လို့ နေရပ်ပြန်သူတွေရှိလာ

သဘောတူညီချက် မရသေးခင်မှာပဲ ခုလို ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်တဲ့ စစ်ရှောင်က နှစ်ထောင်ကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, သဘောတူညီချက် မရသေးခင်မှာပဲ ခုလို ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်တဲ့ စစ်ရှောင်က နှစ်ထောင်ကျော်ရှိလာ
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗန်းမော်မြို့ပေါ် စစ်ရှောင်စခန်းတွေကနေ အိမ်ထောင်စု တစ်ရာလောက် နေရပ်ပြန်သွားပါတယ်။ ဒီအိမ်ထောင်စုတွေဟာ ကချင်ပြည်နယ်တွင်း မုန်ဒိမ်းပါကျေးရွာက ဖြစ်ပြီး စစ်ရှောင်နေရတာ ခြောက်နှစ်ကျော်အကြာမှာ ခုလို နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။

KBC အပါအဝင် ကချင်ပြည်နယ်က ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ စစ်ရှောင်ပြည်သူများ ကူညီ စောင့်ရှောက်ရေး ကော်မတီ KHCC က ကချင်ဒေသ စစ်ရှောင်တွေ လုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်ဖို့ အစိုးရ၊ တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့နဲ့ တွေ့ဆုံ ညှိနှိုင်းနေပါတယ်။

ဒီဆွေးနွေးမှုတွေကနေ သဘောတူညီချက် မရသေးခင်မှာပဲ ခုလို ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်တဲ့ စစ်ရှောင်က နှစ်ထောင်ကျော် ရှိလာပြီလို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွန်က ပြောပါတယ်။

အခု ပြန်သွားကြတဲ့ မုန်ဒိမ်းပါကျေးရွာမှာဆို တိုက်ပွဲတွေ မရှိတော့ဘဲ ရွာတွင်း တပ်စွဲထားတဲ့ နှစ်ဖက်တပ်တွေ ပြန်ရုတ်သွားတာကြောင့် နေရပ်ပြန်သူတွေ လုံခြုံမှုရှိတယ်လို့ သူကဆိုပါတယ်။

"ကျောင်းလည်းဖွင့်ထားပြီ။ ပညာရေးဘက်က ဆရာတော့မလာသေးဘူးပေါ့။ ဒါပေမဲ့ ကျောင်းတာဝန်ခံကတော့ သူကိုယ်တိုင်တာဝန်ယူပြီးမှ ရွာခံဆရာတွေ ပို့နေတာရှိတယ်။ စာလည်း သင်နေပြီ။ ခရစ်ယာန် မူကြိုကျောင်းကလည်း ဖွင့်နေပြီ။ အဲဒီမှာ ဘယ်စစ်တပ်၊ လက်နက်ကိုင်မှ မရှိတော့ သူတို့အတွက်တော့ လုံခြုံပါတယ်" လို့ မုန်ဒိမ်းပါကျေးရွာကို သွားရောက် ကူညီခဲ့တဲ့ ဒေါက်တာခလမ်ဆန်ဆွန်က ပြောပါတယ်။

ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်နေတဲ့ စစ်ရှောင်တွေရဲ့လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့မှုတွေလိုနေတယ်လို့ နေရပ်ပြန်သူတွေက ပြောပါတယ်။

ရွာကိုစွန့်ခွာခဲ့တာကြာပြီဖြစ်လို့ အိုးအိမ်တွေ၊ လမ်းတွေ ပျက်စီးနေပြီး စစ်ဘေးဒုက္ခသည် မဖြစ်ခင်က အိမ်ထောင်စု ၃၀၀ ကျော်လောက် ရှိခဲ့ပေမယ့် ခုတော့ အိမ်ထောင်စု တစ်ရာကျော်လောက်ပဲ ပြန်လာကြသေးတယ်လို့ မုန်းဒိမ်ပါရွာသား ဦးဘရန်တောင်က ဘီဘီစီကို ပြောပါတယ်။

တစ်ကျော့ပြန်ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် ကချင်ဒေသက လူတစ်သိန်းကျော် စစ်ရှောင်ခဲ့ရပြီး အခုထိ နေရပ်မပြန်နိုင်ကြသေး

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, တစ်ကျော့ပြန်ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် ကချင်ဒေသက လူတစ်သိန်းကျော် စစ်ရှောင်ခဲ့ရပြီး အခုထိ နေရပ်မပြန်နိုင်ကြသေး

စိုက်ပျိုးမွေးမြူရေး၊ လယ်ယာလုပ်ငန်း၊ တောင်ယာခုတ်တဲ့အလုပ်တွေနဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုရတဲ့ ဒီရွာမှာ ပြန်လည် အခြေချလာတဲ့ နေရပ်ပြန်သူတွေအတွက် စားဝတ်နေရေး အခက်တွေ့နေတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

"အိုးအိမ်တွေ ပျက်စီးတာများပါတယ်။ လမ်းတွေလည်း အကုန်လုံး ပစ်ထားတာကြာပြီ ဆိုတော့ ခြုံပုတ်တွေ ဖြစ်နေတယ်။ လောလောဆယ် အလုပ်ကတော့ လယ်လုပ်နိုင်တဲ့သူကလည်း လယ်ပြန်လုပ်ပေါ့။ တချို့တွေက ကျပန်းအလုပ်ပေါ့။ စားဝတ်နေရေးအတွက် အချင်းချင်း ပံ့ပိုး ကူညီနေကြတာပဲ ရှိတယ်။ တချို့တွေက အရမ်းကို ဒုက္ခဆင်းရဲတွေ ရှိနေပါတယ်။ အဓိကက ဆန်တို့ ဘာတို့ လိုနေပါတယ်" လို့ သူက ဆိုပါတယ်။

မုန်ဒိမ်းပါရွာဟာ ဗန်းမော်မြို့ကနေဆို ၂၈ မိုင်လောက်ဝေးပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ နှစ်ဆန်းပိုင်းကတည်းက ဒီရွာကို စစ်ရှောင်တွေ စပြန်လာတာတွေ ရှိပြီး ဒီအောက်တိုဘာ လဆန်းပိုင်းမှာတော့ အိမ်ထောင်စုတစ်ရာနီးပါး ပြန်လာခဲ့တာ ဖြစ်ပါတယ်။

KIA ဟာ အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်ဆွေးနွေးနေပြီး ဒီလအတွင်းမှာပဲ ထပ်မံတွေ့ဆုံဖို့ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, KIA ဟာ အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်ဆွေးနွေးနေပြီး ဒီလအတွင်းမှာပဲ ထပ်မံတွေ့ဆုံဖို့ရှိနေ

တပ်မတော်နဲ့ KIA တို့အကြား ၂၀၁၁ ခုနှစ်၊ ဇွန်လကစလို့ တစ်ကျော့ပြန် ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် ကချင်ဒေသက လူတစ်သိန်းကျော် စစ်ရှောင်ခဲ့ရပြီး အခုထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။

ဒါပေမဲ့ တပ်မတော်က တစ်ဖတ်သတ် အပစ်ရပ်ကြေညာခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကစလို့ ကိုးလကျော်အတွင်း ကချင်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိတော့တဲ့ အတွက် ဒါဟာ ငြိမ်းချမ်းရေးကို တပ်မတော်က ဦးတည်လာတာဖြစ်တယ်လို့ KIA ဘက်က သုံးသပ် ပြောကြားတာ ရှိနေပါတယ်။

KIA ဟာ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင် ဆွေးနွေးနေပြီး ဒီလအတွင်းမှာပဲ ထပ်မံတွေ့ဆုံဖို့ရှိနေပါတယ်။