မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ရာဒေသတွေမှာ ကလေးသူငယ်တွေ လုံခြုံဖို့ လိုအပ်

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN / getty images
လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှုနဲ့ စပ်လျဉ်းတဲ့ နောက်ဆက်တွဲ အခြေပြုစာချုပ်ကို မြန်မာနိုင်ငံ အစိုးရက စက်တင်ဘာ ၂၇ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုမြန်မာအစိုးရက အတည်ပြုပါဝင်လိုက်တာကြောင့် မြန်မာနိုင်ငံဟာ ဒီစာချုပ်ကို အတည်ပြုနဲ့ နိုင်ငံတွေအနက် ၁၆၉ နိုင်ငံမြောက်ဖြစ်လာခဲ့ပါတယ်။
စစ်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာ၊ မိသားစုလိုက် တိုက်ပွဲအတွင်း အသတ်ခံရတာတွေနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေဟာ အဓမ္မပြုကျင့်ခံခဲ့ရတာတွေအထိ ရှိခဲ့တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့(Equality Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။
ဦးအောင်မျိုးမင်းက " မကြာမီက ပြဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်ပေါ့ အဲဒီထဲမှာ ဆိုရင်တော့ လက်နက်ကိုင်ပဋိပက္ခတွင်းမှာရှိတဲ့ ကလေးတွေကို ကာကွယ်ပေးရမယ်ဆိုပြီး ဖော်ပြထားတဲ့ အဲဒီအပိုဒ်မှာဆိုရင် လက်နက်ကိုင်ပဋိပက္ခတွင်းမှာရှိတဲ့ ကလေးတွေကို ကျူးလွန်တဲ့ ဘယ်သူ့ကို မဆိုအရေးယူရမယ်လို့ ပါပြီးသားပါ။ အရင်တုန်းက ဥပဒေဟောင်းမှာ မပါခဲ့ပေမယ့် အခုဥပဒေသစ်မှာ ဒီလို ရေးသားခြင်းဟာ တိုးတက်မှုတစ်ခုလို့ ကျွန်တော်ပြောချင်တယ် "
ကလေးသူငယ်ဥပဒေကို ၂၀၁၉ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှူးက ထုတ်ပြန်ထားတဲ့ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်းဆိုင်ရာ အစီရင်ခံစာထဲမှာ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေတဲ့နိုင်တစ်နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ လတ်တလောမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်သွားခဲ့တဲ့ ကလေးစစ်သား ကိုအောင်ကိုထွေးရဲ့ အမှုကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။
ဒီလို တိုက်ပွဲတွေအတွင်း ကလေးစစ်သားအသုံးပြုတာတွေဟာ အစိုးရစစ်တပ်သာမက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကလည်း လုပ်ဆောင်လေ့ရှိပြီး စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းတာ၊ ခိုင်းစေတာတွေကို ကျုးလွန်ခဲ့တယ်လို့ ကလေးသူငယ်အရေး လေ့လာနေသူတွေက မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။အခုလို အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်မှုထမ်းစေတာတွေ ရပ်တန့်ဖို့ ညီမျှခြင်းမြန်မာအပါအဝင် တခြား လူမှုရေးအဖွဲ့တွေက မကြာခဏဆိုသလို လှုံ့ဆော်တာတွေ လုပ်နေပေမယ့် ပြဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေရဲ့ လွှမ်းမိုးသက်ရောက်မှုကို ထိထိရောက်ရောက် မတွေ့ရသေးဘူးလို့ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။
ဒီလို ပဋိပက္ခတွေအတွင်း အရွယ်မရောက်သူတွေ မပါဝင်မနစ်နာစေဖို့အတွက် အစိုးရ၊ တပ်မတော်ကိုသာမက တခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသေးတယ်။
ဒါပေမယ့် ဒီလို ပြောဆိုညှိနှိုင်းဆွေးနွေးမှုတွေမှာ အဓိက အခက်အခဲကတော့ အစိုးရဘက်က အမြင်မကြည်မှုပဲ ဖြစ်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းကတော့ " အရင်တုန်းက နယ်စပ်ကာလမှာ အခြေစိုက်တုန်းက KNU တို့ KIA တို့အဖွဲ့အစည်းတွေနဲ့ တွေ့ပြီး ကလေးစစ်သားအသုံးပြုမှု အပါအဝင် ပညာပေးလုပ်ဆောင်တာတွေ ရှိပါတယ်။ သူတို့ဘက်ကလည်း တားဆီးဖို့ ကတိကဝတ်ပြုခဲ့တာရှိတယ်။ အခုနောက်ပိုင်းမှာ ဒီလို လက်နက်ကိုင်အဖွဲ့တွေနဲ့ ပညာပေးတာတွေ လှုံ့ဆော်တာလုပ်မယ်ဆိုရင် ကျွန်တော်တို့ကို ခြိမ်းခြောက် တဲ့ဥပဒေက မတရားအသင်းဆက်သွယ်တဲ့ ဥပဒေပါ" လို့ပြောပါတယ်။
မြန်မာနိုင်ငံအစိုးရဟာ ၂၀၁၅ ခုနှစ် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနဲ့ စပ်လျဉ်းတဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြုစာချုပ်ကို ပမာဏ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့ နောက်မှာတော့ တပ်မတော်တွင်းက ကလေးစစ်သားတစ်ချို့ကို ပြန်လွှတ်ပေးတာတွေရှိလာပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ စာရင်းတွေအရ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် မတ်လအထိ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား (၁၅၇၉) ဦးကို တပ်ကနေ နှုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက မေလက ထုတ်ပြန်ထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်နဲ့ TNLA မဟာမိတ်တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးမှုမှာ ကွတ်ခိုင်က လသားအရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူအပါအဝင် ဒေသခံတွေ သေဆုံးမှုဟာ အထင်ရှားဆုံးဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။တပ်မတော်ဘက်က အခုနောက်ပိုင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ကလေးတွေကို စစ်တပ်ကနေ လုံးဝပြန်လည်လွတ်မြောက်ဖို့၊ လွတ်မြောက်လာတဲ့ကလေးတွေအပေါ် ရာဇဝတ်မှုနဲ့ အရေးယူ အပြစ်ပေးတာတွေ မလုပ်ဖို့ အပြင် အသက်မပြည့်သေးတဲ့ကလေးတွေကို စစ်မှုထမ်းတဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူပေးဖို့ ညီမျှခြင်းမြန်မာအဖွဲ့က တိုက်တွန်းထားပါတယ်။








