တရုတ်ကုမ္ပဏီ သတ္တုရှာဖွေခွင့် သဘောတူချက်ကို အစိုးရဖျက်လိုက်တာဘာကြောင့်လဲ

ယင်းမာပင်

ဓာတ်ပုံ ရင်းမြစ်, Aung Nay myo

ဓာတ်ပုံ ပုံစာ, ယင်းမာပင် ခရိုင်ဝါးစိမ်းတောင် စီမံကိန်းအတွက် ပထမဆုံးဆန္ဒ ပြပွဲ
ရေးသားခဲ့သည်။

မုံရွာတစ်ဘက်ကမ်း က ယင်းမာပင်မြို့နယ်ထဲမှာ နောက်ထပ်ရှာဖွေရေးတွေ လုပ်ဖို့ရှိတဲ့ ကြေးနီစီမံကိန်း သစ်ကို စက်တင်ဘာ၃၀ ရက်နေ့က ဒေသခံ လူ၈၀၀လောက် ကန့်ကွက်ဆန္ဒ ပြခဲ့ကြ ပြီးနာရီပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်းအစိုးရက ဒီစီမံကိန်း သတ္တု ရှာဖွေ စမ်းသပ်တာကို သဘောတူထားတာကို ပယ်ဖျက်လိုက်ပါတယ်။

ဒေသခံတွေ ရဲ့ဆန္ဒသဘောထားကိုရှေးရှုပြီး စစ်ကိုင်းတိုင်းအစိုးရက ကတ်ဘိနက် အစည်းအဝေး ကျင်းပအပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တာလို့လည်း တိုင်းအစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန့်ကွက်ဆန္ဒ ပြခဲ့ကြသူတွေကတော့ စစ်ကိုင်းတိုင်းအစိုးရဆုံးဖြတ်ချက်ဟာ အပြုသဘောဆောင်ပြီးတဲ့ ပြည်သူ့မျက်နှာ ကို ရှေ့ရှု တာကိုတွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မုံရွာတစ်ဘက်ကမ်းက ကြေးနီထုတ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်း နဲ့မိုင်၂၀ လောက်ဝေးတဲ့ ယင်းမာပင်ခရိုင်ဝါးစိမ်းတောင် ဒေသမှာ တရုတ်ယန်စီကုမ္ပဏီက ဧကတစ်သိန်းကျော် သထ္ထုရှာဖွေရေးလုပ်ကိုင်မှာကို အဆိုပြုခဲ့တာဖြစ်ပါတယ် ။

ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စားထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Sagaing Region Government Office

ဓာတ်ပုံ ပုံစာ, ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စားထုတ်ပြန်

ပြီးခဲ့တဲ့စက်တင်ဘာလ ၆ ရက်နေ့မှာ ပြည်ထောင်စု အစိုးရက စီမံကိန်းနဲ့ပတ်သက်လို့သဘောထားမှတ်ချက်တောင်းတာကို ရှာဖွေရေးဆိုင်းငံ့သင့်တယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ မှာ တော့တိုင်းအစိုးရက ဧက နှစ်သောင်းကျော်မှာ ကန့်ကွက်ရန်မရှိထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တိုင်းအစိုးရဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိမပေးသလို စီမံကိန်းနဲ့ပတ်သက်လို့ အစီစဉ်မရှိဆိုတာမျိုးပဲ ပြန်ဖြေတယ်လို့လည်း ယင်းမာပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကပြောပါတယ်။

အစိုးရဘက်က ဝါးစိမ်းတောင် စီမံကိန်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို သဘောတူတာကိုရောပယ်ဖျက်တာကိုပါ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စားထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ကန့်ကွက်ဆန္ဒ ပြခဲ့ကြသူတွေထဲက ခေါင်းဆောင်ကိုလှမင်းနိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကျွန်မတို့အာဏာရ ပါတီ အစိုးရဟာ ပြည်သူဆန္ဒ မပါဘဲ ဘာမှမလုပ်ပါဘူးလို့လည်း ပြောထားတာကြောင့် အခုလို ဆန္ဒပြတာပါလို့လည်း ဘီဘီစီကိုပြောပါတယ်။

မြန်မာယန်စီ တိုးချဲ့စီမံကိန်းလျှောက်ထားတဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, Aung May Ye

ဓာတ်ပုံ ပုံစာ, မြန်မာယန်စီ တိုးချဲ့စီမံကိန်းလျှောက်ထားတဲ့နေရာ

တိုင်းအစိုးရ က အခုလို ထုတ်ပြန်လိုက်တာ အပြုသဘောဆောင်ပေမယ့် ဝါးစိမ်းတောင်ဒေသမှာ ဒေသခံပြည်သူတွေရော လွှတ်တော်ကိုယ်စားလှယ်တွေကပါ ဒီစီမံကိန်းကိုကော်မတီဖွဲ့ပြီး စောင့်ကြည့်မှုတွေ ဆက်လုပ်နေမယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

"ပြောတဲ့စကားတွေ ထုတ်ပြန်ချက်တွေက တော့ရှေ့နောက်ညီဖို့လိုလိမ့်မယ် ၊မညီရင်တော့ အာဏာရပါတီ ကို့ပဲထိခိုက်မှာလေ ဘာလို့လည်းဆိုတော့ လွှတ်တော်အမတ်တွေကကြတော့ ဆိုင်းငံ့တယ်ပြောပြီးမှကန့်ကွက်ရန်မရှိဘူး ဆိုပြီးထုတ်ပြန်ခဲ့တာလည်း ရှိတယ်။ ဒါကြောင့်ပါ"လို့ လည်း ဝါးစိမ်းတောင် သပြေအေးရွှာသား ကိုလှမင်းနောင်က ပြောပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရဟာ ပြည်ထောင်စုအစိုးရကို သဘောထားပေးပြီးရင်တော့ ပြည်ထောင်စုအစိုးရကပဲ ခွင့်ပြုမပြုဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီလိုဆန္ဒပြမှုတွေ ဖြစ်မလာခင်လွှတ်တော်ထဲမှာ ပွင့်ပွင့်လင်းလင်း မဆွေနွေးဘဲ အခုလို ထိပ်တိုက်ဖြစ်လာမှ ပယ်ဖျက်တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို အလေးမထားရာ ရောက်တယ်လို့လည်း ယင်းမာပင်မြို့နယ် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောပါတယ်။