ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး ရေအားလျှပ်စစ် ညွန်ချုပ်နဲ့ ညွှန်မှူးကို ဖမ်းဆီး

လာမယ် ၂၀၂၂ နှစ်မှာ စလည်ပတ်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Ministry of energy and electricity

ဓာတ်ပုံ ပုံစာ, လူဦးရေ ၄ သန်းနီးပါး မီးရနိုင်မယ့်စီမံကိန်း
ရေးသားခဲ့သည်။

ရေအားလျှပ်စစ် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့ကို ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ နေပြည်တော်မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွန်ကြားရေးမှူး ဦးကျော်စိုးက ဘီဘီစီကို ပြောပါတယ်။

သူတို့ကို တိုင်တန်းမှုတွေအရ စိစစ်အပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းနဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး ဖမ်းဆီးခဲ့တာလို့ ကော်မရှင်က ပြောပါတယ်။

စစ်ဆေးမှုတွေအရ စီမံကိန်းနဲ့ ပတ်သက်ပြီး ရေအားလျှပ်စစ် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး ဟာ အဂတိ အလို့ငှာ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးတာ လက်ခံခဲ့သလို ယူရို ၂ သိန်းကျော် ဒဏ်ရိုက်ဖို့လည်း ပျက်ကွက်ခဲ့တာအပြင် ဒီဇိုင်းနဲ့ ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် ဟာ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေကို ကုမ္ပဏီ ဆီကနေ ငွေကျပ် သိန်း (၃၁၀)ကို တောင်းခံခဲ့တယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းရဲ့ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက် ရှိတဲ့အတွက် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေတယ်လို့ ကော်မရှင်က ပြောထားပါတယ်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

ဓာတ်ပုံ ပုံစာ, ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ရှိ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက စပြီး လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ရဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးခဲ့သလို ဝန်ကြီးဌာနက ဌာနကြီးမှူးတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

"အခု ဖမ်းဆီးလိုက်တဲ့အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စစ်ရင်း သတင်းက ထွက်သွားတာပါ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ကို ဘဏ်စာရင်း စစ်တာက ဒီတိုင်ကြားစာကြောင့် ဖြစ်ပါတယ်"လို့ ဦးကျော်စိုးက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေဟာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ရာထူးအာဏာကို အလွဲသုံးစား ပြုပြီး အဂတိလိုက်စားမှုများအပေါ် စိစစ် အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ် ။

အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးနေရတာ ဖြစ်တဲ့အတွက် ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ဦးကျော်စိုးက ဒီတိုင်တန်းချက်ကို ကိုင်တွယ် ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ကလာရောက်စဉ်

ဓာတ်ပုံ ရင်းမြစ်, Ministry of energy and electricity

ဓာတ်ပုံ ပုံစာ, ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ကလာရောက်စဉ်

ရေအားလျှပ်စစ် ညွန်ချုပ်နဲ့ ညွှန်မှူးကို တိုင်တန်းမှုတွေအရ စိစစ်အပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၁၀နှစ် အထိနဲ့ ငွေဒဏ်တွေပါ ချမှတ်နိုင်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ကော်မရှင်ကို တိုင်ကြားချက်တွေ ရောက်ရှိတဲ့အခါ ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ကော်မရှင် အနေနဲ့ အမှုတစ်ခုကို စစ်ဆေးရင် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ခိုင်လုံမှ တရားစွဲဖို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ကို ၂၀၁၈ ခုနှစ်ထဲမှာ တိုင်ကြားစာ တစ်သောင်းကျော် ရခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ တိုင်ကြားစာတွေထဲက နိုင်ငံ့ဝန်ထမ်းတွေကို တိုင်တဲ့စာတွေက ၈၀၀၀ နီးပါး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တဲ့စာက တစ်ရာကျော် ကျော်ရှိတယ်လို့ ကော်မရှင်က ပြောထားပါတယ်။

ရဲရွာစီမံကိန်းဟာ ရှမ်းပြည်နယ် ကျောက်မဲကနေ ဆိုရင် တောင်ဘက် မိုင် ၂၀ အကွာ ဒုဋ္ဌဝတီမြစ်ပေါ်မှာ တည်ဆောက် အကောင်အထည် ဖော်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ စက်အင်အားက မဂ္ဂါဝပ် ၂၈၀ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဓာတ်အားပေးစက် လေးလုံးစလုံး မောင်းနှင်နိုင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။