ရဲရွာ စီမံကိန်းနဲ့ ပတ်သက်ပြီး လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို အဂတိ တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေး

၂၀၁၈ ခုနှစ်မှာ နိုင်ငံ့ဝန်ထမ်းတွေကို တိုင်တဲ့စာတွေက ၈,၀၀၀ နီးပါး ရှိတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်မှာ နိုင်ငံ့ဝန်ထမ်းတွေကို တိုင်တဲ့စာတွေက ၈,၀၀၀ နီးပါး ရှိတယ်လို့ဆို
ရေးသားခဲ့သည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းရဲ့ လုပ်ငန်းခွင် နဲ့ပတ်သက်တဲ့ တိုင်တန်းချက်ရှိတဲ့အတွက် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ကော်မရှင်က နေပြည်တော်မှာ စက်တင်ဘာလ ၂၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်ရဲ့ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောကြားတာ ဖြစ်ပါတယ်။

"အများထင်ထားသလို မီတာဘောက်စ်ကိစ္စကိုလည်း စစ်ဆေးနေတာ မဟုတ်ပါဘူး။ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနရဲ့ အမှတ် ၃ ရေအားလျှပ်စစ် စီမံကိန်း ရဲရွာရဲ့လုပ်ငန်းခွင် တိုင်တန်းချက် တစ်ခုရှိနေပါတယ်။ ဒီတိုင်တန်းချက်နဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေခြင်းပဲ ဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီ တိုင်တန်းချက်အတွက် စုံစမ်းစစ်ဆေးနေဆဲပဲ ဖြစ်တယ်လို့ ဦးသန့်ဇော်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေရတာ ဖြစ်တဲ့အတွက် ကြန့်ကြာနေရတာ ဖြစ်တယ်လို့လည်း သူက ဒီတိုင်တန်းချက်ကို ကိုင်တွယ် ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြောပါတယ်။

စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar

ဓာတ်ပုံ ပုံစာ, ကော်မရှင် အနေနဲ့ အမှုတစ်ခုကို စစ်ဆေးရင် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ခိုင်လုံမှ တရားစွဲဖို့ ဆုံးဖြတ်တယ်လို့ ဆို

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက စပြီး လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ရဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးခဲ့သလို ဝန်ကြီးဌာနက ဌာနကြီးမှူးတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

ဒီတိုင်တန်းမှု အကြောင်း အပြင် လူအများ စိတ်ဝင်စားတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား အမှုနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်က စောင့်ကြည့်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"ဗစ်တိုးရီးယားက အားလုံးသိထားပြီးသားပဲ။ ဒါနဲ့ ပတ်သက်လို့လည်း တရားရုံးမှာ တရားစွဲဆို တင်ပို့ထားပြီးသား ဖြစ်တဲ့အတွက် တရားရုံးရဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်မယ့် ကိစ္စဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သီးခြား ပြောကြားလိုခြင်း မရှိပါဘူး။ ရုံးချိန်းတိုင်းလည်း သွားပြီးတော့ စောင့်ပြီးတော့ နားထောင်ကြတယ်။ ကျွန်တော်တို့ဘက် စောင့်ကြည့်ခဲ့တဲ့ဟာမျိုးနဲ့ ကြည့်နေပါတယ်" လို့ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောပါတယ်။

ဒါ့အပြင် အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်က စစ်ဆေးပြီးတဲ့ အမှုတွေနဲ့ စစ်ဆေးနေဆဲ အမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

ကော်မရှင်ကို တိုင်ကြားချက်တွေကို ရောက်ရှိတဲ့ အခါ ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ကော်မရှင် အနေနဲ့ အမှုတစ်ခုကို စစ်ဆေးရင် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ခိုင်လုံမှ တရားစွဲဖို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ကို ၂၀၁၈ ခုနှစ်ထဲမှာ တိုင်ကြားစာ ၁၀,၀၀၀ ကျော် ရခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုင်ကြားစာတွေထဲက နိုင်ငံ့ဝန်ထမ်းတွေကို တိုင်တဲ့စာတွေက ၈,၀၀၀ နီးပါး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တဲ့စာက ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အခု NLD အစိုးရဟာ အဂတိ လိုက်စားမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဖြေရှင်းမယ်လို့ ပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်က သမ္မတ ဦးဝင်းမြင့်နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ တွေ့ဆုံခဲ့စဉ်မှာ မျက်နှာ ကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့် မရွေး ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုတယ်လို့လည်း မှာကြားထားခဲ့ပါတယ်။

NLD အစိုးရ လက်ထက်မှာ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကနေ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်း ဥပဒေချုပ်နဲ့ ဝန်ကြီးအဆင့်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။