တရုတ်ဘက်က ရွှေတွေ မြန်မာပြည်ထဲကို ဘာလို့ဝင်လာတာလဲ

မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ
ရေးသားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် တိုက်ပွဲတွေ ရပ်သွားအပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်လာချိန်မှာ တော့ မူဆယ်နယ်စပ်က ကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

နယ်စပ်က ရွှေတွေ မြန်မာပြည်ထဲ ဝင်လာတာဟာ အကြောင်းရင်း နှစ်ခုရှိပြီး ပြည်တွင်းက ရွှေထုတ်တဲ့ လုပ်ငန်းတွေ ရပ်ထားတာကြောင့် ပြည်တွင်းမှာ ရွှေအထွက်နည်းနေတာရယ်၊ အိန္ဒိယဘက်မှာစျေးနှုန်း ကွာခြားချက်ကြောင့် မြန်မာပြည်ကို ဖြတ်ပြီး တရုတ်ကရွှေကို တင်ပို့နေတာရယ်ကြောင့် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ရန်ကုန်ဈေးကွက်ရဲ့ လိုအပ်ချက်ကတော့ တစ်ရက်ကို ပိဿာ ၅၀ လောက်ရှိပြီးတော့ မူဆယ်ဘက်ကရွှေတွေကို အတုံးလိုက် ဝယ်ကြပါတယ်။ ပြည်တွင်းက လက်ဝတ်လက်စား လုပ်တဲ့ရွှေဆိုင်တွေကလည်း တရုတ်ရွှေ ဝယ်ကြပါတယ်။

အိန္ဒိယဘက် ကိုတော့ မူဆယ်-မန္တလေး-ကလေး-တမူး-ရိဒ် လမ်းကြောင်းကနေ တင်ပို့နေကြတယ် လို့လည်း ဦးမျိုးမြင့်ကပြောပါတယ်။

တစ်ပိုင်တစ်နိုင်ရွှေရှာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တစ်ပိုင်တစ်နိုင် ရွှေတူးတာကလွဲပြီး အကြီးစား ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အတော်များများ ရပ်ထား

ဘယ်တုန်းကစပြီးဝင်နေတာလဲ

တရုတ်ဘက်က ရွှေတွေဟာ အခုလို ပြည်တွင်းဈေးနှုန်းနဲ့ကွာခြားမှုရှိတဲ့ အခါ ဝင်လာလေ့ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက အကြီးစား ရွှေထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရပ်ထားတာကလည်း တရုတ်ရွှေ ဝင်လာရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တစ်ပိုင်တစ်နိုင် ရွှေတူးတာကလွဲပြီး အကြီးစား ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ အခု အတော်များများ ရပ်ထားကြပါတယ်။

ပြည်တွင်းရွှေလုပ်ကွက်တွေဟာ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI နဲ့ပတ်သက်ပြီး စစ်ဆေးတာတို့၊ အစီရင်ခံစာတင်ရတာတို့၊ ပတ်ဝန်းကျင် ကန့်ကွက်မှု မရှိတာတို့ အဲဒါတွေအတွက် လုပ်နေရလို့ ထုတ်လုပ်မှုသက်တမ်းတိုးဖို့ ကြန့်ကြာနေတယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် တရားမဝင် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေအများပြားကို အစိုးရ က ထိထိရောက်ရောက် အရေးယူခဲ့မှုတွေနဲ့လည်း ဆက်စပ်နေပါတယ် ။

အိန္ဒိယ ဈေးနဲ့ မြန်မာစျေးက တစ်ကျပ်သားကို တစ်သိန်းခွဲလောက် ကွာတယ် လို့လည်း ဦးမျိုးမြင့်ကပြောပါတယ်။

အဲဒါကြောင့်ပြည်တွင်းရွှေတွေလည်းအဲဒီဘက်ကို ထွက်နေတယ်လို့ လည်းသူကပြောပါတယ်။

ပြည်တွင်းရွှေ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းထွက် ရွေတွေကလည်းမန္တလေး ကလေး တမူး လမ်းကြောင်းကနေ ထွက်နေတယ်။

ပြည်တွင်းမှာ ရွှေထုတ်လုပ်မှု ကျဆင်းလာသလား

ပြည်တွင်းရွှေတူးဖော်ရေးလုပ်ငန်း တချို့ဟာ အစိုးရကို ရွှေကြွေးကျန်တွေ မပေးသွင်းနိုင်တဲ့ ပြဿနာတွေကလည်း ရှိနေပါတယ်။အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက် လုပ်ကိုင်တဲ့ မိုးထိမိုးမိ ရွေလုပ်ကွက်ဆိုရင် ပဋိညာဉ် သဘောတူညီချက်ပါ သတ်မှတ်ချက်နဲ့ အညီ အစိုးရကို ရွှေပေးသွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ အဖြစ် အစိုးရက သတ်မှတ်ပြီး တရားစွဲ ထားပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက်ဟာ အစိုးရကို ပေးသွင်းရမယ့် ရွှေကြွေးကျန်တွေ မပေးသွင်းတာကြောင့် ပြီးခဲ့တဲ့၂၀၁၈ နိုဝင်ဘာလ အတွင်းက ရွှေတူးဖော်ခွင့်ကို အစိုးရက ရပ်ဆိုင်းခဲ့ပါတယ်။

အခြား ရွှေတူးဖော်ရေး ကုမ္ပဏီတွေကိုလည်း အစိုးရက ဥပဒေကြောင်းအရ တရားစွဲဆို ဖို့ ရှိနေတာကြောင့်လည်း ရွှေထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရတာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အဲဒီရွှေမိုင်းတွင်းဟာမြန်မာနိုင်ငံမှာ အကြီးဆုံးနဲ့ နိုင်ငံတကာနည်းပညာတွေနဲ့ ထုတ်လုပ်နေတဲ့ မိုင်းတွင်း ဖြစ်ပါတယ်။

ရန်ကုန်တစ်မြို့တည်းမှာကို နေ့စဉ်လုပ်ငန်းလိုအပ်ချက်က ပိဿာ ၅၀ ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်တစ်မြို့တည်းမှာကို နေ့စဉ်လုပ်ငန်းလိုအပ်ချက်က ပိဿာ ၅၀ ရှိ

တရုတ်ရွှေနဲ့ မြန်မာရွှေ ဘာကွာလဲ

တရုတ်ရွှေက ကိုးလေးလုံး အဆင့်ဖြစ်ပြီး ပြည်တွင်းရွှေကတော့ ကိုးသုံးလုံး အဆင့်ဖြစ်ပါတယ်။ မြန်မာပြည်တွင်း က ပြန်လည်သန့်စင်တဲ့လုပ်ငန်းမှာ လိုအပ်ချက်ရှိလို့ အရည်အသွေး နည်းနည်းကွာတယ် ဆိုပေမယ့် တရုတ်ရွှေနဲ့ မြန်မာရွှေ သိသိသာသာ မကွာဘူးလို့လည်း ဦးမျိုးမြင့်ကပြောပါတယ် ။

ရန်ကုန်တစ်မြို့တည်းမှာကိုပဲ ရွှေဆိုင်ပေါင်းတစ်သောင်းကျော်ရှိပြီးတော့ နေ့စဉ်လုပ်ငန်းလိုအပ်ချက်က ပိဿာ ၅၀ ရှိတယ်လို့လည်း ဦးမျိုးမြင့်ကပြောပါတယ်။

ရွှေတင်သွင်း တင်ပို့တာနဲ့ ပတ်သက်ပြီး အခု အစိုးရက ဗဟိုဘဏ်ကိုလ့ွှဲထားတယ် ပြောပေမယ့်လုပ်ထုံးလုပ်နည်းတွေ သေချာမရှိသေးဘူးလို့လည်း ရွှေလုပ်ငန်းရှင်အသင်းက ပြောပါတယ် ။

ပြည်တွင်းက ရွှေတွေ အလုံ အလောက် မထွက်လာသေးရင်တော့ ဈေးကွက်လိုအပ်ချက်အရ တရုတ်ရွှေကိုပဲ မြန်မာ က တင်သွင်းနေရဖို့ရှိတယ်လို့လည်း ဦးမျိုးမြင့်ကပြောပါတယ်။

လေပတ်ကားအရောင်းအဝယ် ရန်ကုန်တိုင်း အသင်းက တားမြစ်ထား

ဓာတ်ပုံ ရင်းမြစ်, ygea

ဓာတ်ပုံ ပုံစာ, လေပတ်ကားအရောင်းအဝယ် ရန်ကုန်တိုင်းအသင်းက တားမြစ်ထား

တရုတ်ရွှေဝင်လာတာကို ဘာလုပ်ဖို့လိုမလဲ

မြန်မာနိုင်ငံ ရွှေအရောင်းဝယ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ကျပ်သားကို ကျပ် ၁၃ သိန်း ကျော်အထိ စံချိန်တင် စျေးတက်ခဲ့ပါတယ် ။

အဲဒီရက်ပိုင်းက ဘဏ်ကောလာဟာလတွေကြောင့်ဈေးတက်ခဲ့တာ ဖြစ်သလို ဝယ်လိုအား များတာကြောင့်လည်း ပါပါတယ် ။

စက်တင်ဘာ၁၈ ရက်နေ့မှာတော့ ၁၂သိန်း ၃ သောင်းပဲ ရှိပါတော့တယ်။

မူဆယ်လမ်းပြန်ကောင်းတော့ တရုတ်ဘက် ကရွှေတွေဝင်လာသလို ဘဏ်ကောလာဟာလက လည်းအစိုးရက ပြန်ရှင်းတာကြောင့် ရွှေဈေးတည်ငြိမ်ပြီး ပြန်ဈေးကျလာပါတယ်။

ပြည်တွင်း ရွှေဈေးက ဒေါ်လာဈေးရယ်၊ ကမ္ဘာရွှေဈေးရယ် ဆက်စပ်တာကြောင့် အခု ဒေါ်လာဈေးရယ်၊ ကမ္ဘာ့ရွှေဈေး ပြန်ဆင်းတာကြောင့် စျေးပြန်ကျတာပါလို့လည်း ဦးမျိုးမြင့်ကပြောပါတယ်။

မြန်မာတွေဟာရွှေကို ဝယ်စုတဲ့ အလေ့အထရှိလို့ ရွှေစျေး တည်ငြိမ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါအပြင့် ထုတ်လုပ်တင်ပို့နိုင်တဲ့ အခြေအနေတွေလည်း ရှိတာကြောင့် လုပ်ထုံးလုပ်နည်းတွေ စနစ်တကျရှိဖို့ လိုတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဦးမျိုးမြင့်ကတော့ ရွှေတင်သွင်းတာပဲဖြစ်ဖြစ် တင်ပို့တာပဲဖြစ်ဖြစ် အစိုးရရဲ့ တရားဝင် လုပ်ထုံးလုပ်နည်းတွေ အတိုင်း တရားဝင် ဖြစ်စေချင်တယ်လို့လည်း ပြောပါတယ်။