ရခိုင်မှာတိုက်ပွဲတွေဆက်နေပြီး ဘူးသီးတောင်အတွင်းက ကျေးရွာတစ်ရွာမီးလောင် အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
လိပ်ကျွန်းအမှုက ဝင်းနဲ့ဇော်ထံ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့သွားတွေ့နေ
လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံထားရတဲ့ ဝင်းနဲ့ဇော်တို့အတွက် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရဖို့၊ အသနားခံ စာကိစ္စနဲ့ အခြားလိုအပ်တာတွေဆောင်ရွက်ပေးဖို့အတွက်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဘန်ခဝမ်ဗဟိုအကျဉ်းထောင်ကို သွားနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ရှေ့နေ ဦးအောင်မျိုးသန့်တို့ သွားရောက်တေ့ွဆုံနေကြပါတယ်။
သံအမတ်ကြီးအနေနဲ့ နိုင်ငံတော်အစိုးရကိုယ်စား မိမိနိုင်ငံသားဒီလိုဖြစ်တဲ့အချိန်မှာ ၁ အချက် အသနားခံစာ တင်ရမယ့်ပုံစံ၊ ၂ အချက် ကလေးတွေသဘောထား ဘယ်လိုဖြစ်ချင်လဲ၊တတ်နိုင်သမျှ ကူညီပံ့ပိုးနိုင်မယ့် ပစ္စည်း ပစ္စယတွေ ပေးဖို့ ၃ အချက် သူတို့မိဘတွေနဲ့တွေ့ရအောင် သံအမတ်ကြီးက စီစဉ်ဆောင် ရွက်ပေး မယ်လို့ ပြောပါတယ်။ အဲ့အတွက်ကိုလည်း ကလေးတွေသဘောထား နဲ့ထောင်ကခွင့်ပြုနိုင်မယ့် အချိန်မျိုး ကို စီစဉ်ပေးဖို့ သွားတွေ့မယ်'' လို့ ဒီလိုထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးကတာဝန်ရှိသူတွေ ဘန်ခဝမ်ဗဟို အကျဉ်းထောင်ကိုသွားရတဲ့ကိစ္စ နဲ့ပတ်သက်ပြီးရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကိုပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Myint Swe
တနင်္သာရီမှာ ရေပြန်ကြီးနေ
၂၀၁၉ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ တနင်္သာရီ မြစ်ရေ ကြီးမှု အခြေအနေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၇ ပေအထက်ကို ၄ပေကျော်မြင့်တက်နေပြီး မြို့တွင်းမှာရေတွေလည်းပြန်တက်လာနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
တနင်္သာရီမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ အတွင်းကလည်း မြစ်ရေအခြေအနေဟာ အန္တရာယ်ရေအမှတ် ၂၄ ပေ ကို ကျော်လွန်ပြီး ၂၆ ပေကျော်အထိ မြင့်တက်ခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက်အများစုမှာ နေအိမ်တွေ ရေမြုပ်ကုန် လို့ ကယ်ဆယ်ရေးစခန်းတွေမှာသွားရောက်နေထိုင်ခဲ့ကြရပါသေးတယ်။
တနင်္သာရီမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက ရေကြီးမြင့်တက်ခဲ့တဲ့အပြင် မိုးကြီးမြေပြိုမှုကြောင့် မလွှဲ တောင်ကားလမ်းမြေပြိုပျက်စီးသွားခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကုန်ပြီး အခြေခံစားကုန်အချို့လည်း ဈေးတက်လာတဲ့အခြေအနေကိုကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ရခိုင်မှာတိုက်ပွဲတွေဆက်နေပြီး ဘူးသီးတောင်အတွင်းက ကျေးရွာတစ်ရွာမီးလောင်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပြီး စက်တင်ဘာ ၄ရက်နေ့က တိုက်ပွဲကြားထဲမှာ ဥယျာဉ်သာ ကျေးရွာမီးလောင်သွားပြီး တခြားရွာတွေက လူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဥယျာဉ်သာကျေးရွာဟာ အိမ်ခြေ ၅၀ကျော်ရှိပြီး အဲဒီရွာဟာ ညနေပိုင်းမှာ အိမ်တွေ မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို မီးလောင်တာဟာ ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းက ရှို့တာလို့ ဒေသခံ ပြည်သူတွေက ပြောပေမယ့် အနောက်ဘက်တိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျလို့ မီးလောင်တာလို့ ပြောပါတယ်။
အဲဒီ ပတ်ဝန်းကျင်ကို ဘယ်သူမှ မသွားရဲတာကြောင့် အိမ်တွေ မီးလောင်ပြီး ဘာတွေ ဖြစ်နေတယ် ဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘဲ ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်း တိုက်ပွဲတွေ တစ်ပတ်နီးနီး ရက်ဆက် ဖြစ်ပွားနေရာမှာ မနေ့ကတော့ ဥယျာဉ်သာကျေးရွာကို တပ်မတော်ကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့အနောက်ဘက်တိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဒါ့အပြင် ဥယျာဉ်သာရွာကို သိမ်းပိုက်နိုင်ရေး အတွက် နှစ်ရက်လုံးလုံးတိုက်ယူခဲ့ရတယ်လို့လည်းဆိုပါတယ်။
ခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အပြင် လက်နက်ကြီးကျည်တွေကလည်း ဘယ်ကနေ ပစ်မှန်းမသိတဲ့ အတွက် သရက်ပြင်ကျေးရွာသား ၇၀ လောက်ဟာ ဘူးသီးတောင်မြို့ပေါ်က လမ်းမဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ထွက်ပြေးလာသူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်အသိန်းချေကပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဆင်သေ မူဆလင်ကျေးရွာ တစ်ရွာလုံးက လူပေါင်း ၁၀၀၀ ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ရွာခေါင်းဆောင်တစ်ဦးဖြစ်သူ အီလိယက်က ပြောပါတယ်။
အခုလို တိုက်ပွဲတွေ လနဲ့ချီ ဖြစ်ပွားနေတာကြောင့် အဲဒီ ဒေသဟာ စစ်တလင်း ဖြစ်နေပြီး ရွာသား ၂၀၀၀ ကျော်ခန့်ဟာ ရွာတွေကို စွန့်ခွာသွားကြတဲ့ အတွက် ရွာပျက်တွေ ဖြစ်သွားတဲ့ ရွာပေါင်းကတော့ တစ်ဆယ် ကျော်လောက်ရှိနေပြီလို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီးယူက နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဗြိတိန်အောက်လွှတ်တော်မှာ ဥပဒေမူကြမ်းတစ်ခုအတည်ပြု
ဗြိတိန်အောက်လွှတ်တော်မှာတော့ လာမယ့်လမှာ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နုတ်ထွက်တဲ့အခါ သဘောတူညီချက်မရဘဲ နုတ်ထွက်တာမျိုး မဖြစ်အောင် တားမြစ်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြု လိုက်ပါတယ်။
ဒါအပြင် အောက်တိုဘာလ ၁၅ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့အဆိုဟာ လည်း လွှတ်တော်အမတ် ၃ ပုံ၊ ၂ ပုံရဲ့ထောက်ခံချက်မရလို့ ရှုံးနိမ့်သွား ပါတယ်။
တစ်ဘက်မှာလည်း ဗြိတိန် နုတ်ထွက်မယ့်အရေး အီးယူဘက်က ညှိနှိုင်းရေးမှူးဖြစ်တဲ့ မစ်ရှဲ ဘာနီယေးက ဗြိတိန်နုတ်ထွက်ရေးဆွေးနွေးပွဲတွေဟာ အရုပ်ကြိုးပြတ်အခြေအနေ ဖြစ်နေပြီလို့ ဥရောပ သံတမန်တွေကို ပြောထားတယ်ဆိုပြီး သတင်းတွေမှာဖော်ပြနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဟောင်ကောင်မှာ ၃ လကျော်အကြီးအကျယ်ဆန္ဒပြခံရတဲ့ ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်း
ဟောင်ကောင်မှာတော့ ၃ လကြာ အကြီးအကျယ် ဆန္ဒပြတာတွေခံခဲ့ရတဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဒေသခေါင်းဆောင် ကယ်ရီလမ်းက တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။
တရားခံတွေကို တရုတ်ပြည်မကြီးဆီလွှဲပြောင်းနိုင်မယ့် ဒီဥပဒေမူကြမ်းကြောင့် ဟောင်ကောင်ရဲ့တရားရေး လွတ်လပ်မှု ယိမ်းယိုင်မှာကို စိုးရိမ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။








