ရန်ကုန်၊ ပဲခူးအပါအဝင် တောင်ပိုင်းကနေရာတချို့မှာ မိုးကြီးမယ်

သြဂုတ်လအတွင်း မွန်ပြည်နယ်က ရေကြီးမှုမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant / MPA

ဓာတ်ပုံ ပုံစာ, သြဂုတ်လအတွင်း မွန်ပြည်နယ်က ရေကြီးမှုမြင်ကွင်း
ရေးသားခဲ့သည်။

မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းက နေရာတချို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးပိုများမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးလေဝသခန့်မှန်းချက်အရ မိုးများမယ့်နေရာတွေမှာ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေလည်းပါဝင်ပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းက မဒေါက်၊ ရွှေကျင်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီလို့ မိုးလေဝနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်လာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက မြေနိမ့်ပိုင်းနေရာတွေမှာနေထိုင်သူတွေကို ဘေးလွတ်ရာ ယာယီတိမ်းရှောင်ဖို့ အာဏာပိုင်က သတိပေးထားပါတယ်။

"ပြီးခဲ့တဲ့နှစ်ရက်က ရေတော်တော်ကြီးတယ်။ ပေါက်ခေါင်းဘက်မှာ ပိုဆိုးတယ်။ တချို့က ရွှေ့ပြောင်းထားတယ်။ ဒါ့ပေမဲ့ တချို့ကတော့ အတွေ့အကြုံလည်း သိပ်မရှိတော့လေ၊ ရေအများကြီးတက်လာမှ ရွှေ့မယ့်သဘောမျိုးရှိတယ်" လို့ ပဲခူးတိုင်းဒေသကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် က ဘီဘီစီကိုပြောပါတယ်။

ပေါက်ခေါင်းဘက်မှာတော့ စိုက်ခိုင်းတစ်ချို့ကရေမြုပ်နေတာတွေရှိပြီး ကယ်ဆယ် ရေးစခန်းတချို့လည်းဖွင့်ထားတယ်လို့ ပဲခူးတိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုက ပြောပါတယ်။

ရွှေကျင်မြို့မှာရေပြန်ကျတယ်ဆိုပေမဲ့ ပေါင်လောက်ထိ ရေတွေရှိနေသေးလို့ ဒေသခံတွေက လှေတွေကိုအသုံးပြုပြီး သွားလာနေရတယ်လို့ ရွေကျင်မြို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း က ပြောပါတယ်။

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျနိုင်ပြီး လှိုင်းကြီးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျတဲ့အခါမှာလည်း ရေပြင်၊ မြေပြင်မှာ လေတိုက်နှုန်းဟာ တစ်နာရီကို မိုင်၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။