ပြည်တွင်း ဘဏ်တွေကိစ္စ ဗဟိုဘဏ်အာမခံမယ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံတွင်းက ဘဏ်တွေနဲ့ပက်သက်ပြီး စိုးရိမ်မှု မရှိကြဖို့ မြန်မာအစိုးရ ရဲ့ နိုင်ငံတော်ဗဟိုဘဏ် က စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဌ ပြည်သူ့လွှတ်တော် မှာ သြဂုတ်လ ၂၇ ရက်နေ့ က ဖြေကြားသွားတာဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ ပြည့်ဝစွာ ကိုက်ညီမှုမရှိဘူးလို့လည်းထုတ်ပြန်ချက်မှာပါပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိမ်းဟာ ပြည်သူ့လွှတ်တော် မှာ သြဂုတ်လ ၂၇ ရက်နေ့ က လုပ်ငန်းရှင်များအတွက် ဘဏ်တွေ ဟာ လိုအပ်တာ ထက်တောင် ပိုပြီးလိုက်လျောမှုအများကြီးလုပ်ခဲ့ပြီးပြီ ဖြစ်ပြီးအတိုးလည်းမရအရင်းလည်း မရဖြစ်နေတဲ့ ချေးငွေတွေကို ထိထိရောက် ရောက် ကိုင်တွယ်ကြဖို့ လည်းပြောသွားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်တွေကို ချေးထားတဲ့ ချေးငွေတွေကို ဘဏ်တွေက ပြန်လည်တောင်းမယ်ဆိုရင် အစိုးရနဲ့ ဗဟိုဘဏ်က ကြားဝင်ညှိနှိုင်းပေးတာမျိုး လုပ်သင့်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကဘီဘီစီကိုပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyithuhlutaw
နိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ဘဏ်လုပ်ငန်းရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား ဆက်လက်ညှိနှိုင်းသွားမယ် လို့လည်း စက်တင်ဘာ၂ ရက်ညပိုင်းမြန်မာ့ရုပ်သံ သတင်းမှာ ပါရှိပါတယ်။
ဗဟိုဘဏ်ရဲ့သဘောအတိုင်း ဘဏ်တွေရဲ့လိုအပ်ချက်ရှိပါက နောက်ကနေအပြည့်အဝကူညီထောက်ပံ့သွားမယ်လို့လည်း ဖော်ပြပါတယ် ။
အခုနိုင်ငံတော်ဗဟိုဘဏ် ရဲ့ထုတ်ပြန်ချက် ကတော့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိမ်း ပြောတာတွေ ကို မစိုးရိမ်ကြဖို့ပြောတာဖြစ်ပါတယ် ။
ဒီထုတ်ပြန်ချက်ဟာဒီနေ့ည ပိုင်း မြန်မာအသံက ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့ နားထောင်ခဲ့သူတွေကတော့ လွှတ်တော်မှာ လာဖြေတဲ့သူရဲ့ဖြေကြားချက်က အဲ့ဒီပုဂ္ဂိုလ်ကိုပဲ ကိုယ်စားပြုပြီး ဆိုင်ရာအဖွဲ့အစည်းကို ကိုယ်စားမပြုဘူးလား ဆိုတဲ့ အချက်ကို နားမလည်ဖြစ်နေကြပါတယ်။
ဒီနှစ်စက်တင်ဘာလကုန်ပိုင်းမှာ လုပ်ငန်းရှင်တွေဆီက ချေးငွေပြန်တောင်းဖို့ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အကြောင်းကြားထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား စကားသံတွေ ထွက်ပေါ်နေပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက ပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံပိုင်ဘဏ်တွေနဲ့ နိုင်ငံခြား ဘဏ်ခွဲတွေဆီကနေ ကျပ် ဘီလီယံ နှစ်သောင်း ကျော် ချေးယူထားတယ်လို့ ဗဟို ဘဏ်ရဲ့ အစီရင်ခံစာတွေက နေသိရပါတယ်။
အခုရက်ပိုင်းမှာ ဟာ မြန်မာနဲ့အဓိက ကုန်သွယ်နေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေသလို အစိုးဖြေရှင်းနေတဲ့ ဘဏ်ချေးငွေတွေ အပေါ် တွေမှာလည်းလူတွေကစောင့်ကြည့်နေကြပါတယ်။ ဘဏ်ကိစ္စ ကြောင့် ရန်ကုန်မှာဒီရက်ပိုင်းရွှေဈေးဒေါ်လာဈေးတွေ နည်းနည်းတက်လာနေတယ် လို့လည်း ဈေးကွက် အတွင်းကပြောပါတယ်။စက်တင်ဘာလ ၂ရက်ဒေါ်လာဈေးကတော့ ၁၅၂၀ ကျော်ဖြစ်ပြီးတော့ ရွှေဈေးကတော့ တစ်ကျပ်သားကို ၁၂ သိန်း ၆သောင်းလောက်ဈေးပေါက်ပါတယ်။
လက်ရှိရွှေဈေးဒေါ်လာဈေးဈေးနူန်းပြောင်းလဲလာမှုတွေ ဘဏ်တွေကိစ္စကြောင့် လို့ တိုက်ရိုက်ပြောလို့ မရကြောင်း ရန်ကုန်မြို့ ကစီးပွားရေးလုပ်ငန်းရှင်ဒေါက်တာစိုးထွန်း ကဘီဘီစီကိုပြောပါတယ်။








