၂ရက်သမီးလေးကို ငွေ၁၀သိန်းနဲ့ တရုတ်ကို ရောင်းစားတဲ့ အမေ

ဓာတ်ပုံ ရင်းမြစ်, လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့
အင်းစိန်ဆေးရုံမှာ မွေးဖွားခဲ့တဲ့ ၂ ရက်သားအရွယ် သမီးငယ်ကို ငွေကျပ် ၁၀ သိန်းနဲ့ ရောင်းစားခဲ့တဲ့ အမေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ရဲမှူးခင်မောင်ကြွယ်က ဘီဘီစီကိုပြောပါတယ် ။
၂ ရက်သားအရွယ် သမီးလေးကို ရောင်းစားခဲ့ တဲ့ မိခင်ဖြစ်သူကတော့ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ ရပ်ကွက်မှာ နေထိုင်သူ အသက်၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ် ။
သြဂုတ် ၇ ရက်နေ့က အင်းစိန်ဆေးရုံမှာ ကလေးမွေးဖွားခဲ့ပြီးတဲ့ နောက် သြဂုတ် ၉ ရက်နေ့မှာ ဒေါ်ရွှေရွှေသင်း ဆိုတဲ့ အမျိုးသမီးဆီကို ကလေးကိုငွေ ကျပ် ၁၀ သိန်းနဲ့ ရောင်းစားခဲ့တာဖြစ်ပါတယ်။
ရပ်ကွက်နေသူတွေ နဲ့ အနီးအနားပတ်ဝန်းကျင်က သတင်းတွေအရ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ က စုံစမ်းပြီး သြဂုတ်လ ၁၇ ရက်နေ့ က အမှုဖွင့်ခဲ့တာလို့လည်း မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ရဲမှူးခင်မောင်ကြွယ်ကပြောပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့
ဘယ်လိုရောင်းတာလဲ
ရဲမှူးခင်မောင်ကြွယ် ပြောပြချက်တွေ အရဆိုရင် တော့ လူကုန်ကူးမှုတွေ မှာဖြစ်လေ့ရှိတဲ့ ထုံးစံအတိုင်းငွေချေး တဲ့ ဇာတ်လမ်းက စတာဖြစ်ပါတယ် ။
"ကလေးရဲ့မအေဖြစ်သူ က ကိုယ်ဝန်ခြောက်လကတည်းက အဲဒီဝယ်တဲ့ ဒေါ်ရွှေရွှေသင်းဆီကနေ ငွေ နှစ်သိန်း ချေးသုံးဖူးတယ်။ မိန်းကလေး မွေးခဲ့ရင် သူ့ကိုပေးလို့လည်း ဟိုက ပြောထားတယ်။ ဒေါ်ရွှေရွှေသင်းက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို သွားလိုက်ပြန်လိုက် လုပ်နေသူ၊ဆေးရုံမှာ မိန်းကလေးလဲ မွေးလာရော ဒေါ်ရွှေရွှေသင်းက နောက်ထပ် ငွေ နှစ်သိန်း ထပ်ထုတ်ပေးခဲ့တယ်။ ကျန်တဲ့ ငွေခြောက်သိန်းကို တရုတ်နိုင်ငံ ကနေ လွှဲပေးလိုက်မယ်လို့ ပြောသွားတယ်" လို့ ရဲမှူး ခင်မောင်ကြွယ်က ရှင်းပြပါတယ်။
ကျန်တဲ့ ၆သိန်းရ၊မရ မသိရ သလို ရောင်းစားခံရတဲ့ ကလေးငယ် ကိုလည်း ပြန်မတွေ့သေးပါဘူး။
ဒါပေမယ့် ကလေးဝယ်တဲ့ အမျိုးသမီးဟာ တရုတ်နိုင်ငံဘက်ကို ရောက်သွားပြီလို့ သိရကြောင်း ရဲမှူးခင်မောင်ကြွယ်က ဘီဘီစီကို ပြောပါတယ်။
ကိုယ်မွေးတဲ့ကလေးကိုယ်ရောင်းစားလို့ရလား
မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေတွေ အရတော့ ကိုယ်မွေးထားတဲ့ သားသမီးပေမယ့် ငွေနဲ့ရောင်းစားရင် ခေါင်းပုံဖြတ်မှု မြောက်ပြီး လူကုန်ကူးမှုလည်းမြောက်ပါတယ် ။
"ဘယ်သူကပဲရောင်းရောင်း မိခင် အရင်းကပဲရောင်းရောင်း၊ အရေးယူလို့ရတယ်။ အရေးယူခဲ့တာတွေလည်းရှိတယ် " လို့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးက အငြိမ်းစားရဲမှူးကြီး ဦးခင်မောင်လှက ဘီဘီစီကို ပြောပါတယ် ။
၂၀၁၀ ခုနှစ်မတိုင်မီ ကတည်းက ရှမ်းပြည်နယ် ဘက်ကနေ ကိုယ့်သားသမီးအရင်းတွေ တရုတ်ဘက်ကို ရောင်းစားလို့ အရေးယူခဲ့တာတွေရှိတယ် လို့လည်း သူကပြောပါတယ်။
တရုတ်ဘက် ကတော့ မွေးစားချင်လို့ဝယ်တာလား၊ ခိုင်းစားချင်လို့လား၊ ကိုယ်တွင်းကလီစာတွေတချိန်မှာ ထုတ်ရောင်းဖို့လား၊အမျိုးမျိုးဖြစ်နိုင်တယ် လို့ လည်းလူကုန်ကူးမှုတိုက်ဖျက်ရေးက အငြိမ်းစားရဲမှူးကြီး ဦးခင်မောင်လှက ရှင်းပြပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့
မွေးကင်းစကလေးကိုဘာအတွက်ဝယ်ကြတာလဲ
ဒီလိုမွေးကင်းစကလေးကို တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းဝယ်တာဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဝယ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူး ခင်မောင်ကြွယ်က ပြောပါတယ်။
"ဘာရည်ရွယ်ချက်နဲ့ ကလေးကို ဝယ်သွားတာလဲ။ အရွယ်ရောက်တဲ့အထိ ကလေးကို မွေးမှာလား။ ဒါမှမဟုတ် အသုံးပြုလို့ရတဲ့ အရွယ်မှာပဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောင်းစားမှာလား ဆိုတာတော့ ဖမ်းမိတဲ့အချိန် စစ်ဆေးကြည့်မှ သိနိုင်မယ်" လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ကလေးကို ကျပ် ၁၀ သိန်းနဲ့ ရောင်းစားခဲ့ တဲ့ အမေနဲ့ အဖေဟာ လက်လုပ်လက်စားတွေဖြစ်ပြီး စီးပွားရေး အဆင်မပြေမှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ ဗဟုသုတ နည်းပါးမှုတို့ကြောင့် မိမိကလေးကို ငွေကြေးနဲ့ ရောင်းစားခဲ့တာလို့ စစ်ဆေး တွေ့ရှိရကြောင်း ရဲမှူး ခင်မောင်ကြွယ်က ဘီဘီစီကို ပြောပါတယ်။
"ဒီကလေးက မွေးကင်းစကလေးလေ။ အသက်ရှိတဲ့ ကလေးလေ။ ရောင်းစားလို့ မရဘူး။ ဥပဒေနဲ့အညီ မွေးစားတာဆိုတမျိုးပေါ့" လို့ လည်း ရဲမှူး ခင်မောင်ကြွယ်ကပြောပါတယ်။
ကလေးမွေးဖွားပြီးတဲ့နောက်မှာ အမေဖြစ်သူက သြဂုတ် ၁၂ ရက်နေ့ မှာ ဆေးရုံကနေ မွေးစာရင်းထုတ်ပြီး ဒေါ်ရွှေရွှေသင်း ထံ ကလေးကို ပေးအပ်ခဲ့ကြောင်းနဲ့ ဒေါ်ရွှေရွှေသင်း ထပ်ပေးတဲ့ ငွေကျပ်နှစ်သိန်းထဲကနေ မိဘတွေက တစ်သိန်းကို သုံးထားပြီးတော့ ကျန်ငွေတစ်သိန်းကို အကြွေးဆပ်လိုက်ပြီလို့ စစ်ဆေးတွေ့ရှိရလို့ ငွေကျပ်တစ်သိန်းကို ရဲတပ်ဖွဲ့က သက်သေခံ ပစ္စည်းအဖြစ် ပြန်လည် သိမ်းဆည်းခဲ့ပါတယ်။
မွေးကင်းစ ကလေးကို ငွေကြေးနဲ့ ရောင်းချခဲ့သူ အင်းစိန် ဈေးကုန်းအရှေ့ရပ်ကွက်က မိခင်နဲ့ ကလေးကို ငွေနဲ့ဝယ်ပြီး တရုတ်နိုင်ငံကို ခေါ်သွားသူ ဒေါ်ရွှေရွှေသင်း(စုံစမ်းဆဲ)တို့ နှစ်ဦးကို အင်းစိန်မြို့မ ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့် ထားတယ်လို့လည်း သိရပါတယ်။
ဒေါ်ရွှေရွှေသင်းကတော့ ကလေးနဲ့မူဆယ်/လားရှိုးဘက်ကိုရောက်သွားပြီလို့ သိရလို့ သူ့ကို ဖမ်းဆီးနိုင်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ပြစ်မှုထင်ရှားရင်တော့ ဒီပြစ်မှုဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တကျွန်းအထိ ပြစ်ဒဏ်ကျခံနိုင်ရဖို့ ရှိပါတယ်။
၂၀၁၀ ပြည့်နှစ် မတိုင်မီကတော့ အရွယ်ရောက်ပြီး ကလေးငယ် တချို့ကို တရုတ်နိုင်ငံဘက် ရောင်းစားတာ ရှိခဲ့ပြီးတော့ ကလေးငယ်တွေကို ပြန်ပြီး ကယ်နိုင်တာမျိုး မရှိကြောင်းနဲ့ တရုတ်နိုင်ငံထဲရောက်သွားရင်တော့ ပြန် ကယ်ဖို့ မလွယ်ကြောင်း လည်းလူကုန်ကူးမှုတိုက်ဖျက်ရေး က အငြိမ်းစားရဲမှူးကြီးဦးခင်မောင်လှ ကရှင်းပြပါတယ် ။








