ကြီးအုံကြီးဝနဲ့ မုန်းချောင်းရေလှောင်တမံအပါအဝင် တမံ ၂၂ ခု ရေကျော်နေပြီ အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ကြီးအုံကြီးဝနဲ့ မုန်းချောင်းရေလှောင်တမံအပါအဝင် တမံ ၂၂ ခု ရေကျော်နေပြီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းက ကြီးအုံကြီးဝနဲ့ မုန်းချောင်းရေလှောင်တမံအပါအဝင် ပြည်နယ်နဲ့ တိုင်း ၉ခုက ရေလှောင်တမံ ၂၂ခုက ရေပိုလွှဲကနေ ရေကျော်နေတယ်လို့ သြဂုတ်လ ၁၉ရက်ထုတ် နိုင်ငံပိုင်သတင်းစာက ထုတ်ပြန်ပါတယ်။

အဲဒီလိုရေကျော်တယ်လို့ ထုတ်ပြန်တဲ့စာရင်းထဲမှာ မကွေးတိုင်းက ကြီးအုံကြီးဝနဲ့ မုန်းချောင်းရေ လှောင်တမံနှစ်ခုကနေ ရေကျော်နေတဲ့ ပမာဏကအများဆုံးဖြစ်ပါတယ်။ ကြီးအုံကြီးဝက ရေပိုလွှဲကနေ ၅ပေကျော် ရေကျော်နေပြီး၊ မုန်းချောင်းကတော့ ၄ ပေကျော်အထိ ရေကျော်နေပါတယ်။

ကျန်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီး တို့က ရေလှောင်တမံတွေကတော့ သြဂုတ်လ ၁၈ရက်နေ့၊ မနက်ပိုင်းအထိ ၁ ပေအောက်ကနေ ၂ပေကျော် အထိ ရေကျော်နေတယ်လို့ စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ်လ ၁၉ရက်၊ နိုင်ငံပိုင်သတင်းစာမှာထုတ်ပြန်ပါတယ်။

စေတုတ္တရာမြို့ဟာ မုန်းချောင်းနဲ့ ကြီးအုံကြီးဝရေလှောင်တမံရဲ့ကြားမှာရှိနေပြီး၊ မုန်းချောင်းတမံကရေ ကျော်နေလို့ အဲဒီချောင်းနားက လယ်မြေတွေရေနစ်မြှပ်နေပါတယ်။ အဲဒီလိုကျော်ကျနေတဲ့ရေတွေက မုန်းချောင်းကနေ စီးဆင်းပြီး ကြီးအုံကြီးဝရေလှောင်တမံ ထဲကိုရောက်ပါတယ်။

ကြီးအုံကြီးဝက ရေကို မထိန်းပဲ ဆက်ထုတ်မှသာ စေတုတ္တရာမြို့တွင်း ရေကြီးရေလျှံမှုကို မဖြစ်မှာလို့ စေတုတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

"လယ်ဧက ၄၀၀ ကနေ ၅၀၀ ရဲ့ လေးပုံတပုံရေမြှပ်နေတယ်။ ဒီအချိန်ကတော့ ပုံမှန်ပဲလို့ဆိုပေမယ့် ကြီးအုံကြီးဝကရေထိန်းထားရင်၊ ချင်းမှာမိုးများရင် ရေပိုများလာနိုင်တယ်" လို့ သူက ဆိုပါတယ်။

ရေလှောင်တမံတွေရဲ့ ကြံ့ခိုင်မှုက လက်ရှိမှာ အစိမ်းရောင် ပထမအဆင့်အဖြစ် ဆည်မြောင်းက သတ်မှတ် ထားတယ်လို့လည်းသူကပြောပါတယ်။

အစိမ်းရောင်အဆင့်က ရေကျော်တဲ့ ပထမအဆင့်ဖြစ်ပြီး၊ အဝါရောင်က အရေကြီးတဲ့အဆင့်ဖြစ်ကာ၊ အနီရောင်က အရေးကြီးဆုံးအဆင့်ဖြစ်တယ်လို့ ဆည်မြောင်းကသတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဆွာချောင်းရေလှောင်တမံ ကျိုးလို့ ဆွာချောင်းစီးဆင်းရာမြို့တလျှောက်ရေကြီးရေလျှံ တာအပြင် ရန်ကုန်-နေပြည်တော်အမြန်လမ်းက ဆွာချောင်းတံတားလည်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ အိုက်စ်တွေ ရှမ်းပြည်နယ်မှာဖမ်းမိ

ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ (အမေရိကန်ဒေါ်လာ ၈သန်းကျော်) တဲ့ အိုက်စ် မူးယစ်ဆေးဝါး ၅၀၁ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သြဂုတ်လ ၁၈ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးမှာ သြဂုတ်လ ၁၆ရက်နေ့၊ နံနက် ၁၁နာရီမှာ လွိုင်လင်ကနေ တောင်ကြီးဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ကားကြမ်းခင်းအောက်၊ အံဝှက် အတွင်းမှာ အိုက်စ်မူးယစ်ဆေးတွေကို သယ်ဆောင်လာတာဖြစ်ပါတယ်။

အဲဒီလိုသယ်လာတဲ့ကားကို ရဲတပ်ဖွဲ့က ရပ်တံ့ရှာဖွေရာကနေ အခုလို အိုက်စ်မူးယစ်ဆေးတွေကို ရှာဖွေ တွေ့ရှိခဲ့တာလို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံပိုင်သတင်းစာမှာ ထုတ်ဖော်ရေးသားပါတယ်။

ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေအပြင် နောက်ဆက်တွဲ ပြစ်မှုကျူးလွန်သူများကိုလည်း စုံစမ်းပြီး ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေပြီး ဖမ်းဆီးရမိထားသူတွေကို အမှုဖွင့်ကာအရေးယူထား တယ်လို့ ပါရှိပါတယ်။

ဒါကာကကျူးကျော်ရပ်ကွက်မီးလောင်လို့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာက ကျူးကျော်ရပ်ကွက်မှာ မီးအကြီးအကျယ်လောင်လို့ အဲဒီမှာနေ ထိုင်ကြတဲ့ လူထောင်ပေါင်းများစွာ အိမ်ရာမဲ့တွေဖြစ်ခဲ့ပါတယ်။

သောကြာနေ့ ညပိုင်း၊ ချာလန်တီကာ ကျူးကျော်ရပ်ကွက်မီးလောင်ကျွမ်းမှုကြောင့် တဲအိမ်လေးတွေ အနည်းဆုံး ၁၂၀၀ လောက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အိမ်တွေရဲ့အမိုးအကာတွေက ပလက်စတစ်တွေကိုသုံးထားတာကြောင့်လည်း မီးကူးစက်မှု ပိုပြီးမြန်စေခဲ့ပါ တယ်။ ဒါပေမယ့် မီးကြောင့် သေဆုံးမှုရှိတာကိုတော့ အစီရင်မခံထားပါးဘူး။ လူအများအပြားတော့ ဒဏ်ရာရကြပါတယ်။

အဲဒီမှာနေထိုင်ကြတဲ့သူတွေအများစုက ဝင်ငွေနိမ့်ပါးတဲ့သူတွေဖြစ်ပါတယ်။ မူဆလင်တွေရဲ့ အီပွဲတော်အပြီး ဖြစ်နေချိန်ကြောင့်လည်း အများစုက အိမ်မှာရှိမနေကြပဲ၊ အဝေးရောက်နေကြချိန်လည်းဖြစ်ပါတယ်။

မီးဘေးကြောင့် အိမ်ခြေမဲ့တွေဖြစ်သွားတဲ့ အရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ ရိုက်တာ သတင်းဌာနကတော့ လူ သုံးထောင် လောက်လို့ အစီရင်ခံပေမယ့် အေအက်ပီလိုသတင်းဌာနမျိုးကလည်း တစ်သောင်း လို့ အစီရင်ခံထားပါတယ်။

အဲဒီမတိုင်မီ အခြားသတင်းမီဒီယာတွေမှာတော့ လူဦးရေ ငါးသောင်းအထိ ရှိနိုင်တယ်လို့ဆိုထားပါတယ်။