ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေကြီးတောင်ပြိုပြီးနောက် မွန်တဝိုက်က ဆည်တွေ စိုးရိမ်ဖွယ်မရှိလို့ ဆို
မိုးကြီး ရေလျှံပြီး တောင်ပြိုမှု ဖြစ်နေတဲ့ မွန်ပြည်နယ်မှာ ဆည်တွေရဲ့ တောင့်တင်း ခံနိုင်ရည် ရှိမှုကို ဆည်မြောင်းအရာရှိ တယောက်က အတည်ပြု ပြောကြားပါတယ်။
ရေကြီး တောင်ပြိုမှု ဖြစ်ခဲ့တဲ့ ပေါင်မြို့နယ်က မလတ်တောင် ပြိုကျမှုကနေ သြဂုတ်လ ၁၂ရက် အထိ သေဆုံးသူ ၆၅လောင်းကို ဆယ်ထုတ်ရရှိပြီလို့ အခင်းဖြစ်ရာ နေရာမှာ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ဒီနေ့ မနက်တော့ မုဒုံမှာရှိတဲ့ အဇင်းဆည် ရေပိုလွှဲ ဖောက်ချမှုကို အကြောင်းပြုပြီး ဒေသခံတွေကြား ဆည်ကျိုးပေါက်တော့မယ်ဆိုပြီး လူထုက အထိတ်တလန့် ဖြစ်ခဲ့ကြတယ်လို့ သထုံ မြို့နယ် လွှတ်တော်အမတ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
အဇင်းဆည် အနေနဲ့ စိုးရိမ်ရေမှတ် ရောက်ဖို့ ၂ပေခွဲလောက် လိုသေးသလို မုဒုံက ဝင်းဖနုံဆည် ဆိုရင်လည်း ၆ပေခွဲလောက် စိုးရိမ်ရေမှတ် ရောက်ဖို့ လိုသေးတဲ့ အကြောင်း ဒေသဆိုင်ရာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာနက ပြန်ကြားရေး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့က ရှင်းပြပါတယ်။
လက်ရှိ အခြေအနေမှာ မွန်ပြည်နယ် တလွှား တခြား ဆည်တွေ ဖြစ်တဲ့ ပေါင်က ကားတိုက်ဆည် ၊ သထုံက ဝါးဘားဆည်တွေရဲ့ အခြေအနေ ကြံ့ခိုင်မှု ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။
လူထု အနေနဲ့ စိုးရိမ်မှု ရှိစရာ မလိုသေးဘဲ ဆည်ဆိုတာ ကတော့ ရေပိုလွှဲကနေ ရေလွှတ်မှု ဆိုတာ ရှိနေမှာပဲ ဒါကို အထိတ်တလန့် မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
သထုံမှာ ရှိတဲ့ အခု ရေကြီးနေတဲ့ ကျိုက်ကော်နားက ဝါးဘားဆည် ဆိုရင် ရေပို လွှတ်နေရကြောင်း ၊ ဒါဟာ ပုံမှန် လွှတ်နေကျ ဖြစ်ကြောင်း ၊ ရေပိုလွှဲ ၂ပေကျော်ရင် လွှတ်ရတာ ဖြစ်ကြောင်း ၊ ပုံမှန် ဖြစ်ဖို့ အတွက် ရေလွှတ်ရတာ ဖြစ်ကြောင်း သူက ထောက်ပြထားပါတယ်။
ဝါးဘားဆည် ဆိုရင် မိုးရွာပြီ ဆိုတာနဲ့ ပညာရှင်တွေက လာရောက် စစ်ဆေးနေပြီး သြဂုတ်လ ၄ရက်နေ့က သက်ဆိုင်ရာက လာရောက် စစ်ဆေးခဲ့ကြောင်း ၊ ရေပိုလွှဲ ကတော့ ရေပုံမှန် ထုတ်နေပြီး အားလုံး ဘာမှ စိုးရိမ်စရာ မရှိကြောင်း ၊ တပတ်ကို နှစ်ခါ စစ်ဆေးနေကြောင်း ၊ မွန်ပြည်နယ် တဝိုက်မှာ စိုးရိမ်စရာ ရှိတဲ့ ဆည် တခုမှ မရှိကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
သထုံခရိုင် ဆည်မြောင်း ညွှန်ကြားရေးမှူး ဦးမောင်မောင်ဇော် ကလည်း မွန်ပြည်နယ် တလွှားက ဆည်တွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိကြောင်း ၊ အခြေအနေ ကောင်းမွန်ကြောင်း ဘီဘီစီကို အတည်ပြု ပြောကြားခဲ့ပါတယ်။
သထုံမှာ ရှိတဲ့ ဝါးဘားဆည် ဆိုရင် သုံးလက်မသာ ရေကျော်တာ ဖြစ်ပြီး အခုလို ရေကျတဲ့ အတွက် လုံး၀ အခြေအနေ ကောင်းတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဂဇိုင်းဆည် ဆိုရင်လဲ အခြေအနေ ကောင်းမွန်လျက် ရှိပြီး ရေကျော်တာ တစ်ပေပဲ ရှိတယ် ၊ တကယ်တော့ လေးပေ၊ ငါးပေ အထိ ကျော်လို့ ရတဲ့ အနေအထား ရှိတယ်လို့ ဆည်မြောင်း ညွှန်ကြားရေးမှူးက ပြောပါတယ်။
အဇင်းဆည် ဆိုရင်လည်း ရေကျော်တာပဲရှိပြီး စိုးရိမ်စရာ မရှိသလို ဝင်းဖနုံဆည် ဆိုရင် ပုံမှန် ရေ၀င်ရေထွက်လျက်ရှိတယ်လို့ ဦးမောင်မောင်ဇော် က ရှင်းပြခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဆည်မြောင်း တာတမံတွေ ကျိုးပေါက်မှု အရင်က မရှိခဲ့ဖူးဘူးလို့ ဒေသခံ သတင်းထောက် တယောက်က ပြောပါတယ်။
၂၀၁၈ ခုနှစ် သြဂုတ်လမှာတော့ ပဲခူးတိုင်းက ဆွာချောင်းရေလှောင်တမံရဲ့ ရေပိုလွှဲ ဆည်နံရံပြိုကျခဲ့တာကို စိုးရိမ်စရာမလိုဘူးလို့ သက်ဆိုင်ရာဌာနတွေက အစောပိုင်းမှာပြောဆိုခဲ့ပေမယ့် ရွာ ၅ရွာက လူသောင်းနဲ့ချီရေဘေးသင့်ခဲ့ရပြီး လူ ၅ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။