ရွှေစျေးစံချိန်တင်တက်ပြီး အရောင်းကျ

ရွှေဈေးအဆမတန် မြင့်တက်နေတာကြောင့် ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတယ်။

ဓာတ်ပုံ ရင်းမြစ်, Huw Evans picture agency

ဓာတ်ပုံ ပုံစာ, ရွှေဈေးအဆမတန် မြင့်တက်နေတာကြောင့် ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတယ်။
ရေးသားခဲ့သည်။

သီတင်း ၁ ပတ်ကျော်ကြာ တရိပ်ရိပ်ဈေးတက်လာခဲ့တဲ့ ပြည်တွင်း ရွှေဈေးဟာ အခုတော့ အခေါက်ရွှေ ၁ ကျပ်သားကို ၁၂ သိန်းအထိ စံချိန်တင် ဈေးပါက်နေပြီး ဈေးကွက်ထဲမှာလည်း အရောင်းထက် ပြန်ဝယ်ရတာများနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါ တယ်။

ပြည်တွင်းရွှေဈေးဟာ စျေးကွက်ထဲမှာ သြဂုတ်လ ၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားကို ၁၁ သိန်း ၉ သောင်း ၈ ထောင်နဲ့ ဈေးကွက်ပိတ်ခဲ့ပြီး သြဂုတ်လ ၈ ရက် မနက်ဈေးဖွင့်ချိန်မှာတော့ ၁၂ သိန်း ၁ သောင်းအထိ ဈေးပေါက်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ရွှေဈေးတွေ ခုန်တက်သွားတာ ဘာကြောင့်လဲ

"ဒီရွှေစျေးက အတက်ဆုံးဖြစ်တဲ့အတွက်ကြောင့် လူတိုင်းက ပြန်ပဲသွင်းချင်ကြတယ်၊ ပြန်မ ဝယ်ချင်သေးဘူးပေါ့နော်၊ ရောင်းတာနဲ့ဝယ်တာနဲ့ ပြောမယ်ဆိုရင် ဖောက်သည်တွေ ဆီကနေ ပြန်ဝယ်ရတာက နှစ်ဆလောက်ပိုများတယ်"လို့ ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ ရွှေဈေးအဆမတန် မြင့်တက်နေတာကြောင့် ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

"စျေးသိပ်မြင့်သွားလို့ အဝယ်လည်း မလိုက်ဘူး၊ အရောင်းလည်း များများစားစား မတွေ့ရဘူး၊ ကျွန်တော်လည်း ရွှေလုပ်ငန်းရှင်များအသင်းသူ အသင်းသားတွေခေါ်ပြီးတော့ စျေးကွက်ကို ရွှေရှိမှရောင်း ငွေရှိမှဝယ် အဲဒီလိုပုံစံနဲ့ လုပ်ကြဖို့ ရွှေစျေးကွက် တည်ငြိမ်အောင် ရောင်းကြ ဝယ်ကြဖို့ မေတ္တာရပ်ခံ ညှိနှိုင်းတာပေါ့နော်"လို့သူက ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကလည်း တရိပ်ရိပ်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကွက်ကလည်း ပြန်ကျနိုင်ဖို့ အခြေအနေမရှိသေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

အခေါက်ရွှေဈေးတက်ပြီး အရောင်းအဝယ်တွေ သိပ်မရှိဘူးဆိုပေမယ့် အထည်ဈေးကွက်မှာတော့ ၁၅ ပဲရည် တစ်ကျပ်သားက ၁၁ သိန်းနဲ့ ၃ သောင်းဝန်းကျင်ပေါက်နေပြီး အရောင်းအဝယ်တော့ ဆက်ရှိနေတယ်လို့လည်း ရွှေဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။