မန္တလေးနဲ့ စစ်ကိုင်းမှာ ရေကြီးနေ၊ဦးကိုနီအမှုနဲ့ပတ်သက်ပြီး နှစ်ဘက်အယူခံတင်သွင်းမှုအပေါ်တိုင်းတရားလွှတ်တော် ပယ်ချအပါအဝင်မနက်ခင်းသတင်းများ

စစ်ကိုင်းတိုင်းအတွင်းက ရေကြီးခဲ့တဲ့နေရာအချို့

ဓာတ်ပုံ ရင်းမြစ်, SOE MOE THU

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းအတွင်းက ရေကြီးခဲ့တဲ့နေရာအချို့
ရေးသားခဲ့သည်။

မန္တလေးနဲ့ စစ်ကိုင်းမှာ ရေကြီးနေ

ဧရာဝတီမြစ်ရေဟာ မန္တလေးနဲ့ စစ်ကိုင်းမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရပ်ကွက်တွေမှာရေဝင်နေပြီး ရေကြီးနစ်မြုပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံ ကသိရပါတယ်။

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာရေဘေးရှောင်စခန်းတွေလည်းဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိနေတယ်လို့လည်း ဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနကနေသိရပါတယ်။

ဇူလိုင်လဆန်းကစတင်ကာ မိုးကြီးပြီးမြစ်ရေလျှံတာတွေ တိုင်းနဲ့ပြည်နယ် ၈ခုမှာဖြစ်ပေါ်ခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူ ငါးသောင်းဝန်းကျင်ရှိခဲ့ပါတယ်။

လက်ရှိမှာ ဒေသအချို့မှာရေပြန်ကျလာပြီဖြစ်ပေမယ့်လည်း လာမယ့် သြဂုတ်လကုန်အထိ အဓိကမြစ်ကြီး တွေ မှာ မြစ်ရေမြင့်တက်တာတွေရှိလာနိုင်တဲ့အတွက် ရေဘေးကိုသတိပြုနေထိုင်ဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ ကျော်မိုးဦးက သတိပေး ပြောဆိုပါတယ်။

ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုနဲ့ ကြည်လင်းကို တရားရုံးက သေဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုနဲ့ ကြည်လင်းကို တရားရုံးက သေဒဏ်ချမှတ်

ဦးကိုနီအမှုနဲ့ပတ်သက်ပြီး နှစ်ဘက်အယူခံတင်သွင်းမှုအပေါ်တိုင်းတရားလွှတ်တော် ပယ်ချ

တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်စီရင်မှု အပေါ် တရားလို တရားခံ နှစ်ဘက်စလုံးက အယူခံတင်သွင်းခဲ့တဲ့အပေါ် တိုင်းတရားလွှတ်တော်ကပယ်ချ လိုက်တယ်လို့ သိရပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာ တရားခံကြည်လင်းကို ပုဒ်မ - ၃၀၂ (၁)(ခ)၊ ၃၄/၃၀၂ (၂) အရ ကြိုးမိန့်နဲ့သေဒဏ်၊ တက္ကစီယာဉ်မောင်း ကိုနေဝင်းကို သတ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှု ၁၉(ဃ)(စ) အရ ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်ခဲ့တာပါ။

ပူးတွဲ တရားခံဖြစ်တဲ့ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂ (၁)(ခ)၊ ၃၄ ကြိုးမိန့်နဲ့သေဒဏ် ချမှတ်ခဲ့ပြီး၊ အောင်ဝင်း ထွန်းကိုတော့ လူသတ်မှုကြံစည်သူ ထွက်ပြေးတိမ်းရှောင်ရာမှာ ကူညီမှုဖြစ်တဲ့ ပုဒ်မ -၂၁၂ အရ ထောင်ဒဏ် ၃ နှစ်ချ မှတ်ခဲ့ပါတယ်။

တရားခံ ဇေယျာဖြိုးကို စွဲဆိုထားတဲ့ လူသတ်မှုမှာ နောက်ကွယ်က ပူးပေါင်းကူညီမှုဖြစ်တဲ့ ပုဒ်မ ၃၀၂(၁)(ခ) /၁၀၉ ကို ပယ်ဖျက်ခဲ့ပြီး သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ -၂၀၁ အရ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ တယ်လို့ ရှေ့နေဦးကိုနီဘက်က အမှုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

အခုလို ချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အယူခံတင်သွင်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းက သေဆုံးသူအများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Empics

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းက သေဆုံးသူအများဆုံးဖြစ်

H1N1 ကြောင့် သေဆုံးသူ ၆၄ဦးရှိလာ၊ ရန်ကုန်တိုင်းမှာ ၅၁ဦးအထိသေဆုံး

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၆၄ဦးရှိလာပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ က ထုတ်ပြန်ထားပါတယ်။

ဒီရောဂါကြောင့် နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၆၄ဦးရှိပြီး ရန်ကုန်တိုင်းမှာ သေဆုံးသူ ၅၁ ဦးရှိပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့ရှိသူတွေလည်း နဂိုထက် ပိုများလာပါတယ်။

' ' သေဆုံးသူအများဆုံးဖြစ်တဲ့ရန်ကုန်တိုင်းကို ကြည့်ရင် အခြေခံလူတန်းစားအများစုရှိတဲ့ တောင်ဒဂုံ၊ လှိုင်သာယာကအများဆုံးဖြစ်တာကိုတေ့ွ၇တယ်။ h1N1ဖြစ်တဲ့အခါ သေသေချာချာ အနားယူကုသဖို့ လို တယ်။ အိပ်ရေးဝအောင် သေချာအနားမရဘူးဆို ဆေးကုသမှုတွေက မထိရောက်တော့ဘူး။ ဒါကို သတိပြုဖို့တော့လိုတယ်''လို့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်တဲ့ဒေါက်တာကျော်သက်စိုးက သုံးသပ်ပြောဆိုပါတယ်။

ရာသီတုပ်ကွေးကြောင့် မနှစ်က ဆေးရုံ ၈ ခုမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ ၇ ခု ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ ၁၅ ခု ရှိလာသလို ရန်ကုန်ကလေးဆေးရုံ မှာလည်း ဇွန်လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

အခုတရားဝင် စာရင်းတွေအရ ရှမ်းအရှေ့နဲ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ေH1N1 ရောဂါပိုးရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။