Wisdom Hill မူကြိုကျောင်းအပြီးပိတ်သိမ်းရမယ်၊ ခြောက်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူအယောက် ၆၀၀၀နီးပါးရှိပြီး အယောက် ၂၀ သေဆုံး

မူကြိုကျောင်းသူ တရားမျှတရေးအတွက် ရန်ကုန်မှာဆန္ဒပြနေ
သက်ငယ်မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ နေပြည်တော်က မူကြိုကျောင်းသူ( ဗစ်တိုးရီးယား) အမှုနဲ့ပတ်သက်ပြီး တရားမျှတ မှုရရှိရေးအတွက်ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဇူလိုင် ၆ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ် နေပါတယ်။
ကျောက်တော်ကြီးဘုရားရှေ့ကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး ( စီအိုင်ဒီ) ရုံးရှေ့အထိ ချီတက် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ထိုက်မင်းက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ ကလေးသူငယ်အရေးကူညီဆောင်ရွက်နေသူတွေ၊ရုပ်ရှင်သရုပ်ဆောင်အချို့နဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေ လာရောက်ဝန်းရံခဲ့ကြတယ်လို့သိရပါတယ်။
ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် ရန်ကုန်အပြင် မန္တလေး၊တောင်ငူ စတဲ့မြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေကို ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း စီစဉ်သူအချို့ထံကသိရပါတယ်။

Wisdom Hill မူကြိုကျောင်းအပြီးပိတ်သိမ်းရမယ်
သက်ငယ် မုဒိမ်းကျူးလွန်ခံခဲ့ရတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်ဟာ သူတက်ရောက်နေတဲ့ကျောင်းမှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းကို အပြီးပိတ်သိမ်းဖို့ သမ္မတကညွှန်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးညွန်ကြား ရေးမှူး ချုပ် ဦးဇော်ဌေးက ဇူလိုင် ၅ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
Wisdom Hill အမည်နဲ့ ဖွင့်လှစ်ထားတဲ့ အခြား မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုယ်ပိုင်ကျောင်း တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့ညီမညီကို ပညာရေးဝန်ကြီးဌာနက ပြန်လည်စစ်ဆေးသွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
''ကျောင်းမှာတာဝန်ရှိတယ် ဒီတာဝန်ရှိမှုပေါ်မှာ ပျက်ကွက်တဲ့တည်ထောင်သူတွေကို အစိုးရပိုင်းမှာ ဆွေးနွေးနေတယ်။ တချို့လည်း Blacklist လုပ်သင့်ရင်လုပ်မယ်။ ဒီလုပ်ငန်းမှာလုပ်ခွင့်မရှိတော့ဘူး ။ဒါကတော့ ဆွေးနွေးနေတုံးပဲ ။''
Wisdom Hill မူကြိုကျောင်းဟာ တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်မကျသေးဘဲ ဖွင့်ထားတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ မသိကျိုးကျွံ ပြုခဲ့တဲ့ လူမှုဝန်ထမ်းအရာရှိတွေ၊သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်မှာ ရွာ ၂ရွာ မီးရှို့ခံရ၊ စစ်တပ်ကရှို့တာလို့ ဒေသခံတွေ ပြော
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာက ဇူလိုင် ၅ရက်နေ့က ဘူးသီး တောင် မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ ၂ ရွာမှာအိမ်ခြေအချို့ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဘူးသီးတောင်မြို့နယ် စိုင်းတင်ရေတံခွန်အနီးက အလယ်ချောင်း ခမီကျေးရွာက အိမ်ခြေ ၄၄ ဆောင်နဲ့ ရသေ့တောင်မြို့နယ် အမျှက်တောင်ကျေးရွာက အိမ်ခြေ၉ လုံး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။
' ' နံနက် ၇ နာရီလောက်မှာ ရေချမ်းပြင်ဘက်က ကူးလာပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ ၁၀နာရီ မိနစ် ၅၀ မှာ စတင် မီးရှို့တဲ့အတွက် အိမ် ၄၄ ဆောင်ပါသွားတယ်။ ဘာကြောင့် မီးရှို့တယ်ဆိုတာတော့မသိဘူး။ ရွာသားတွေကတော့ စစ်ရှောင်စခန်းကို ရောက်နေတာ ၄ လလောက်ရှိနေပြီ။
မီးရှို့တဲ့အချိန်မှာ ရွာမှာ လူတော့မရှိဘူး'' လို့ အိမ်တွေ မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးရှို့တဲ့ အချိန်မှာ ရွာအနီးမှာရှိနေခဲ့တဲ့ ကျေးရွာရဲ့ ဆယ်အိမ်မှူး ဦးခတ်ရှူးက ပြောပြပါတယ်။
' ' တိုက်ပွဲတွေက အဲရွာနားမှာ သူပစ်ကိုယ်ပစ် ပစ်လိုက်လို့ သောင်းကျန်းသူရဲ့ ဗုံးရွာထဲမှာ ကျနိုင်သလို ကျွန်တော်တို့ ပစ်လိုက်တဲ့ ဗုံးသည်လည်း ကျနိုင်တယ်။ ရွာတွေသည် ဓနိမိုးတွေဘာတွေမိုးလို့ ဗုံးကျလို့ မှန်ပြီး လောင်တာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သီးခြားရှို့တာတော့ မဖြစ်နိုင်ဘူး''လို့ ရွာတွေမီးလောင်မှုနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
ခုလိုရွာတွေကို မီးရှို့မှု ဖြစ်ပွားတာကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အတွင်း ပထမဆုံး အကြိမ်ဖြစ်ခဲ့တာလို့လည်း ဒေသခံတွေကပြောကြပါတယ်။

ခြောက်လတာကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူအယောက် ၆၀၀၀နီးပါးရှိပြီး အယောက် ၂၀ သေဆုံး
ယခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၉ ရက်နေ့အထိ ခြောက်လတာကာလအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ အယောက် ၅၇၀၀ ကျော်ရှိပြီး အယောက် ၂၀ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကနေသိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ရန်ကုန်တိုင်းမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာလည်းဖြစ်ပွားမှုများပြားပြီး သေဆုံးသူ အယောက် ၂၀ အနက် ရန်ကုန်တိုင်းက သေဆုံးမှုအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ပွားတာကိုအချိန်မီမသိဘဲ သွေးလန့်မှ ကုသပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်တဲ့ အတွက် ၃ရက် ဆက်တိုက်ဖျားပြီး အဖျားပြန်ကျတဲ့အခါ ခြေလက်တွေအေးစက်တာ ကော်ဖီရောင်အန်တာ ကတ္တရာ စေးလိုမျိုးဝမ်းမည်းတွေ သွားတာစတဲ့ လက္ခဏာတွေပြလာရင် ဆေးရုံဆေးခန်းကို အချိန်မီသွား ရောက်ကုသ ဖို့လိုအပ်တယ်လို့ သွေးလွန် တုပ်ကွေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၅၀ ကျော်၊ ၂၀၁၈ ခုနှစ်မှာတော့ ၁၁၂ဦး ရှိခဲ့ပြီး စံချိန်တင်အနေနဲ့ ၁၉၉၆ခုနှစ်မှာတော့ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ သေဆုံးသူ ဦးရေ ၄၀၀ ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။








