တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ သုံးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးအထိရှိလာ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၉ ခုနှစ်ဇွန်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၁၀၀ ကျော်ရှိခဲ့တဲ့အနက် သေဆုံးသူ ၁၂ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ကျန်းမာရေး ဦးစီးဌာန သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက ဘီဘီစီကိုပြောပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာတော့ သေဆုံးသူ ၈ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
' ' ဆေးရုံကိုရောက်လာပြီးမှ သေဆုံးတာတွေကိုကြည့်ရင်တော့ ကလေးတွေမှာ သွေးလန့်တဲ့ လက္ခဏာ တွေနဲ့ သေဆုံးမှုပိုများတာကိုတော့တွေ့ရတယ်။ ဒါပေမယ့် ဒီတစ်ချက်ထဲကြောင့်တော့ သေဆုံးမှုများ တာ မဟုတ်ပါဘူး ။ မနှစ်ကနဲ့ ဒီနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားမတူတာ၊ အမျိုးအစား ၂ခု ရောဖြစ်တာတွေရှိရင်လည်း ကလေးတွေမှာ သွေးလန့်တာ ပိုပြီးတော့ပြင်းထန်တဲ့ လက္ခဏာတွေ လည်း ဖြစ်နိုင်ပြီး အဲ့လိုနှစ်တွေမှာ သေဆုံးတာ ပိုများ တတ်တယ်''လို့ ဒေါက်တာနေရည်ရည်လင်းက သေဆုံးမှု များပြားစေတဲ့ အခြေအနေကိုရှင်းပြပါ တယ်။
ဒါ့အပြင် ယခုကာလဟာ သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်တဲ့ မိုးရာသီကာကလကိုလည်း ရောက်ရှိ နေပြီဖြစ်တဲ့ အတွက် မိဘတွေအနေနဲ့လည်း သတိပြုစောင့်ကြည့်ကြဖို့ လိုတယ်လို့ သူမက အကြံပြု ပြောဆိုပါတယ်။
' ' ၃ရက်ဆက်တိုက် အဖျားကြီးမယ်။ ၃ရက်ပြီးလို့ အဖျားကျပြီး ခြေတွေလက်တွေအေးစက်လာမယ်၊ အလွန်မှိန်းလာမယ်။ ကော်ဖီရောင်တွေအန်မယ်။ ရုတ်တရက်ဗိုက်အောင့်လာမယ်။ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားမယ်ဆိုရင်တော့ ဆေးခန်းကိုသေချာပြန်လာပြဖို့ လိုမယ်ဆိုတာမျိုး ဆရာဝန်တွေ အနေနဲ့လည်း မိဘတွေကို ပြောပြဖို့လိုအပ်တယ်'' လို့ ဆေးရုံကို စောင့်ကြည့်ကုသဖို့ လိုအပ်တဲ့ ပြင်းထန် လက္ခဏာတွေနဲ့ပတ်သက်ပြီး ဒေါက်တာနေရည်ရည်လင်းက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၅၀ ကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၁၁၂ဦး ရှိခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုတွေကို လျှော့ချဖို့အတွက် ဒီနှစ်မှာ ကလေးဆရာဝန်တွေကတဆင့် မြို့နယ် တိုက်နယ်ဆရာဝန်တွေမှာ လမ်းညွန်ချက်အနဲ့အညီ ထိထိရောက်ရောက်ကုသမှုပေးနိုင်ဖို့နဲ့ သွေးလွန်တုပ် ကွေး လက္ခဏာဖြစ်ပွားနေပြီ၊ပြင်းထန်လက္ခဏာတွေပြတယ်ဆိုရင် ဆေးရုံကို ချက်ခြင်းလွှဲပို့ဖို့တွေကိုလည်း ဒီနှစ်မှာ တိုးမြှင့်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
' ' အခုကတော့ ဆေးရုံမှာလည်း သွေးလွန်တုပ်ကွေးဖြစ်မဖြစ်ကို စစ်တဲ့ကိရိယာတွေလည်းရှိနေပြီ။ စစ် လိုက်ရင်လည်း ရာသီတုပ်ကွေးဖြစ်တာတွေတော့ပိုများတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တာတွေတော့ ရှိတော့ရှိပေမယ့် ဒီမှာတော့ သိပ်တော့မများသေးဘူး။'' သေးလွန်တုပ်ကွေးဖြစ်ပွားတဲ့အခါအချိန်မီကုသနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတဲ့အခြေအနေတွေကို ဒဂုံဆိပ်ကမ်းမြို့နယ် ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာ မူယာ ကျော်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးအနေနဲ့ ၁၉၉၆ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ သေဆုံးသူ ဦးရေ ၄၀၀ ကျော်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနက နေသိရပါတယ်။








