တပ်တွင်းဒီမိုကရေစီကို စည်းကမ်းတကျကျင့်သုံးနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြော

တစ်ဦးချင်းလိုအပ်ချက်ကို တင်ပြခွင့်ပေးထား

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Images

ဓာတ်ပုံ ပုံစာ, တစ်ဦးချင်းလိုအပ်ချက်ကို တင်ပြခွင့်ပေးထား
ရေးသားခဲ့သည်။

တပ်မတော်မှာ တစ်ဦးချင်းလိုအပ်ချက်၊ အခက်အခဲတွေကို နေ့စဉ်သတင်းပို့ တင်ပြခွင့်၊ ဆန္ဒဖော်ထုတ်ပွဲတွေမှာ တင်ပြခွင့်ပေးထားသလို တာဝန်ရှိသူအဆင့်ဆင့်က မှန်မှန်ကန်ကန်ဖြေရှင်းဆောင်ရွက်ပေးခြင်း အားဖြင့် တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်း တကျ ကျင့်သုံးဆောင်ရွက်လျက်ရှိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီအကြောင်းအရာကို ဇူလိုင် ၂ရက်နေ့ က သံတောင်ကြီးတပ်နယ်ရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဘုရင့်နောင်)နဲ့ အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ နည်းပြအရာရှိတွေ၊သင်တန်းသား အရာရှိ၊ စစ်သည်တွေကို တွ့ဆုံရာမှာထည့်သွင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

တပ်တွင်းမှာ ဒီမိုကရေစီကျင့်သုံးနေတယ်လို့ ဆိုပေမယ့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုလေ့ရှိပြီး လူမှုကွန်ရက်သုံးစွဲသူ ပြည်သူအချို့ရဲ့ထောက်ခံမှုကိုလည်းရထားတဲ့ ဗိုလ်ကြီးတစ်ဦးရဲ့ စည်သူ@Errorဆိုတဲ့ လူမှုကွန်ရက်အကောင့်ကို ဇွန်လအတွင်းက ပိတ်ခိုင်းတာမျိုးတွေရှိခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေက ဝေဖန်ပြောဆိုတာတွေရှိခဲ့ပါတယ်။

တပ်တွင်းဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေ မှာကျင့်သုံးနေတဲ့ ပုံစံမျိုးနဲ့တော့ မတူနိုင်

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, တပ်တွင်းဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေ မှာကျင့်သုံးနေတဲ့ ပုံစံမျိုးနဲ့တော့ မတူနိုင်

ဒီအပေါ်မှာ ကာကွယ်ရေးဦးစီးချုပ်သုံးနှုန်းသွားတဲ့ တပ်တွင်းဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေ မှာကျင့်သုံးနေတဲ့ ပုံစံမျိုးနဲ့တော့ မတူနိုင်ဘူးလို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တည်ထောင်သူ ကိုနိုင်ဆွေဦးက သုံးသပ် ပြောဆိုပါတယ်။

' ' တပ်မတော်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပြီးတော့မှ အထက်အောက် အဆင့်ဆင့် အုပ်ချုပ်မှု နဲ့ သွားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်လိုတော့ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်တို့ ပြောဆိုခွင့်တို့ကိုတော့ ဆိုလိုတာမျိုးဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါက ဒီမိုကရေစီနိုင်ငံတွေက တပ်မတော်တွေတောင်မှ လွတ်လပ်စွာပြောဆိုခွင့်တို့ ရေးသားခွင့်တို့ကခက်ပါတယ် ။''လို့ သူကပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွေကတော့ အရင်ထဲကလည်း ရှိတယ်။ တပ်ရင်းတိုင်းမှာ တစ်လတစ်ကြိမ်လုပ်တယ်။ အဲဒီမှာ မိသားစုအခက်အခဲရှိတယ်ဆိုလည်း ရှိတဲ့အခက်အခဲကို လွတ်လွတ်လပ်လပ်ပြောခွင့်ပေးထားတယ်။ ဒါကိုလည်း အဆင့်ဆင့်အလိုက် ပြန်လည် ဆောင်ရွက်ပေးတာရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကတော့ ဒါကို ပြောချင်တာဖြစ်ပါလိမ့်မယ်လို့ တပ်မတော်တွင်း သူနေထိုင်စဉ်က ရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကိုနိုင်ဆွေဦးကပြောပြပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့အမှာစကားထဲမှာ လက်ရှိ ကာကွယ်ရေးမူဝါဒနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ဖြစ်သလို နိုင်ငံရဲ့ကာကွယ်ရေးမူဝါဒဟာ နိုင်ငံကို ကာကွယ်ဖို့ဖြစ်ပြီး အခြားနိုင်ငံတွေကို ကျူးကျော်ရန် မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

လက်ရှိမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုတွေမရရှိသေးသလို တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေဟာလည်း ချုပ်ငြိမ်းမှုမရှိသေးကြောင်းနဲ့ ပြည်သူတွေက ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းချိန်မှာ လက်နက်ကိုင်ပြီး တောင်းဆိုလို့ မရဘူးလို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။