ကချင်ပြည်နယ်ကတရုတ် တစ်ရှုးငှက်ပျောခင်းတွေ ကိုစံနှုန်းတွေအတိုင်းစိုက်ဖို့ အစိုးရက ဆောင်ရွက်မယ်

စည်းကမ်းမလိုက်နာတဲ့သူတွေကို စိုက်ပျိုးခွင့် လုံးဝပိတ်ပင်မယ်

ဓာတ်ပုံ ရင်းမြစ်, HKUN LI

ဓာတ်ပုံ ပုံစာ, စည်းကမ်းမလိုက်နာတဲ့သူတွေကို စိုက်ပျိုးခွင့် လုံးဝပိတ်ပင်တာ စတာတွေပါဝင်မှာဖြစ်ပါတယ်
ရေးသားခဲ့သည်။

ကချင်ပြည်နယ်တဝန်း အစိုးရခွင့်ပြုချက်မရှိပဲ စိုက်ပျိုးထားတဲ့ တစ်ရှုးငှက်ပျောစိုက်ခင်းတွေ လိုက်နာ ဆောင်ရွက်ရမယ့် စံနှုန်းလုပ်ထုံးလုပ်နည်း SOP (Standard Operation Procedure) ကို လေးလအတွင်း ထုတ်ပြန်ကာ ငှက်ပျောခင်းတွေကိစ္စ ပြည်နယ်အစိုးရက ကိုင်တွယ်ဖြေရှင်းတော့မယ်လို့ ပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီစံနှုန်းလုပ်ထုံးလုပ်နည်းထဲမှာ စိုက်ပျိုးပြီးသားကချင်ပြည်နယ်အတွင်းက တစ်ရှုးငှက်ပျောခင်းတွေအပြင် အသစ်စိုက်ပျိုးလိုတဲ့ စိုက်ခင်းတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်းတွေအပြင်၊ အဲဒီလိုစိုက်ပျိုးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုထိခိုက်မှု မရှိအောင်လုပ်ဖို့တွေပါရှိတယ်လို့ ဦးကျော်ကျော်ဝင်းကဆိုပါတယ်။

SOP ထွက်ရှိလာရင်တော့ ရှိပြီးသားငှက်ပျောခင်းတွေကို စံနှုန်းတွေအတိုင်းလိုက်ကြပ်မတ်မှာဖြစ်ပြီး SOP အတိုင်းလိုက်နာမှုမရှိရင်တော့ လုပ်ကိုင်ခွင့်တွေကို လုံးဝပိတ်ပင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရ အုပ်ချုပ်မှုအောက်ကဒေသတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ ဒေသခံကုမ္ပဏီတွေ ပူးပေါင်းပြီး တရားမဝင်စိုက်ပျိုးထားတဲ့ ငှက်ပျောခင်းဧက ခြောက်သောင်းသုံးထောင် ရှိတယ်လို့ ပြည်နယ်အစိုးရက စာရင်းကောက်ယူရရှိထားပါတယ်။

စံနှုန်းလုပ်ထုံးလုပ်နည်းထဲမှာ ငှက်ပျောခင်းတွေကို လယ်ယာမြေတွေပေါ်မှာ နောက်ထပ်လုံးဝစိုက်ခွင့် ပေးတော့မှာမဟုတ်သလို၊ မြန်မာနိုင်ငံကအသိအမှတ်ပြုထားတဲ့ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေသာသုံးစွဲဖို့ ၊ မှန်ကန်တဲ့အခွန်အခတွေရရှိအောင်လုပ်ဖို့အပြင် စည်းကမ်းမလိုက်နာတဲ့သူတွေကို စိုက်ပျိုးခွင့် လုံးဝပိတ်ပင်တာ စတာတွေပါဝင်မှာလို့ ဦးကျော်ကျော်ဝင်း ကဆိုပါတယ်။

"SOP ထဲမှာ ရွာနဲ့ ၂မိုင်အကွာမှာစိုက်ရမယ်။ အခွန်တွေရအောင်လုပ်ရမယ်၊ အသိမှတ်ပြုပိုးသတ်ဆေးတွေ သုံးရမယ်။ ဒါတွေက လူထုအကျိုးအတွက်စဉ်းစားပြီးလုပ်ထားတာတွေ၊ အဲဒါထွက်လာရင် အဲဒီအတိုင်းပဲ ကျွန်တော်တို့ကလုပ်မှာ" လို့ ပြောပါတယ်။

ဧကနှစ်သောင်းကျော်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ထပ်တိုးလာတာ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, HEIN KO SOE

ဓာတ်ပုံ ပုံစာ, ဧကနှစ်သောင်းကျော်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ထပ်တိုးလာတာ ဖြစ်ပါတယ်

ကချင်ပြည်နယ်အတွင်း တစ်ရှုးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေနဲ့ပူးပေါင်း လုပ်ကိုင်နေတဲ့ နိုင်ငံသားကုမ္ပဏီ ၄၀လောက်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီကုမ္ပဏီတွေကလည်း တရုတ် ကျောထောက်နောက်ခံ ပြုထားတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ သူကဆိုပါတယ်။

တရုတ်နဲ့ ပြည်တွင်းကုမ္ပဏီတွေက ကချင်ပြည်နယ်အတွင်းက မြေလွတ်မြေလပ်၊ မြေရိုင်းတွေ၊ သစ်တော နယ်မြေတွေထဲမှာ တရားမဝင်စိုက်ပျိုးထားတာအပြင် လယ်သမားတွေရဲ့ လယ်မြေတွေပေါ်မှာပါ ကျူးကျော် စိုက်ပျိုးကြလို့ ပြဿနာတွေကို အစိုးရကဖြေရှင်းပေးနေရတယ်လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ဒါ့အပြင်ဆန်စပါးဖူလုံရေးအတွက်ကြောင့် လယ်ယာမြေတွေအပေါ်တစ်ရှုးငှက်ပျောစိုက်ပျိုးတာကို ပိတ်ပင်တာလို့လည်း SOP ပါ လယ်ယာမြေအပေါ်တစ်ရှုးငှက်ပျောစိုက်ခွင့် ပိတ်ပင်ထားရှိမှုကို သူကရှင်းပြပါတယ်။

အသံဖိုင် ပုံစာ, ကချင်ပြည်နယ် က တောင်သူတွေ ကို ကွင်းဆင်းစစ်တမ်း ကောက်ယူ သုတေသနပြုကြည့်တော့ တောင်သူတွေ စျေးကွက် အချက်အလက်တွေ လိုအပ်နေကြောင်း တွေ့ရှိ

ဧကခြောက်သောင်းသုံးထောင်ထဲမှာ ဧကနှစ်သောင်းကျော်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒါအပြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာလည်း တစ်ရှုး ငှက်ပျောတွေကို တရုတ်နိုင်ငံကနေ ဝင်ရောက်စိုက်ပျိုးထားတာတွေရှိသေးပါတယ်။ အဲဒီစာရင်းတွေကိုတော့ အစိုးရက လုံခြုံရေးအရ စာရင်းရယူလို့မရဘူးလို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

"ဒီနှစ်ထဲမှာတော့ သိသိသာသာ တိုးပြီးစိုက်တာမတွေ့ရဘူး။ ပြီးခဲ့တဲ့နှစ်ကအထိ နေရာတော်တော်များများမှာ တစ်ရှုးငှက်ပျောကို ရှိသမျှနေရာမှာလိုက်စိုက်ကြတာ။ ကျွန်တော်တို့နေရာက တရွာလုံးသုံးတဲ့ ထင်းစိုက်ခင်းတောင် ပါသွားပြီ" လို့ ဝိုင်းမော်မြို့နယ်နေ့ ဦးဒေါင်ဇယ်ကပြောပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ပူးပေါင်း လုပ်ကိုင်နေတဲ့ တရုတ်ကျောထောက်နောက်ခံ နိုင်ငံသားကုမ္ပဏီ ၄၀လောက်ရှိတယ်။

ဓာတ်ပုံ ရင်းမြစ်, HKUN LI

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံသားတွေနဲ့ပူးပေါင်း လုပ်ကိုင်နေတဲ့ တရုတ်ကျောထောက်နောက်ခံ နိုင်ငံသားကုမ္ပဏီ ၄၀လောက်ရှိတယ်။

နောက်လေးလအတွင်း စံနှုန်းလုပ်ထုံးလုပ်နည်းတွေ ထွက်ဖို့ကို ကချင်ပြည်နယ် စိုက်၊ မွေးဝန်ကြီး ဦးကျော်ကျော်ဝင်းက အခြားဌာနတာဝန်ရှိသူတွေ ပါဝင်တဲ့ တစ်ရှုးငှက်ပျောစီမံခန့်ခွဲမှု အဖွဲ့ကစီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကိုအရင် ပြည်နယ်အစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမြသိန်းကလည်း ဦးဆောင်ပြီး အချက်အလက်စုဆောင်းတာ တွေလုပ်ခဲ့ဖူး ပါတယ်။

ဒါပေမယ့် အရင်က အရေးယူတာတွေ၊ ဥပဒေအရလုပ်ဆောင်နိုင်ခဲ့မှုတွေတော့မရှိခဲ့ပါဘူး။ အခုလိုဥပဒေနဲ့အညီ ပြန်ပြီး စိစစ်မှုတွေလုပ်မယ့်ကိစ္စနဲ့ SOP ရေးသားထုတ်ပြန်နိုင်ဖို့ကလည်း မတ်လ ၂၁ ရက်နေ့ မြစ်ကြီးနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လာခဲ့ပြီး တစ်ရှုးငှက်ပျောကိစ္စ စနစ်တကျဖြေရှင်းပါလို့ ပြည်နယ်အစိုးရကို ပြောဆိုခဲ့အပြီး ဆောင်ရွက်တာဖြစ်ပါတယ်။

တစ်ရှုးငှက်ပျောခင်းတွေ အစိုးရ ကန့်သတ်ဖို့ပြင်လာ တာကိုဒေသခံတွေက သဘောကျပေမဲ့ တားဆီးအရေးယူမှုတွေ ကို ၊ ဥပဒေအတိုင်းလုပ်ပါ့ မလားဆိုတာ ကို လည်းသံသယရှိနေကြပါတယ်။