ကချင်က တရားမဝင်စိုက်ထားတဲ့ တစ်ရှုးငှက်ပျောတွေပြန်စိစစ်ပြီးမှ အသစ်စိုက်ခွင့်ပြုမယ်

ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေမရတဲ့အပြင် တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေအပေါ် ကျူးကျော်စိုက်ပျိုးတာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, HKUN LI

ဓာတ်ပုံ ပုံစာ, ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေမရတဲ့အပြင် တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေအပေါ် ကျူးကျော်စိုက်ပျိုးတာတွေရှိနေ
ရေးသားခဲ့သည်။

ကချင်ပြည်နယ်အတွင်းမှာ တရုတ်နိုင်ငံသားတွေလာရောက်စိုက်ပျိုးနေကြတဲ့ တစ်ရှုးငှက်ပျောခင်းတွေကို ပြန်စိစစ်ပြီးမှ အသစ်ထပ်စိုက်ခွင့်ပေးမယ်လို့ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

အခုတော့ ကချင်ပြည်နယ်အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့ဒေသတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ ဒေသခံကုမ္ပဏီတွေ ပူးပေါင်းပြီး တရားမဝင်စိုက်ပျိုးထားတဲ့ ငှက်ပျောခင်းဧက ခြောက်သောင်းသုံးထောင် အထိရှိလို့ ထပ်တိုးစိုက်တာတွေမလုပ်ကြဖို့ ပြည်နယ်အစိုးရက ကုမ္ပဏီတွေကိုညွှန်ကြားထားတယ်လို့သူကပြောပါတယ်။

အဲဒီပမာဏထဲက ဧကနှစ်သောင်းကျော်က ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ထပ်တိုးလာတာဖြစ်ပါတယ်။ ဒါအပြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာလည်း တစ်ရှုးငှက်ပျော တွေကို တရုတ်နိုင်ငံကနေ ဝင်ရောက်စိုက်ပျိုးထားတာတွေရှိသေးပါတယ်။ အဲဒီစာရင်းတွေတော့ အစိုးရက လုံခြုံရေးအရ စာရင်းရယူလို့မရဘူးလို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

အဲဒီတရားမဝင်စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေမှာ သုံးစွဲတဲ့ ပိုးသတ်ဆေး အပါအဝင်အခြား ဓာတ်မြေသြဇာ အသုံးပြုတာတွေအပြင် တစ်ရှုးငှက်ပျောကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုတွေရှိနေတာကို ဥပဒေအရဖြေရှင်းနိုင်ဖို့ ပြည်နယ်အစိုးရက အချက်အလက်စုဆောင်းနေတယ်လို့ ပြောပါတယ်။

အသံဖိုင် ပုံစာ, ကချင်ပြည်နယ် က တောင်သူတွေ ကို ကွင်းဆင်းစစ်တမ်း ကောက်ယူ သုတေသနပြုကြည့်တော့ တောင်သူတွေ စျေးကွက် အချက်အလက်တွေ လိုအပ်နေကြောင်း တွေ့ရှိ

"မကိုင်တွယ်နိုင်စရာတော့မရှိပါဘူး။ လမ်းကြောင်းတစ်ခုတည်းကထွက်နေတာ၊ ကန်ပိုက်တီးကနေ၊ အဲဒီကနေ စောင့်ပြီးသေချာစိစစ်ပြီးလုပ်ရင် ရပါတယ်" လို့ ဦးကျော်ကျော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ကချင်ပြည်နယ်မှာစိုက်ပျိုးပြီး ရရှိလာတဲ့ ငှက်ပျောတွေကို ကန်ပိုက်တီးနယ်စပ်ဂိတ်ကနေ တရုတ်ဖက်ကိုအများဆုံးသယ်ပို့နေတာဖြစ်ပါတယ်။

အဲဒီလိုဥပဒေအရဖြေရှင်းပြီးမှသာ နောက်ထပ်စိုက်ပျိုးလိုသူတွေကို ရှိပြီးသားဥပဒေတွေနဲ့ စနစ်တကျလုပ်ကိုင်ဖို့ ခွင့်ပြုသွားမယ် လို့ ဦးကျော်ကျော်ဝင်းကပြောပါတယ်။ တရားမဝင်စိုက်ထားတဲ့ တစ်ရှုးငှက်ပျောခင်းကိစ္စကို ရှိပြီးသား မြေလွတ်၊ မြေလတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ ပိုးသတ်ဈေးဥပဒေ၊ စိုက်ပျိုးရေးဥပဒေ စတာတွေနဲ့ ဖြေရှင်းမယ် လို့ဆိုပေ့မယ့် ဘယ်လိုအတိအကျလုပ်မယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားပဲ တရုတ်ကနေ တိုက်ရိုက်သွင်းကာ အသုံးပြုနေတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေကို တားဆီးဖို့နဲ့ တရားဝင်ခွင့်ပြုထားတဲ့ ပစ္စည်းတွေကိုသာအသုံးပြုဖို့လည်း စိစစ်တာတွေပါဝင်မယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက တစ်ရှုးငှက်ပျောခင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Hein Ko Soe

ဓာတ်ပုံ ပုံစာ, ဝိုင်းမော်မြို့နယ်ထဲက တစ်ရှုးငှက်ပျောခင်းတွေ

ဘီဘီစီက ဝိုင်းမော်မြို့ကနေ မိနစ် ၂၀လောက်သာသွားရတဲ့ ဝိုင်းမော် - မြစ်ကြီးနားကားလမ်းဘေး တလျှောက်ကရွာအချို့ကို သွားရောက်ကြည့်ခဲ့ပါတယ်။ အဲဒီမှာ တရုတ်ဘာသာစကားနဲ့သာရေးသားထားတဲ့ ငှက်ပျောစိုက်ခင်းမှာသုံးတဲ့ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးဘူး တွေကိုတွေ့ခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေကိုပဲ ခြံလုပ်သားတွေက တရုတ်နိုင်ငံသားတွေပြောခဲ့တဲ့ အချိုးအစားအတိုင်း အသုံးပြုနေကြတာပါ။

အဲဒီကိစ္စဖြေရှင်းဖို့အတွက် ဦးကျော်ကျော်ဝင်းဦးဆောင်ပြီး အခြားဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်တဲ့ တစ်ရှုးငှက်ပျောစီမံခန့်ခွဲမှုအဖွဲ့ကစီမံဆောင်ရွက်နေပါတယ်။ အဲဒီအဖွဲ့ကိုအရင် ပြည်နယ်အစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမြသိန်းကလည်း ဦးဆောင်ပြီး အချက်အလက်စုဆောင်းတာ တွေလုပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အရေးယူတာတွေ၊ ဥပဒေအရလုပ်ဆောင်နိုင်ခဲ့မှုတွေတော့မရှိခဲ့ပါဘူး။ အခုလိုဥပဒေနဲ့အညီ ပြန်ပြီး စိစစ်မှုတွေလုပ်မယ့်ကိစ္စကလည်း မတ်လ ၂၁ ရက်နေ့ မြစ်ကြီးနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လာခဲ့ပြီး တစ်ရှုးငှက်ပျောကိစ္စ စနစ်တကျဖြေရှင်းပါလို့ ပြည်နယ်အစိုးရကို ပြောဆိုခဲ့အပြီး ဆောင်ရွက်ခြင်း တာဖြစ်ပါတယ်။

တစ်ရှုးငှက်ပျောခင်းထဲက လုပ်ငန်းခွင်

ဓာတ်ပုံ ရင်းမြစ်, HKUN LI

ဓာတ်ပုံ ပုံစာ, တစ်ရှုးငှက်ပျောခင်းထဲက လုပ်ငန်းခွင်

ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံသားတွေစိုက်ထားတဲ့ တစ်ရှုးငှက်ပျောတွေကြောင့် ဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းတွေမရတဲ့အပြင် တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေအပေါ် ကျူးကျော် စိုက်ပျိုးတာ၊ အစိုးရဌာနဆိုင်ရာတွေကလည်း ဖြေရှင်းပေးမှုမရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ဗန်းမော်မြို့နယ်၊ ရိုးကြီးရွာက အမည်မဖော်လိုတဲ့ ဒေသခံ လယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကတော့ သူ့လယ်ဘေးမှာ လာရောက်စိုက်ပျိုးထားတဲ့ တစ်ရှုးငှက် ပျောခင်းတွေကြောင့် အခုချိန်မှာ အရင်ရှိခဲ့တဲ့ ရေတွင်းထဲကရေတွေခမ်းခြောက်ပြီး ရေသုံးလို့မရတော့ဘူး လို့ဘီဘီစီကိုပြောပါတယ်။

"အခုချိန်ထိဘယ်သူမှလာမဖြေရှင်းပေးသေးဘူး။ လယ်တွေပတ်ပတ်လည်မှာ တရုတ်ငှက်ပျောတွေချည်းပဲ၊ အဲဒီကနေ ဘာအကျိုးမှ ဒေသခံတွေအတွက်လုံးဝမရဘူး" လို့ သူကပြောပါတယ်။

အဲဒီစိုက်ခင်းတွေက ၂၀၁၀ ခုနှစ်ကတည်းက ရွာပိုင်မြေပေါ်မှာ ဘာခွင့်ပြုချက်မှမရှိဘဲ လာစိုက်ထားတာ လို့လည်း သူကဆိုပါတယ်။

အဲဒီတစ်ရှုးငှက်ပျောတွေက တပ်မတော်အစိုးရလက်ထက်ကတည်းက လက်နက်ကိုင်နယ်မြေတွေမှာ ဘိန်းအစားထိုးသီးနှံအဖြစ်စတင်စိုက်ပျိုးခဲ့အပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ အစိုးရထိန်းချုပ်နယ်မြေထဲက မြေလွတ်၊ မြေလပ်၊ ရွာပိုင်မြေအစရှိတဲ့ မြေတွေအထိပါ လာရောက်စိုက်ပျိုးလာတာဖြစ်ပါတယ်။