မတ်လ ၁၇ ရက် ထိပ်တန်းသတင်းများ-မတ္တရာက အိုင်ဒိုင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး မီးရှို့ခံရ
နိုင်ငံခြား ငွေလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ အခု ၂၀ ကိုလိုင်စင် ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကိုမလိုက်နာလို့ဆိုပြီး နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၂၀ ကို စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းကြောင်း မနေ့ မတ်လ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့အမိန့်နဲ့ညွှန်ကြားချက်တွေကို မလိုက်နာလို့ဆိုပြီး အဲဒီ ကုမ္ပဏီ ၂၀ ကို မတ်လ ၁၄ ရက်နေ့ကစလို့ လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တယ်လို့ ပါရှိပြီး ဘာအမိန့်ညွှန်ကြားချက်တွေကိုမလိုက်နာတာလဲဆိုတဲ့အသေးစိတ်ဖော်ပြချက်တော့မပါရှိပါဘူး။
လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီ ၂၀ ကတော့ Oake Khaung Travels & Tours, Senjo Royal Myanmar, Dawei Popular, Zam Myo Co ltd, Phyo Thet(PT), Sky Bound, Myanmar MCG corporation, Htwe and Htwe, Won Won, United eleven, Tun Yama, Myanmar Alinkar Hotel Group, Cartel, Super Phoneix, Golden Falcon shipping, Fairness Travels and Tours, Yadanar Bon Travel and Tours, Myanmar National Airlines, Dewant Finalcial Loan Microfinance နဲ့ Treausre Su တို့ ဖြစ်တယ်လို့ ပါရှိပါတယ်။
“အများစုကတော့ လိုင်စင်ယူထားပြီး အလုပ်မလုပ်ကြတာတွေလို့ သိရတယ်။ အတော်များများကတော့ အဲဒါကြောင့် ပြန်ရုပ်သိမ်းတာလို့သိရပါတယ်။ လိုင်စင်က ယူထားပြီးရင် ကောင်တာဖွင့်ရတယ်။ ပြီးတော့ ပုံမှန် အစီရင်ခံစာတင်ရပါတယ်။ အစီရင်ခံစာဆိုတာက ဥပမာ လုပ်ငန်းမလည်ပတ်ဘူး အလုပ်မရှိဘူးဆိုရင်လည်း အဲဒီအကျိုးအကြောင်းကို ၆ လတစ်ကြိမ် တင်ပြရတာပေ့ါ။ အဲဒါမျိုးမရှိလို့ ဖြစ်မယ်ထင်ပါတယ်။ ငွေလဲကောင်တာတွေကိုတော့ ဘာပဲရောင်းဘယ်လောက်ပဲရောင်းပမာဏမကန့်သတ်ထားပါဘူး။ ဒါပေမဲ့ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ပဲရောင်းရတာတော့ရှိပါတယ်”လို့ ရန်ကုန်မြို့က ငွေလဲကောင်တာလုပ်ငန်းလုပ်ကိုင်သူစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။
မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဘဏ်ထဲကငွေကြေးတွေကို တစ်ပတ်ကို ဘယ်လောက်ဆိုပြီး သတ်မှတ်နှုန်းထားနဲ့သာ ကန့်သတ်ထုတ်ယူခွင့်ပြုတာ၊ ဘဏ်တွေကိုလည်း သာမန်အကောင့်နဲ့ လုပ်ငန်းသုံးအကောင့်တွေကို တစ်ပတ်ဘယ်လောက်သာထုတ်ပေးရမယ်လို့ ကန့်သတ်ခဲ့တဲ့နောက် ဘဏ်စနစ်ကမောက်ကမဖြစ်ခဲ့ရသလို ရာခိုင်နှုန်းနဲ့ ငွေကို ငွေချင်းအမြတ်ပေးပြီး အလဲအလှယ်လုပ်ထုတ်ယူရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းပြန်လည်ဖြေလျှော့ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ဧပြီ ၃ ရက်ကစလို့ ပြည်တွင်းမှာ ဒေါ်လာစီးဆင်းမှုကို စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်ခဲ့တဲ့နောက် နိုင်ငံခြားငွေလဲနှုန်းဟာ တစ်ဒေါ်လာ ကျပ် ၄၅၀၀ ထိမြင့်တက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ၊ အဲဒီနောက် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ စသဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပေမဲ့ ပြင်ပမှာတော့ ဒေါ်လာငွေလဲနှုန်းက သတ်မှတ်စျေးထက် အမြဲလိုလိုမြင့်တက်နေခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၇ ရက် ငွေလဲနှုန်းမှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၈၆၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
သာကေတ ၉ ရပ်ကွက် ဧရာဝဏ်လမ်းမှာ ရဲတပ်ကြပ်တစ်ဦးနဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရဲတပ်ကြပ်နောက်တစ်ဦး စိုးရိမ်ဒဏ်ရာရ
သာကေတမြို့နယ်၊ ၉ ရပ်ကွက်၊ ဧရာဝဏ်းလမ်းမှာ ဒီနေ့ မတ်လ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခန့်က ရဲတပ်ကြပ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဧရာဝဏ်လမ်းမှာ သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းက ရဲတပ်ကြပ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို လူတစ်စုက သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် ရဲတပ်ကြပ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာဦးခေါင်းထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ကျန် ရဲတပ်ကြပ်တစ်ဦးကတော့ ဦးခေါင်းထိမှန်ဒဏ်ရာရကာ စိုးရိမ်ရကြောင်း သိရပါတယ်။
ဒဏ်ရာရရှိသူကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရဲတပ်ကြပ်နဲ့အတူ သေဆုံးသူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ လောလောဆယ်မသိရှိရသေးသလို ဖြစ်စဥ်နဲ့ပတ်သက်လို့ သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကိုဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ပြန်လည်ဆက်သွယ်ဖြေကြားပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
သာကေတမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အမှတ် ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗုံးတွေ့လို့ စစ်ကောင်စီတပ်တွေက ရှင်းလင်းဖောက်ခွဲတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။
မတ္တရာက အိုင်ဒိုင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, မတ္တရာ GZ
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်းက အိုင်ဒိုင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်ခိုအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီက ဒီနေ့ မတ်လ ၁၇ ရက်မနက် ၁၀ နာရီကျော်မှာ ဝင်ရောက်ခဲ့တဲ့နောက် ကျေးရွာနေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ္တရာမြို့နယ်အတွင်း အိုင်ဒိုင်ရွာအပါအဝင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွာတွေကို ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီ စစ်ကြောင်းဝင်လာချိန်ကစလို့ မပြေးနိုင်သူတချို့နဲ့ အိမ်စောင့်အဖြစ် ကျန်နေသူတချို့သာ ရှိပြီး ကျန်သူတွေအားလုံး စစ်ကြောင်းစထိုးလာကတည်းက ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၁၆ ရက် တစ်ရက်တည်းမှာတင် မတ္တရာမြို့နယ်တွင်းက မြွေရေယာဉ်၊ မြွေခလ၊ မြွေကတိုးဆိပ်၊ မြွေညောင်ဂျိုးကျေးရွာ စတဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာ တွေ အနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး သေဆုံးတာတွေရှိခဲ့လို့ အခုလို နေအိမ်တွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။
"မိုင်းဆွဲတာ ၇ ယောက်သေတယ်။ ဒါကြောင့် နေအိမ်တွေ ပတ် မီးရှို့နေတာ။ ကြွက်မနိူင် ကျည်မီးရှို့တဲ့ဟာတွေ။ လေးရွာပေါင်း ထောင်ကျော်တယ်။ သုံးပုံနှစ်ပုံ ပါသွားတာ"လို့ မတ္တရာဒေသခံ တစ်ဦးကပြောပါတယ်။
နေအိမ်အလုံးပေါင်း တစ်ထောင်ကျော် မီးလောင်ကျွမ်းခဲ့ပြီး ဒါဟာ ကျေးရွာလေးရွာ ရှိလူနေအိမ်တွေရဲ့ ထက်ဝက်ကျော်အရေအတွက် ရှိတယ်လို့ သိရပါတယ်။
မနေ့က အဲဒီဖြစ်စဥ်တွေမှာ မပြေးလွှားနိုင်တဲ့ သက်ကြီးရွယ်အို ၂ ဦး မီးထဲပါသွားတယ်လို့ သိရပြီး ဘယ်သူတွေဆိုတာ အတည်မပြုနိူင်သေးဘူးလို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဧရာဝတီ မြစ်ကမ်းဘေး မတ္တရာမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်အဖွဲ့က ကင်းပုန်းချ တပ်စွဲတာတွေရှိပါတယ်။ ဒါ့အပြင် မြစ်အနောက်ဘက်က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မတ္တရာမြို့နယ်က ကျေးရွာနေအိမ်တွေ မီးရှို့ခံရမှုနဲ့ လက်နက်ကြီးနဲ့ ကျေးရွာတွေ ပစ်ခတ်တာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ဗိုလ်ချုပ်ကြီး အင်ဘန်လ KIO ဥက္ကဋ္ဌ တာဝန်ပြန်ထမ်းဆောင်

ဓာတ်ပုံ ရင်းမြစ်, CJ
ကျန်းမာရေးကြောင့် အနားယူနေတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ တာဝန်ကို ပြန်လည်ထမ်းဆောင်နေပြီလို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကိုပြောပါတယ်။
အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လအနားယူနေချိန်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က (KIO) ဥက္ကဋ္ဌနေရာကို အခုနှစ်ဆန်းပိုင်းတုန်းက ယာယီ တာဝန်ယူခဲ့တာဖြစ်ပါတယ်။
‘’ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ယာယီ တာဝန်ယူခဲ့တာပါ။ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပဲ ဥက္ကဋ္ဌ ဖြစ်ပါတယ်’’ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
၂၀၁၈ မှာ KIO ဥက္ကဋ္ဌ ဦးဇောင်ဟရား အနားယူသွားလို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆက်ခံခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဝ အထူးဒေသ ပန်ခမ်းမှာ ပြုလုပ်တဲ့ မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ (FPNCC) အစည်အဝေးကို KIO ကိုယ်စားပြုပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းထဲက နယ်မြေ တချို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ နဲ့ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အဓိပ္ပာယ်ရှိတဲ့ သွားရောက်မှုမျိုး ဖြစ်မလာသရွေ့ မြန်မာနိုင်ငံကို ပြန်လည်လာရောက်မှာမဟုတ်ဘူးလို့ နိုလင်းဟေဇာပြော

ဓာတ်ပုံ ရင်းမြစ်, Screen Grab(UNTV)
NUG, CRPH တို့နဲ့ထိတွေ့ဆက်ဆံမှုတွေရှိပြီး NUG နိုင်ငံခြားရေးဝန်ကြီးနဲ့လည်းလူချင်းတွေ့ဖို့ စီစဥ်ခဲ့တယ်လို့ဆို
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံတာတွေရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့လည်းတွေ့ဆုံခဲ့ကြောင်းနဲ့ မကြာ သေးမီကာလက NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း လူချင်းတွေ့ဆုံဖို့ စီစဥ်ခဲ့ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ပြောကြားလိုက်ပါတယ်။
မြန်မာ့အရေးချဥ်းကပ်ဖြေရှင်းရာမှာ ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ NUG, CRPH အပြင် မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနေတဲ့ ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ လည်း ထိတွေ့ ဆွေးနွေးတာတွေရှိခဲ့ပြီး ဒါဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖြေရှင်းရာမှာ သူရဲ့ချဥ်းကပ်မှုပုံစံဖြစ်သလို သူ့နည်းလမ်းက ပထမဆုံး နားထောင်ကြည့်ဖို့ပဲဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။
အဲဒါမှသာ မြန်မာ့အရေး ကူညီပံ့ပိုးပေးရာမှာပြည်သူတွေရဲ့ လိုအပ်ချက်ကို အခြေခံပြီး စဥ်းစားဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးမှာ မြန်မာ့အရေးမိန့်ခွန်းပြောကြားအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲမှာ ကုလအထူးကိုယ်စားလှယ်က မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပေမဲ့ တစ်ဖက်မှာ NUG နဲ့ အတိုက်အခံအဖွဲ့အစည်းတွေနဲ့ တရားဝင်ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်ထားတာမရှိတာကြောင့် သူတို့နဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိလားဆိုတာနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ နောက်တစ်ဆင့် က ဘာလဲ၊ မြန်မာကိုဘယ်တော့ထပ်မံသွားရောက်ဖို့ရှိမလဲ စတဲ့ AP သတင်းဌာနရဲ့ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ်။
NUG, CRPH က ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရာမှာလည်း သူတို့တွေဘက်က ဒီလိုတွေ့ဆုံမှုတွေကို လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာတွေရှိခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကပဲ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ လူချင်းတွေ့ဆုံဖို့ စီစဥ်မှုတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နောက်ထပ်တွေ့ဖို့ မြန်မာနိုင်ငံကို ဘယ်တော့ပြန်သွားဖို့ရှိမလဲလို့ မေးမြန်းမှုကိုတော့သူက အဓိပ္ပာယ်ရှိတဲ့ သွားရောက်မှုမျိုး ဖြစ်မလာမချင်း ပြန်လည်သွားရောက်မှာမဟုတ်ဘူးလို့လည်း သူက ဆက်ပြောပြီး မြန်မာနိုင်ငံ လက်ရှိ သွားနေတဲ့ဦးတည်ချက်လမ်းကြောင်း အပြောင်းအလဲကို မမြင်ရရင် သွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးကို လက်လျှော့သွားမှာမဟုတ်သလို ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ဆက်လက်ပံ့ပိုးသွားဖို့ လိုအပ်တယ်လို့ဆိုပြီး ဒါကြောင့် မြန်မာ့အရေး ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုဟာ အရေးကြီးတယ်လို့နားလည်ကြောင်း သူကပြောပါတယ်။
စစ်အာဏာသိမ်းမှု သုံးနှစ်ရှိလာချိန် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ စိုးရိမ်ဖွယ်ရာနှုန်းနဲ့ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေနဲ့နိုင်ငံအပေါ် ဆိုးဆိုးရွားရွား ထိခိုက်သက်ရောက်မှုတွေ ရှိနေကြောင်း၊ ပြင်းထန်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားမှာပဲ စစ်တပ်အပေါ် လူထုရဲ့ ခုခံတော်လှန်မှုတွေက အကြမ်းမဖက်နည်းနဲ့ရော လက်နက်ကိုင်နည်းလမ်းနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့်ဆက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ကုလအထွေထွေညီလာခံမှာ ပြောကြားခဲ့ကြောင်း ကုလပြောခွင့်ရသူက မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။
နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရပ်ဖို့၊ အရပ်သားတွေနေထိုင်တဲ့အဆောက်အဦတွေကို မီးရှို့တာတွေရပ်ဖို့နဲ့ သေဒဏ်စီရင်မှုတွေထပ်မလုပ်ဖို့နဲ့ နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့ စတဲ့ ကိစ္စရပ်တွေမှာ ဖြစ်နိုင်တဲ့ ထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း နိုလင်းဟေဇာက ပြောပါတယ်။
မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ နဲ့တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းရေး ကိုယ်ပိုင်အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ မြောက်ပိုင်းအဖွဲ့တွေပြော

ဓာတ်ပုံ ရင်းမြစ်, Social Media
တရုတ်အထူးသံ မြောက်ပိုင်း ၇ ဖွဲ့နဲ့ ကူမင်းမှာ ထပ်မံတွေ့ဆုံဖို့ရှိ
မြန်မာ့ပြည်တွင်းရေးမှာ ဗမာပြည်မနဲ့အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမှာ နည်းလမ်းမျိုးစုံရှိပေမဲ့ လူနည်းစုတိုင်းရင်းသားရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုစည်းဖွဲ့ထားတဲ့ FPNCC (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ) က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့ပြည်တွင်းရေး ပြည်တွင်းပဋိပက္ခတွေ ပြေလည် ချုပ်ငြိမ်းရေး တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။
မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တို့က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ခမ်းမြို့မှာ ကျင်းပတဲ့ FPNCC လုပ်ငန်းအစည်းအဝေးကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UNSP) ကချင်လွတ်လပ်ရေးအဖွဲ့(KIO), ရှမ်းအရှေ့အထူးဒေသ(၄) ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ(PSC) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မိုင်းလားအဖွဲ့(MNTJP) ရက္ခိုင့်တပ်တော် အေအေနဲ့ ပလောင်အဖွဲ့ PSLF စတဲ့အဖွဲ့ဝင် ခုနစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ကိုဗစ်ကာလမှာ နှောင်ကြိုးမဲ့အကူအညီတွေကိုပေးခဲ့တဲ့ တရုတ်အစိုးရကိုကျေးဇူးတင်ပြီး တရုတ်အစိုးရနဲ့ ဆက်လက်လက်တွဲလို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအပါအဝင် ကျန်းမာရေး လူမှုရေးနဲ့ လူမှုဝင် ကုန်သွယ်ကူးသန်းသွားလာရေး တို့ကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမှာ မြန်မာ့အရေး တရုတ်အထူးသံအသစ် တိန့်ရွှီကျွင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေ ဒီသီတင်းပတ်အတွင်းမှာပဲ တွေ့ဆုံပြီးရှိပြီး ပန်ခမ်းဆွေးနွေးပွဲက ဒီဆွေးနွေးပွဲမတိုင်ခင် အကြိုဆွေးနွေးပွဲလို့လည်း ယူဆမှုတွေရှိပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက တရုတ်အထူးသံဟာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့အပြီး ဝ၊ ကေအိုင်အေနဲ့ မိုင်းလားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဌာနချုပ်တချို့ကိုလည်းသွားရောက်တွေ့ဆုံခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ခရီးစဥ်အတွင်း ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာနှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားတာမရှိပေမဲ့ နီးစပ်သူတွေကတော့ တရုတ်အထူးသံက မြန်မာ့အရေးနဲ့ပတ်သက်လို့ NUG ရဲ့ ဆက်ဆံရေးရုံး ဝါရှင်တန်မှာဖွင့်လှစ်မှုအပေါ် သဘောမကျကြောင်းနဲ့ ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးမဲခွဲဆုံးဖြတ်မှုနဲ့ပတ်သက်လို့ တရုတ်ရဲ့ရပ်တည်ခဲ့မှုအပေါ် ထပ်လောင်းပြောကြားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို စစ်ရေးသင်တန်းပေးတာ၊ ပူးတွဲ စစ်ဆင်ရေးတွေပြုလုပ်တာနဲ့ လက်နက်အကူအညီပေးမှုတွေမှာ ဒီမြောက်ပိုင်းအဖွဲ့တွေထဲ KIA က ပါဝင်နေပြီး ကချင်ပြည်နယ်နဲ့ ကချင်စစ်ကိုင်းအစပ် နေရာတချို့၊ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။








