အင်းလေးမှာ စစ်ကောင်စီတပ်နဲ့ အတူ PNO ပြည်သူ့စစ်ပူးတွဲပြီး စစ်ဆင်ရေး လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား တိုးရစ်တွေအပါအဝင် အပန်းခြေခရီးထွက်ကြသူတွေ အာရုံကျရာ နေရာ၊ ဒေသတွေထဲ အထင်ကရတခုဖြစ်တဲ့ အင်းလေးကန် နားဆီမှာ တိုက်ပွဲသံတွေ ထွက်လာနေပြီး ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေကြတာက နိုင်ငံအနှံ့အပြားဖြစ်ပေမယ့် ဒီ ၂ နှစ်နီးပါး အတွင်း တိုက်ပွဲ ဆိုလို့ ကြီးကြီးမားမား မရှိခဲ့ဖူးတဲ့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေး နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) ၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ နဲ့ ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၃ ရက် ကနေ ၅ ရက်အထိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက် ခဲ့ကြ တာပါ။
တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေနဲ့ အတူ PaO National Organization - PNO ပအိုဝ်း ပြည်သူ့စစ်တွေ ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“(စစ်ကြောင်းထဲမှာ) PNO ပြည်သူ့စစ်တွေ ပါတယ်၊ ဒလန်တွေလည်းပါတယ်၊ ရွာတွေမှာ လူငယ်တွေ သူတို့အိမ်မှာ သူတို့ မအိပ်ရဲတော့ဘူး၊ အကုန်ရှောင် နေရတယ်"လို့ ဒေသခံ တယောက်က ပြောပါတယ်။
PNO ပအိုဝ်း လက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၀ အစောပိုင်းနှစ်တွေကတည်းက (အဲဒီအချိန်က) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့ တပ်တွေကို ပြည်သူ့စစ် အသွင်ကို ပြောင်းခဲ့ပါတယ်။
အင်းလေးနယ်မှာ အင်းသားလူမျိုးက အများစု ဖြစ်ပေမယ့် ပအိုဝ်းရွာတွေလည်း အတော်များများရှိပြီး PNO သြဇာလွှမ်းနိုင်တဲ့ ရွာအများအပြားရှိတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေက အင်းလေးကန် အနောက်ဘက်ခြမ်းက ဘုရားနီရွာ၊ သပြေပင်ရွာ၊ ( အရင် အင်းလေးခေါင်တိုင် လူရည်ချွန် စခန်းနဲ့ နီးတဲ့) သန်းတောင်ရွာ စတဲ့ ရွာတွေနဲ့ အနီးအနားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်တာ မတိုင်မီ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီတပ်က “PDF တွေဝင်လာမှာ” ဆိုတဲ့ သတင်းတွေအပေါ် အခြေခံပြီး အဲဒီရွာတွေဘက်မှာ လူငယ် တွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံရသူ လူငယ် ၃၀ ကျော် ရှိပြီး တချို့ ပြန်လွတ် လာကြပေမဲ့ အများစုက ဖမ်းဆီးခံထားရဆဲပဲ လို့ သိရပါတယ်။
အဲဒီကာလကတည်းက အင်းလေးနယ်ထဲမှာ မတည်ငြိမ်မှုတွေက ဖြစ်နေတာပါ။
တိုက်ပွဲတွေ ဘယ်လောက်ပြင်းထန်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးက အကျအဆုံးရှိတယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်တွေဘက်က ပြောပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အဲဒီဒေသဘက်မှာ တိုက်ပွဲ ဖြစ်ပွား ကြောင်း ပြောပေမယ့် ပစ်ခတ်ကြတာက ၇ မိနစ်သာ ကြာပြီး သူတို့တပ်နဲ့ PDF ၅ ယောက်နဲ့ တိုက်ပွဲဖြစ်တာလို့သာ ပြောပါတယ်။
အင်းလေးဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပို့လုပ်ငန်းတွေ လုပ်ပေးနေတဲ့ Ride behind Kalaw အဖွဲ့ကတော့ အဲဒီမှာ အခြေအနေတွေက မတည်ငြိမ်သေးတဲ့ အတွက် သတင်းတွေကို နောက်မှ ထုတ်ပြန်ပေးမယ်လို့ ပြော ပါတယ်။
တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း အင်းလေးကန် အနောက်ဘက် နဲ့အရှေ့ဘက်ခြမ်း က ကုန်းလမ်းတွေမှာ စစ်ကောင်စီတပ်က ပိတ်ဆို့တားဆီးပြီး စစ်ဆေးရေး တင်းကျပ် နေသလို အလယ်လမ်းလို့ ခေါ်ကြတဲ့ ရေလမ်းမှာလည်း သူတို့က စစ်ဆေးတာတွေ လုပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းတွေပိတ်ထားလို့ ဒေသခံတွေတောင် အသွားအလာ သိပ်မရှိဘူး၊ (အင်းလေး ကန်) အနောက်ဘက်ခြမ်းက လမ်းဆိုရင် လုံးဝပိတ်ထားတာ” လို့ ဒေသခံ တယောက် က ပြောပါတယ်။
ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းကို ထပ်သက်ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကာလကတည်းက ကျဆင်းလာတဲ့ အင်းလေး ခရီးသွား စီးပွားရေးဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာရာကနေ အခု မတည်ငြိမ်မှုတွေကြောင့် ထပ်ဆိုးလာမယ့်ပုံတွေ့ရပါတယ်။
ပြည်တွင်းခရီးသွားတွေ နည်းနည်းပါးပါး ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလက အင်းလေးကို ပြန်လာခဲ့တာမျိုးက လွဲလို့ အဲဒီဘက်မှာ ခရီးသွား စီးပွားရေးက ထိုးကျနေတာပါ။
ဒေသခံတွေကြားမှာ အင်းလေးကို သွားလည်မယ်ဆိုရင် ဖေ့စ်ဘွတ်ခ်က ပေ့ချ်တချို့ကို ညွှန်းဆိုပြရင်း အဲဒီပေ့ချ်တွေက သွားဖို့ သင့်တော်တယ်၊ လုံခြုံဘေးကင်းပါတယ်လို့ ပြောထားမှသာ ခရီးသွားဖို့ သူတို့ ဆုံးဖြတ်ကြတယ်လို့လည်း သိရပါတယ်။
အခုတိုက်ပွဲသတင်းကြောင့် နှစ်သစ်ကူးရာသီ အင်းလေးကို လာလည်ပတ်ဖို့ ရည်ရွယ်ထားတဲ့ ခရီးစဥ်တွေ ဖျက်သိမ်း နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။








