ဒီဇင်ဘာလ ၁၁ ရက် ထိပ်တန်းသတင်းများ - မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေသူ ပုဂ္ဂိုလ် ၄ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို ဥရောပသမဂ္ဂ ဒဏ်ခတ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆက်လက်ဆိုးရွားလာနေချိန်မှာပဲ မြန်မာ စစ်ကောင်စီ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပုဂ္ဂိုလ် လေးဦးနဲ့ ကုမ္ပဏီ နှစ်ခုကို အီးယူ ဥရောပသမဂ္ဂဝင် နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုး ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ထပ်တိုးချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေးပုဂ္ဂိုလ်၊ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ စစ်ကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ကယားပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး တို့နဲ့အတူ စစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ Royal Shune Lei ကုမ္ပဏီလိမိတက် တို့ပါဝင်ပါတယ်။

အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာ ဖြစ်သလို သူတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိူးအမြတ် ဖြစ်စေမယ့် စီးပွားရေးအရင်းအမြစ်တွေကို ပိတ်ပင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို ဥရောပဒေသထဲ လာရောက်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

စစ်ကောင်စီအစိုးရဆီ တိုက်ရိုက်သွားတဲ့ ဥရောပ စီးပွားရေး အကူအညီတွေကို ဆက်လက် ဆိုင်းငံ့ထားမှာ ဖြစ်သလို စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုရာ မကျအောင် ဥရောပသမဂ္ဂက အထောက်အပံ့ အကူအညီတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဥရောပသမဂ္ဂက စစ်ထောက်ချုပ်၊ အရပ်သားစစ်ကောင်စီဝင် နှစ်ဦး၊ ဝန်ကြီး သုံးဦးနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့ကို ထပ်တိုးပိတ်ဆို့ အရေးယူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းမြောက်အရေး ဆွေးနွေးမှု တိုးတက်မှုရထားတယ်လို့ တရုတ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခအရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆွေးနွေးထားပြီး ရလာဒ်တွေကောင်းမွန်ထားတယ်လို့ တရုတ်နိုင်ငံဘက်က ပြောလာပါတယ်။

‘‘ရလာဒ်ကောင်းတွေ ထွက်ပေါ်လာအောင် တရုတ်နိုင်ငံဘက်က ပံ့ပိုးကူညီ ထောက်ပံ့သွားမယ်လို့’’ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မောင်နင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

‘‘မြန်မာပြည်မြောက်ပိုင်းက အခြေအနေ အေးငြိမ်းသက်သာရေးဟာ သက်ဆိုင်ရာပါဝင် ပတ်သက်သူတွေအားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်လို့လည်း ကျွန်မတို့ ယူဆသလို တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်မှာ တည်ငြိမ် အေးချမ်းရေး ထိန်းသိမ်းဖို့လည်း အထောက်အကူဖြစ်စေတယ်’’ သူက ဆက်ပြောပါတယ်။

ဘီဘီစီသတင်းရင်းမြစ်တွေကတော့ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့အဲဒီဆွေးနွေးပွဲကို မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်ဖွဲ့က ခေါင်းဆောင်ပိုင်းနဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးတို့ တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

တွေ့ဆုံပွဲကိုတော့ စစ်ကောင်စီဘက်က အတည်ပြုပြီး ‘‘တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအပေါ် မူတည်ပြီး တိုးတက်မှုတွေအပေါ်မှာ မူတည်ပြီး ဒီလကုန်ပိုင်းမှာလည်း တွေ့ဆုံဖို့ရှိပါတယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တအာင်းတပ်(TNLA)ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

ဒါကြောင့် တွေ့ဆုံမှုမှာပါဝင်ခဲ့တယ်ဆိုတဲ့ MNDAA၊ AA အဖွဲ့တွေထံ ဘီဘီစီ ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြား တာမရှိသေးပါဘူး။

တဖက်မှာလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာ ရှီယွီကန်းနဲ့ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်တုန်းက တွေ့ဆုံ ဆွေးနွေးထားပါတယ်။

နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ယူနန်ပြည်နယ်ဟာ လက်ရှိမှာ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်တို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ပြည်နယ်ဖြစ်ပါတယ်။

တဖက်မှာလည်း မြောက်ပိုင်းညီနောင် သုံးဖွဲ့ထဲက ကိုးကန့်တပ်(MNDAA) ဟာ လောက်ကိုင်မြို့ထဲက တုံချိန်အရပ်ကို ထိန်းချုပ်ထားလိုက်ပြီလို့ သိရပါတယ်။

ရခိုင်မှာ စစ်တပ် ဒရုန်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး

ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်နဲ့ စစ်တွေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ဒီဇင်ဘာလ ၁၀ ရက်မှာ မင်းပြားမြို့ပေါ်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဥက္ကာပျံရပ်ကွက်က အသက် ၁၃ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးခဲ့ပါတယ်။

‘‘မင်းပြားက မြို့ခံတွေက စစ်ရှောင်နေကြပြီ။ အခုမြို့တွင်းကို လက်နက်ကြီးကျခဲ့တော့ ကျန်ခဲ့တဲ့သူတွေထိကြတာ’ လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

စစ်တွေမြို့အစွန်က ဝါဘိုကျေးရွာမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်က ပဒေသာကျေးရွာမှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံး ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာထဲက နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံအချို့လည်း ဒဏ်ရာရ ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပြောဆိုပါတယ်။

မနေ့တစ်နေ့တည်းမှာပဲ ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ ၂၈၉ ကနေ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့နေ့လယ်ပိုင်းမှာပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ပလက်ဝမြို့ပေါ် စည်ပင်ရုံးခေါင်မိုးပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေကပြောဆိုကြပါတယ်။

ခလရ ၂၈၉ တပ်ရင်းဟာ ကုလားတန်မြစ်တောင်ဘက်ခြမ်း ပလက်ဝမြို့ရဲ့တစ်ဘက်ကမ်းမှာတည်ရှိပြီး မြို့တွင်းနေရာကိုပစ်ခတ်လိုက်တာကြောင့် အခုလိုကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

ပလက်ဝမြို့နဲ့အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိသလို စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ အခုလိုရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကမနက်ပိုင်းကလည်း လက်နက်ကြီးကျည်တစ်လုံး ပလက်ဝဆေးရုံအနောက်ဘက် ဝန်ထမ်းအိမ်ရာမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နဲ့ မိုင် ၂၀ ဝန်းကျင်အကွာမှာတော့ စစ်ကောင်စီရဲ့ နှုံးဘူး ဗျူဟာတပ်စခန်းကို အေအေဘက်က ဝင်ရောက်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။

အိန္ဒိယနယ်စပ်အနီးက စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာတပ်စခန်းတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ လေကြောင်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။

ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့တွင်းပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ၊ ဝင်ရောက်ဖမ်းဆီးတာတွေနဲ့ကြုံနေကြရတဲ့အတွက် မြို့ပေါ်နေလူထုတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး လက်ရှိမှာတော့ စစ်ရှောင်ဦးရေ ၂ သိန်းဝန်းကျင်အထိရှိလာနေပြီလို့ သိရပါတယ်။

နယ်မြေတည်ငြိမ်မှုရအောင်အမြန်ဆုံးလုပ်ပေးမယ်လို့ လားရှိုးရောက် စစ်ခေါင်းဆောင်ပြော

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်၊ လားရှိုးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနေ့က ရောက်ရှိခဲ့ပြီး နယ်မြေတည်ငြိမ်မှုရအောင် အမြန်ဆုံးလုပ်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

လားရှိုးမြို့ပေါ်မှာတည်ရှိတဲ့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှာခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို တွေ့ဆုံပြီး အခုလိုပြောခဲ့တာဖြစ်ကြောင်း ဒီကနေ့ထုတ်သတင်း‌စာတွေမှာ အကျယ်တဝင့်ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လားရှိုးခရီးစဉ်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ပါ လိုက်ပါလာခဲ့ပြီး လားရှိုးစစ်ဆေးရုံမှာတက်ရောက်နေတဲ့ အရာရှိ၊ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါသေးတယ်။

အခုလို လားရှိုးစစ်ဆေးရုံရောက်စစ်သည်တွေနဲ့ တွေ့ဆုံတာဟာ စစ်တပ်ခေါင်းဆောင်တွေရဲ့ ‘’တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်’’ဆိုပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီဇင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လားရှိုးစစ်ဆေးရုံမှာတက်ရောက်ကုသနေရတဲ့ အရာရှိ၊ စစ်သည်နဲ့ ရဲ အဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားတာမတွေ့ရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့က ပြုလုပ်တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ၄၅ ရက် ကြာကာလထဲ စစ်ကောင်စီစခန်း ရာနဲ့ချီ လက်လွှတ်ထားရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တဝိုက်မှာလည်း မကြာခဏတိုက်ပွဲဖြစ်ပွားနေတာကို တအာင်းတပ်(TNLA) ရဲ့နေ့စဉ်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

နမ့်ဆန်က ကဒိုင်းဖူးတောင်စခန်းကို TNLA သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က ကဒိုင်းဖူးတောင်စခန်းကို တအာင်းတပ်(TNLA) ကသိမ်းယူလိုက်ပြီလို့ TNLA ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်၊ ညနေပိုင်းမှာ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းယူခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် TNLA ဟာ မနေ့ တစ်နေ့တည်းမှာပဲ ကွတ်ခိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကွတ်ခိုင်စခန်း၊ မူဆယ်မြို့နယ်ထဲက ၁၀၅ မိုင်စခန်း၊ မန်တုံမြို့နယ်ထဲက အမှတ် ၁၃၀ ခြေလျင်တပ်ရင်း၊ နမ့်ခမ်းမြို့နယ်က စခန်းသစ်ကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်ပြည့် မြောက်ပိုင်းညီနောင် မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူ့စစ်တွေကို လက်နက်ချဖို့ ကိုးကန့်တပ် MNDAA က တိုက်တွန်းလိုက်ပါတယ်။

ကိုးကန့်တပ်ဟာ တိုက်ပွဲတွေမှာလက်နက်ချတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဆိုပြီး အမျိုးသား ၄၉ ဦးကို ဒီဇင်ဘာလ ၉ ရက်မှာ လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ‘‘တပ်မတော်သားတွေဟာ မိသားစုတွေရဲ့လုံခြုံရေးအရ၊ မိသားစုတွေရဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်အရ ဖမ်းဆီးခံရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဘယ်သူမှ သူရဲဘောကြောင်ပြီး သွားပြီးအညံ့ခံတဲ့သူ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် တပ်ကနေကင်းကွာသွားတဲ့ ခွင့်မဲ့ ပျက်ကွက်သူတွေလည်း ရှိလိမ့်မယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိလိမ့်မယ်၊ ရဲတပ်ဖွဲ့ဝင်တွေ ရှိလိမ့်မယ်။ ဒီလိုလူမျိုးတွေကို ဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့ ပြယုတ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်’’ လို့ အဲဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောထားပါတယ်။