စက်တင်ဘာ ၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - အချက်အလက်လုံခြုံမှု မစိုးရိမ်ဘဲ သန်းခေါင်စာရင်းကို မှန်မှန်ကန်ကန်ဖြေဆိုကြဖို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Screen Grab
လာမယ့် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရင် ပြည်သူတွေအနေနဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြေဆိုကြဖို့ဆိုတဲ့ အချက်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁ ရက်၊ ဒီနေ့ မနက်ပိုင်း ပြောတဲ့မိန့်ခွန်းမှာ ၃ ကြိမ်လောက် ထည့်ပြောကြားသွားပါတယ်။
အဲဒီအတွက်လည်း ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေက ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုပေးထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“အိမ်ထောင်စု အဖွဲ့အစည်းအတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက် မေးမြန်းမယ့် မေးခွန်းတွေကို သံသယစိတ်၊စိုးရိမ်ကြောင့်ကြစိတ်များကင်းစွာနဲ့ နောက်အနာဂတ် မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကို အမှန်အတိုင်း၊ အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့ လိုအပ်ပါတယ်” လို့ သူက ရုပ်သံမိန့်ခွန်းမှာ ထည့်ပြောပါတယ်။
သန်းခေါင်စာရင်းကို နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လိုအပ်လို့ ကောက်ယူတာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။
သန်းခေါင်စာရင်းအချက်အလက်တွေက ကျန်းမာရေး၊ ပညာရေးတွေကို စီမံဆောင်ရွက်ဖို့အပြင် ရွေးကောက်ပွဲ မဲစာရင်းအတွက်လည်း အရေးကြီးတယ်လို့ လည်းမိန့်ခွန်းမှာပြောပါတယ်။
တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ ရဲ့ ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြို့ပေါင်း ၇၀ ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကို သူတို့ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာပဲ ကောက်ယူသွားမယ်လို့ နားလည်ရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ကောက်ယူမယ့် သန်းခေါင်စာရင်းကရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲမဲစာရင်းတွေကို ပြုစုသွားမှာလည်း ဖြစ်ပါတယ်။
ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းပေါ် ပစ်ခတ်မှုအတွင်း ဒုရဲမှူးအပါအဝင် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Screen Grab
မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစ်စီး ပစ်ခတ်ခံရပြီး ဒုရဲမှူးအပါအဝင် ရဲတပ်သား ၃ ဦး သေဆုံးတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကြည်စတားက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတိုက်ခိုက်မှုကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး မဟာမိတ်အဖွဲ့တွေက သြဂုတ် ၃၁ ရက်၊ ညနေ ၃ နာရီအချိန်မှာပြုလုပ်ခဲ့တာလို့လည်း သူကပြောပါတယ်။
“ဒီကားပေါ်ပါလာတဲ့ စကစ ဝန်ကြီးဌာနတစ်ခုက လက်ထောက်ညွှန်ကြားရေးမှူး နှစ်ယောက်ကိုတော့ အရှင် ဖမ်းမိထားပါတယ်။ ဘယ်ဌာနကလည်း ဆိုတာတော့ အတည်ပြုနေဆဲဖြစ်ပေမယ့် နိုင်ငံခြားရေးက လို့တော့ သတင်းရထားတယ်” လို့ ကိုကြည်စတားက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြင်းခြံခရိုင်စစ်ဆင်ရေးကြောင့် မိတ္ထီလာဘက်ကို စစ်ကောင်စီဘက်က လုံခြုံရေးတွေပြီး တင်းတင်းကြပ်ကြပ်ချထားတယ်လို့ နယ်ခံတွေကပြောကြပါတယ်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဟာ သြဂုတ် ၁၀ ရက်နေ့မှာ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ တပြိုင်နက်စတင်ခဲ့တာဖြစ်ပြီး လက်နက်လိုအပ်ချက်နဲ့လေကြောင်းခြိမ်းခြောက်မှုကြောင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်း မရှိသေးပေမယ့် အခိုင်အမာရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကို တိုက်ဖို့ထိ ရည်ရွယ်ထားတယ်လို့ စစ်ဆင်ရေး မဟာမိတ်တပ်ဖွဲ့တစ်ခုတဲ့ တောင်သာ ပကဖဘက်က ဘက်က ဘီဘီစီကို ပြောထားပါတယ်။
လားရှိုးကို စစ်တပ်ဗုံးကြဲမှု ဒေသခံတွေ အထိတ်တလန့်ဖြစ်ရတယ်လို့ MNDAA ပြော

ဓာတ်ပုံ ရင်းမြစ်, ကိုးကန့်သတင်းအဖွဲ့
လားရှိုးမြို့ တဖြည်းဖြည်း တည်ငြိမ်လာပြီး ဒေသခံတွေ ပြန်လည် အသက်မွေးကြောင်းပြုဖို့ မြို့ကို ပြန်လာချိန်မှာ စစ်တပ်က ညအချိန် လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ဒေသခံအရပ်သားတွေ အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ကိုးကန့်တပ်(MNDAA) က ပြောလာပါတယ်။
လက်ရှိမှာ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ကို သြဂုတ်လ ၃၀ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို MNDAA ဘက်က ပြောလာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က သြဂုတ်လ ၃၀ ရက် ည ၉ နာရီဝန်းကျင်မှာ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက် ၉ မှာရှိတဲ့ အမှတ် ၈ အထက်တန်းကျောင်းနဲ့ ကျောင်းအနီးနားက လူနေ အိမ် အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံတွေ ပျက်စီးခဲ့တာကြောင့် စစ်တပ်ရဲ့ အကြမ်းဖက်မှု သဘာဝကို ပေါ်လွင်စေတဲ့လုပ်ရပ်လို့ ကိုးကန့်တပ်(MNDAA) က ပြောပါတယ်။
ကိုးကန့်တပ်(MNDAA)ဟာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို ပစ်မှတ် ထားတိုက်ခိုက်တဲ့ ဇူလိုင်လ ဆန်းပိုင်းကတည်းက စတင်တဲ့တိုက်ပွဲတွေအပြီးမှာ လားရှိုးမြို့ကို ထိန်းချုပ် ထားတာဖြစ်ပါတယ်။
စစ်ကောင်စီက မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, HKL Mindat
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က သြဂုတ်လအတွင်းကစပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့နီးစပ်သူဆီကနေ သိရပါတယ်။
ချင်းကာကွယ်ရေးတပ်(CDF မင်းတပ်) ကလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေရှိလာပြီး နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်လို့ သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ထားတာပါ။
လေကြောင်းရန်ကာကွယ်ဖို့ မင်းတပ်လူထုကို လူစုလူဝေးနဲ့နေတာ ရှောင်ရှားဖို့၊ အိမ်အောက်မှာ ပုန်းခိုစရာနေရာ တူးထားဖို့၊ သတင်းအချက်အလက်တွေကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူတွေကိုမေးဖို့နဲ့ သတင်းမှားဖြန့်ဝေတာမလုပ်ဖို့ မင်းတပ် CDF က သတိပေး ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကနေ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းကို ရိက္ခာ၊ လက်နက်နဲ့ စစ်ကူပို့မရအောင် CDF က ကုန်းလမ်း ပိတ်ထားတာကြောင့် လေကြောင်းကနေ ထောက်ပို့လုပ်နေပါတယ်။
၂၀၂၄ ခုနှစ်၊ ပထမ ၆ လတာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၈၆ ကြိမ် လုပ်ခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မင်းတပ် CDF ထုတ်ပြန်ချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ထိခိုက်သေဆုံးတဲ့ အချက်အလက်အတိအကျကိုတော့ ဘီဘီစီက မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားတာမရှိသေးပါဘူး။
ပြည်တွင်းပုဂ္ဂလိကဘဏ်ချေးငွေအတိုးနှုန်းတွေ ၂ ရာခိုင်နှုန်းဝန်းကျင်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ချေးငွေအတိုးနှုန်းတွေ ဒီနေ့ စက်တင်ဘာ ၁ ရက်ကစပြီး ချေးငွေ အမျိုးအစားပေါ်မူတည်ကာ ၂ ရာခိုင်နှုန်းဝန်းကျင်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဘဏ်တချို့ရဲ့hotlineနဲ့ ဝန် ဆောင်မှုရယူထားသူတွေဆီကနေသိရပါတယ်။
ဘဏ်ဘက်က အတိုးနှုန်းတိုးမြှင့်သတ်မှတ်တယ်ဆိုတဲ့အကြောင်း စာတိုနဲ့အရင်အကြောင်းကြားလာတယ်လို့ ရန်ကုန်မြို့က အိမ်ရာချေးငွေယူထားသူတစ်ဦး ဘီဘီစီကိုပြောပါတယ်။
“ဘဏ်ကပြောတာတော့ အများကြီးတက်တာ မဟုတ်ဘူး။တစ်နှစ်တာ ပျမ်းမျှချရင် ပေးနေကျ ထက် သောင်းဂဏန်းပဲ ပိုမယ်လို့တော့ ပြောတယ်။ အခု မီတာခလည်း တိုးကောက်လာ၊ ဘာပဲဖြစ်ဖြစ် တိုးလာ၊ လစာက မတိုးလာ၊ ပေးရမယ့်အကြွေးက တိုးလာတော့ စိတ်တွေညစ်ပါတယ်”လို့ သူကပြောပါတယ်။
အိမ်ရာချေးငွေအပါအဝင် ဘဏ်ချေးငွေအပေါ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်လိုက်သလို ဘဏ်အပ်ငွေအမျိုးအစား ပေါ်မူတည်ပြီးလည်း အတိုးနှုန်းတိုးမြှင့်ပေးမှာဖြစ်တယ်လို့ ပုဂ္ဂလိကဘဏ်တချို့က ထုတ်ပြန်ကြေညာထားပါတယ်။
''ပြည်တွင်း ငွေဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့စေဖို့ဆိုပြီး ဘဏ်အတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်တယ်'' လို့ စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ဘဏ်တိုးနှုန်းတွေ တက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီ အသစ်ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေထဲမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပ်ငွေ အတိုးကို အနည်းဆုံး ၇ ရာခိုင်နှုန်းသတ်မှတ်နိုင်ပြီး ချေးငွေ အတိုးကိုတော့ ၁၅ ရာခိုင်နှုန်းအထိ ယူနိုင်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းတွေဟာ တခြားနိုင်ငံတွေက ဘဏ်အတိုးနှုန်းတွေထက် အဆပေါင်းများစွာ မြင့်မားနေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
ဗဟိုဘဏ်ဘက်ကတော့ ပြည်သူတွေအနေနဲ့ ဘဏ်အပ်ငွေကနေ အတိုးပိုရအောင်အပြင် ဘဏ်တွေအနေနဲ့ ချေးငွေ ပိုထုတ်ချေးနိုင်အောင် အတိုးနှုန်းတွေကို ပြင်ဆင်ခဲ့တာလို့ ပြောပါတယ်။
မဏိပူရနဲ့ အာသံပြည်နယ်က ဖမ်ဆီးခံမြန်မာနိုင်ငံသားတွေ လွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, N. Biren Singh
တရားမဝင်နယ်စပ်ဖြတ်ကျော်နေထိုင်မှုနဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ အာသံပြည်နယ်က နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို လွှတ်ပေးဖို့ မိသားစုဝင်တွေက အိန္ဒိယ အစိုးရကို တောင်းဆိုနေကြပါတယ်။
မဏိပူရပြည်နယ်က အင်ဖာထောင်မှာတော့ ဖမ်းဆီးခံမြန်မာနိုင်ငံသား အမျိုးသား ၅၂ ယောက်က သြဂုတ် ၂၆ ရက်ကနေ ၃၀ ရက်အထိ အစာငတ်ခံဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
“ကျွန်တော့်သားက လွတ်ရက်လည်းစေ့နေပြီ။ ထောင်ထဲမှာ အနေအစားကော ဖိနှိပ် နှိပ်စက်နေတာတွေကြားရတာလည်းစိတ်ကောင်းဘူး။ သူတို့ အပြစ်ရှိတယ်ဆိုလည်း ရက်စေ့ခံပြီးပြီဆိုတော့ အမြန်ဆုံးလွှတ်ပေးဖို့ပဲ ပြောချင်တယ်ဗျာ”လို့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ဖခင်က ပြောပါတယ်။
သူ့သားနဲ့အတူ တစ်ရွာတည်းနေသူ ၁၃ ယောက်လည်း ရက်ကန်းအလုပ်အတွက်သွားရင်း အိန္ဒိယနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတာပါ။
“ပိုက်ဆံပေးရင် လွှတ်ပေးမယ်ဆိုလို့ မရှိတဲ့ကြားက ပို့ဖူးတယ်။ အခုထိလည်းမလွှတ်၊ အဆက်အသွယ်လည်းမရနဲ့ စိတ်ပူတယ်လေ”လို့ နောက်ထပ်မိသားစုဝင်တစ်ဦးကပြောပါတယ်။
မဏိပူရ နဲ့ အာသံပြည်နယ်က ထောင်တွေမှာ အထောက်အထားအတုကိုင်ဆောင်တာနဲ့ မဏိပူရပြည်နယ်က လူမျိုးရေးပဋိပက္ခမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ဦးရှိတယ်လို့ မြန်မာစစ်ရှောင်အရေးဆောင်ရွက်နေတဲ့ India for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထောင်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အိန္ဒိယအစိုးရဘက်က ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ပေးဖို့ အကျဉ်းသားတွေ အစာငတ်ခံဆန္ဒထုတ်ဖော်တာလည်း အခုတစ်ကြိမ်ဆို ၄ ကြိမ်မြောက်ရှိလာနေပြီဖြစ်ပါတယ်။









