မြန်မာနဲ့နယ်စပ် အိန္ဒိယက မဏိပူ ပြည်နယ်မှာ ရဲတွေ တိုက်ခိုက်ခံရလို့ ၂ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဏိပူပြည်နယ်မှာ စစ်သွေးကြွလို့ ယူဆရသူ ၂ ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၂ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘစ်ရှ်နုပါဒေသမှာ ပေါ်ပေါက်ခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း လုံခြုံရေး ဝန်ထမ်း ၃ ယောက် ဒဏ်ရာရခဲ့ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။
လွန်ခဲ့တဲ့ တနှစ်လောက်တုန်းကလည်း မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယနယ်စပ် မဏိပူပြည်နယ်မှာ ဌာနေတိုင်းရင်းသား လူများစု မိုင်သည်း ခေါ် ကသည်းတွေနဲ့ ကူကီး တိုင်းရင်းသား မျိုးနွယ်စုတွေအကြား လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့ဖူးပြီး အဲဒီပဋိပက္ခအတွင်း လူပေါင်း ၂၂၀ အသက်ဆုံးရှုံးခဲ့ပါတယ်။
''စစ်သွေးကြွတွေဟာ တောင်ကုန်းတွေပေါ်ကနေ လုံခြုံရေးကင်းစခန်းတွေ ဘက်ဆီကို တွေ့မရှောင် ပစ်ခတ်ခဲ့တယ်၊ ၁၂ နာရီခွဲက စတဲ့ ပစ်ခတ်မှုဟာ နေ့လည် ၂ နာရီကျော်တဲ့ အချိန် အထိပါပဲ။ ဗုံးတွေနဲ့လည်း ပစ်ပေါက်ခဲ့ပြီး ဗုံးတလုံးကတော့ တပ်စခန်းအမှတ် ၁၂၈ ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တယ်''လို့ ထိပ်တန်းရဲအရာရှိတယောက်က ပြောကြောင်း The Hindu သတင်းစာမှာ ဖော်ပြပါတယ်။
သေဆုံးသွားသူတွေကတော့ လက်ထောက် စစ်ဆေးရေး ရဲအရာရှိ အန် ဆာခါနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ အကြီးအကဲ အာရပ် ဆိုင်နီတို့ဖြစ်ပြီး အန်ဆာခါဟာ အာသံပြည်နယ်၊ ဘာပက်တာဒေသက လာတာ ဖြစ်တယ်၊ ကျန်ရဲအရာရှိကတော့ အနောက်ဘန်ဂေါ ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသွားတဲ့ သူတွေထဲ အင်စပက်တာ ဂျာဒက်ဗ် ဒက်စ်နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့က အာဖက်ဒက်စ် တို့ ပါဝင်တယ်လို့ ရဲက ပြောပါတယ်။
အခုတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေကို အကြီးအကျယ် ရှာဖွေမှုတွေ လုပ်နေတယ်လို့ ရဲက ပြောပါတယ်။
လက်ရှိ အိန္ဒိယ နိုင်ငံတလွှား အထွေထွေ ရွေးကောက်ပွဲ ကျင်းပလျက် ရှိရာမှာ မဏိပူ ပြည်နယ်မှာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဒုတိယ အကျော့ မဲပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။











