မုံရွာဓားပြမှု ဘယ်သူတွေကျူးလွန်ခဲ့လဲ

ကွယ်လွန်သူ မ​အေးငြိမ်းသူ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကွယ်လွန်သူ မ​အေးငြိမ်းသူ
ရေးသားခဲ့သည်။

မုံရွာက ဓားပြမှုတစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးရော သန္ဓေသားပါ အသက်ဆုံးရှုံးခဲ့ရလို့ မုံရွာတစ်မြို့လုံးသာမက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပါ လူအများထိတ်လန့်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ခြမ်း အင်ကြင်းလမ်းမဘေးမှာရှိတဲ့ ထန်းတောရပ်ကွက်မှာ ဩဂုတ်လ ၁၀ ရက်က ညတောင် မမှောင်သေးခင် ဖြစ်ခဲ့တဲ့ ဓားပြတိုက်မှုထဲ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမ​အေးငြိမ်းသူ ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

ဓားပြတိုက်ပြီးလို့ ၂၄ နာရီမပြည့်ခင်မှာပဲ တရားခံတွေ ဖမ်းဆီးမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ GUARDIAN FORCE (ပလဖ) ကနေ လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့် Live ပြသခဲ့လို့ အံ့သြကြရပြန်ပါတယ်။

“သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့သူတွေက Local (ဒေသကာကွယ်ရေးအဖွဲ့) လိုလို၊ UG (မြို့ပြပြောက်ကျား) လိုလိုနဲ့ တော်လှန်‌ရေးကို ပုံဖျက်နေတဲ့ကောင်တွေ” လို့ ပလဖခေါင်းဆောင် ကိုအာကူးက ဘီဘီစီကို ပြောပြီး ဖြစ်စဉ်ဖြစ်ပြီးပြီးချင်း ညပိုင်းမှာပဲ မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဖမ်းဆီးရမိခဲ့တာပါ။

ကျူးလွန်သူတွေက ဘယ်သူတွေလဲ

ဓားပြတိုက်မှုမှာ ပါဝင်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း

ဓာတ်ပုံ ရင်းမြစ်, မုံရွာပလဖ

ဓာတ်ပုံ ပုံစာ, ဓားပြတိုက်မှုမှာ ပါဝင်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း

မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ဓားပြတိုက်မှုမှာ ပါဝင်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။

‘’ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်အတွက် သေစားသေခံ ခံရဲပါတယ်’’လို့ ဖမ်းဆီးခံထားရသူတစ်ဦး က ပြောပါတယ်။

ဒါပေမဲ့ ဆုံးရှုံးခဲ့ရတဲ့ အသက် နှစ်ချောင်းအတွက် အစားထိုးမရဘူး လို့ ပလဖခေါင်းဆောင် ကိုအာကူးက ပြောပါတယ်။

‘’ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ ပူဆွေးသောကတွေ မင်းတို့ ဘယ်လိုဖျောက်မလဲ။ မတွေးဘူးလား’’ လို့ပြောပြီး ရိုက်နှက်ကန်ကြောက်ခဲ့တာကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ တွေ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဖြစ်စဉ်မှာပါဝင်တဲ့ အမျိုးသမီး တစ်ဦးလည်းပါပြီး ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ပလဖ ကနေ သိရပါတယ်။

“မနေ့ညက ရွာမှာသွားဖမ်းကြတာ။ ည ၁၀ နာရီမှာ ဖမ်းမိခဲ့ပြီး ပလဖကို လွှဲပေးလိုက်တာ” လို့ ဖမ်းဆီးရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်ပြီးနောက် ယူဆောင်သွားတဲ့ I phone 13 လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်ကိုလည်း ပလဖဆီမှာ သိမ်းဆည်းရမိထားပါပြီ။

ဒီတရားခံတွေကိုတော့ ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ချက်မှာ စစ်ဆေးခံရတဲ့ အမျိုးသားတွေရဲ့ ထွက်ဆိုချက်အရ နေအိမ်အတွင်းမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးကြီးတစ်ဦးနဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတို့ ရှိနေခဲ့ကြပါတယ်။

အိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ အမျိုးသားက ထွက်ပြေးခဲ့တာကြောင့် ထွက်ပြေးသူရော ကျန်ရစ်သူတွေကိုပါ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဝန်ခံထားကြပါတယ်။

ဒါပေမဲ့ ဘာကြောင့် ဒီအိမ်ကို ဝင်ရောက်စီးနင်းရတာလဲဆိုတာကိုတော့ တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ထည့်မပြောသွားကြသလို စစ်ဆေးရေးလုပ်ဆောင်နေတဲ့ ပလဖဘက်ကလည်း အတိအကျဖြေကြားပေးတာ မရှိပါဘူး။

ဒီဖြစ်ရပ်ဟာ တော်လှန်ရေးအချိန်ကာလကြာလာတာနဲ့အမျှ အကျင့်ပျက်ခြစားသူတွေဆီမှာ လက်နက်ရောက်ရှိတာရဲ့ နောက်ဆက်တွဲဆိုးကျိုး ဥပမာတစ်ခုလို့ တော်လှန်ရေးအင်အားစုတွေက သတ်မှတ်ထားကြပါတယ်။

ရွှေလမင်း မှာ အမှောင်ဖုံးတဲ့နေ့

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မုံရွာမြို့

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မုံရွာမြို့

မုံရွာစက်မှုဇုန်မရောက်မီ ထန်းတောရပ်ကွက်နဲ့ နန္ဒဝန်ရပ်ကွက် အစပ်မှာရှိတဲ့ ထမင်းဆိုင်ဖွင့်လှစ်ထားတဲ့ အိမ်ကို ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။

“ရွှေလမင်း” လို့အမည်ရတဲ့ ထမင်းဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဒီအိမ်မှာ သေဆုံးခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီး၊ သူရဲ့ ယောက္ခမတော်စပ်သူနဲ့ ခဲအိုတော်စပ်သူတို့ နေအိမ်မှာ ရှိခဲ့ကြပါတယ်။

“ညနေ ၃ နာရီမှာ ကျွန်တော်တို့ဆီ ဖုန်းဝင်လာတယ်၊ သူ့အမျိုးသားကဖုန်းလှမ်းဆက်တာ။ ကျွန်တော့် အိမ်ဓားပြတိုက်ခံရတယ်၊ အမျိုးသမီးသေနတ်မှန်ထားလို့ ကူညီပေးပါဦးတဲ့” မျက်မြင်သွားရောက်ကူညီပေး ခဲ့သူတစ်ဦးက ဘီဘီစီကို မနေ့က ဖြစ်စဉ်အကြောင်း သိရသမျှ ပြန်ပြောပြပါတယ်။

ဓားပြတိုက်ခံရချိန် သေဆုံးသူရဲ့ အမျိုးသားကတော့ နေအိမ်မှာ ရှိမနေခဲ့ပါဘူး။

“ကျွန်တော်တို့ရောက်တော့ ကိုယ်ဝန်သည်အမျိုးသမီးက နေအိမ်ထဲမှာ ဦးခေါင်းသေနတ်မှန်ပြီး လဲနေပြီ” လို့ မျက်မြင်က ဆက်ပြောပြပါတယ်။

ဒါအပြင် ယောက္ခမဖြစ်သူ အမျိုးသမီးကြီးမှာလည်း တွန်းလှဲခံထားရတာကြောင့် ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာအချို့ရခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဆေးရုံရောက်ချိန်မှာတော့ သေဆုံးသူမိခင်ဆီကနေ သန္ဓေသားကို ကယ်ယူဖို့ကြိုးစားခဲ့ပေမဲ့ လမစေ့သေး တာကြောင့် ကလေးကိုပါ အသက်ဆုံးရှုံးခဲ့ရပါတယ်။

သြဂုတ် ၁၂ ရက်မှာ နာရေး ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မုံရွာကဖြစ်စဉ်အတွက် နမခ ဘာလုပ်နေလဲ

 လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားမြင်ကွင်း။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အခုနှစ် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်း။

“သူတို့ (စစ်ကောင်စီ) အလုပ်မလုပ်လို့ ဒီလိုကောင်တွေကို ကျွန်တော်တို့ ဖမ်းနေရတာပေါ့။ ရှေ့မှာ ဖမ်းပေးထားရတာလဲ အများကြီးပဲ၊ မြို့ခံတွေအသိဆုံးပဲ” လို့ မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ခေါင်းဆောင် ကိုအာကူးက ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မုံရွာမြို့ပေါ်ရပ်ကွက်မှာ အခုလိုသေနတ်နဲ့ ဓားပြတိုက်တဲ့ ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် ဩဂုတ် ၁၁ ရက်မှာတော့ စစ်ကောင်စီက ရဲကားတွေရော အရပ်ဝတ်တွေ နဲ့ပါ လုံခြုံရေးကင်းလှည့်နေတယ်လို့ သိရပါတယ်။

“ထန်းတောဘက် အဲဒီနေအိမ်တဝိုက် ပိုပြီး ပတ်နေကြတာပေါ့။ အမှန်က ဒီတစ်ပတ်ထဲ အရပ်ဝတ်တွေနဲ့ပါ သူတို့အများကြီးမြို့ထဲသွားနေတာ အကုန်သတိထားမိနေတာ။ သူတို့တွေရှိနေရက်နဲ့ အခုလို ဓားပြတိုက်မှုဖြစ်တာပဲ” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ညနေ ၆ နာရီအထိ ဒီဖြစ်စဉ်အကြောင်း ထုတ်ပြန်လာတာမရှိပါဘူး။

ဒါပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ပလဖအဖွဲ့ရဲ့ တိုက်ရိုက်ထုတ် လွှင့်ချက်အပြီး ဒီတရားခံတွေဟာ PDF တွေလို့ ဆက်တိုက်ရေးသားခဲ့ကြပါတယ်။

အထူးသဖြင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ GUARDIAN FORCE (ပလဖ) အဖွဲ့ဝင်တွေပဲလို့ ဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ရေးသားကြတာပါ။

“ရှက်ရမ်း ရမ်းတာလို့ပဲပြောချင်တယ်။ ကျွန်တော့်အဖွဲ့သားတွေက ဘေးမှာရှိနေတာ” လို့ ပလဖ ခေါင်းဆောင် ကိုအာကူးက တုံ့ပြန်ပြောပါတယ်။

မုံရွာမြို့ မြေပြင်အခြေအနေကိုကြည့်ရင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေရှိနေပေမဲ့ မြို့ပေါ်မှာ လုယက်၊ နေအိမ်ဖောက်ထွင်းမှုတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေတာလို့ မြို့ခံတွေက ပြောကြပါတယ်။

ဩဂုတ်လထဲမှာတော့ “ရွှေလမင်း” ထမင်းဆိုင်ဖြစ်စဉ်ဟာ မြို့လူထုတရပ်လုံးကို ကြောက်အားပိုစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ မုံရွာမြို့ဟာ လုံခြုံရေးကင်းမဲ့သလို မြို့ခံတွေက ခံစားနေကြရပြီး ငွေကြေးတတ်နိုင်သူတွေက လုံခြုံမယ်ထင်တဲ့ အခြားမြို့ကြီးတွေဆီ ပြောင်းရွှေ့နေထိုင်ကြပြီလို့ မြို့လက်ရှိအနေအထားကို မြို့ခံတချို့က ပြောပြပါတယ်။

မုံရွာမြို့ခံတစ်ဦးက သူ့ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

“လူတွေအားလုံး ကြောက်နေကြတာ။ လက်ထဲငွေရှိလည်း မကိုင်ရဲဘူး။ သူများမှာ ခိုးနေတာမြင်လည်း မပြောရဲဘူး”