ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၁၄ ရက် ထိပ်တန်းသတင်းများ - မလေးရှားမှာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း မြန်မာ ၉၀ နီးပါးအဖမ်းခံရ
မလေးရှားနိုင်ငံမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက စီးနင်းရှာဖွေမှုတွေအတွင်း ဘောလုံးကန်ဖို့ စုနေကြသူတွေအပါအဝင် မြန်မာ ၉၀ နီးပါးကို ဖမ်းမိခဲ့တယ်လို့ မလေးရှား လဝက အချက်အလက်တွေ အရ သိရပါတယ်။
ကွာလာ တရန်ဂါနူး၊ ဆရမ်ဘန်း၊ ကိုတာ ဘာရု၊ ခူဝမ်တန် ကမ်းခြေမြို့ စတဲ့မြို့တွေမှာ စီးနင်းရှာဖွေမှုတွေအတွင်း မြန်မာ ၈၆ ဦးဖမ်းဆီးခံခဲ့ရတာပါ။
ကွာလာ တရန်ဂါနူးမြို့မှာဆိုရင် ဘောလုံးပွဲ ကန်ဖို့ စောင့်နေတဲ့လူအုပ်ကို မလေးရှား ရဲတပ်ဖွဲ့က ဝင်ရောက် နီးနင်း ရှာဖွေတာကြောင့် အသက် ၂၀ ကနေ ၅၀ ကြား မြန်မာအမျိုးသား ၁၀ ဦး အပါအဝင် နိုင်ငံခြားသား ၅၉ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
‘‘ဘောလုံးကန်နေတဲ့ နိုင်ငံခြားသားတွေနဲ့ သူတို့ကို အားလာပေးတဲ့ပရိသတ်တွေကို အခုလို ဖမ်းဆီးတာဟာ လူထုက သတင်းပေးလာတာကြောင့် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းကလည်း မြို့တော်ကွာလာလမ်ပူက ဆာဒီနာ အဘူ ဘာသာ ဗလီရှေ့မှာ တောင်းရမ်းစားသောက်နေသူ ၁၀ ဦးကို ရဲက စုံစမ်းမေးမြန်းချိန် အဲဒီထဲက ကလေးငယ်တွေအပါအဝင် ၇ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံခြားသားတွေက အခုလို တောင်းစားမှုနဲ့ ထိန်းသိမ်းခံနေရပါတယ်။
အဲဒီနေ့ တစ်နေ့တည်းမှာပဲ မလေးရှားနိုင်ငံက ဆရာဘမ်မြို့က အစားအသောက်တန်းတစ်ခုကို ရဲက ဝင်ရောက်စီးနင်းရှာဖွေချိန် မြန်မာအမျိုးသားနဲ့ အမျိုးသမီး ၃၄ ဦးကို ရဲက ဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးချိန် မြန်မာအမျိုးသားတစ်ဦးက တွန်းထိုးထွက်ပြေးလို့ မလေးရှားလဝက ရဲ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီအမျိုးသားကိုလည်း မီတာ ၁၀၀ အတွင်းမှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခူဝမ်တန် ကမ်းခြေမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ သီးနှံစိုက်ခင်းတွေ၊ ကားရေဆေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အငှားအိမ်ယာတွေကို ဝင်ရောက်စီးနင်းချိန်မှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၆၀ ကျော်ကို တွေ့ခဲ့ရပြီး သူတို့ထဲက ၃၁ ဦးဟာ မြန်မာတွေဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ ဖမ်းဆီးထားသူတွေကို သက်ဆိုင်ရာမြို့တွေက လဝကရုံးတွေမှာ စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပါတယ်။
မလေးရှားက မြန်မာတွေရဲ့ ဖျော်ဖြေပွဲ မနေ့ညက စီးနင်းခံရချိန် တေးသံရှင်အေမီစျာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်တို့အပါအဝင် ရာနဲ့ချီတဲ့မြန်မာတွေ ထိန်းသိမ်းခံရ သတင်းကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပုလဲနဲ့ ကလေးမှာ ပျူစောထီးအချို့ ဘက်ပြောင်းခိုလှုံလာတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာ စစ်တပ်ထောက်ခံတဲ့ အရပ်အခေါ် ပျူစောထီးဆိုသူတွေ ပြီးခဲ့တဲ့ရက်တွေအတွင်း ဘက်ပြောင်းခိုလှုံလာတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံအချို့ဆီကသိရပါတယ်။
ကလေးမြို့မှာဆိုရင် ကြံသာကျေးရွာက ပျူစောထီး အမျိုးသားတစ်ဦးဟာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အတောင် ၁၇၀ နဲ့ အခုလအတွင်း ဘက်ပြောင်းခိုလှုံလာတာကြောင့် ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ CDF- KKG အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကြံသာရွာဟာ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်မှာရှိတဲ့ ကလေးမြို့တောင်ပိုင်းက အစွန်ဆုံးရွာဖြစ်ပြီး သူနဲ့ကပ်လျက်မှာ ပျူစောထီး အားကောင်းတဲ့ ဟံသာဝတီရွာ၊ ကုက္ကားရွာနဲ့ မြောက်ခင်ရမ်းရွာတွေရှိပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကိုင်းတိုင်းထဲမှာပဲ ပုလဲမြို့နယ်ထဲ ဒေသခံတွေကြားမှာ ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးလာသူ ၅ ဦးအထိရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ပါတယ်။
ဇီးဖြူကုန်းကျေးရွာက အမျိုးသမီး တစ်ဦးနဲ့ကလေးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ကလေးတစ်ဦး၊ နောက်ထပ် အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦးဖြစ်ပြီး သူတို့ကို မြို့နယ် ပအဖက စောင့်ရှောက်ထားတယ်လို့လည်း ဆိုပါ တယ်။
အဲဒီရွာမှာနေထိုင်တဲ့ အိမ်ထောင်စု ၃ စုက မိသားစုဝင် ၈ ဦးကို ကျောင်းသားတပ်(ABSDF-Column 3) က ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းကလည်း သွားရောက်ကယ်ဆယ်ခဲ့ပြီး မြို့နယ် ပကဖနဲ့ ပအဖကို လွှဲပြောင်း ခဲ့ရပါသေးတယ်။
စစ်ကောင်စီဘက်ကတော့ ပျူစောထီးဆိုတာ မရှိဘဲ လိုအပ်လို့ လုံခြုံရေးအတွက် သင်တန်းပေးဖို့ တောင်းခံလာတဲ့အခါ သင်တန်းပေးတာနဲ့ လက်နက်ထောက်ပံ့ပေးတဲ့ ပြည်သူ့စစ်သာရှိတယ်လို့ပြောထားပါတယ်။
မင်းပြားမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲ ပြင်းထန်နေ
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ဒီနေ့မှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲထားပေမဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတာဖြစ်ပါတယ်။
မင်းပြားမြို့၊ ကျိန်းတောင်နဲ့ တောင်ခြေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို အေအေက တိုက်ခိုက်နေတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်ထဲ ဝင်လာပြီဖြစ်ပါတယ်။
ကျိန်းတောင်အနီးမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၃၇၉၊ ၃၈၀၊ ၅၄၁ ခြေမြန်တပ်ရင်းတွေရှိပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် မင်းပြားမြို့ထဲက နေအိမ်ဆယ်ချီ ပြီးခဲ့တဲ့ရက်တွေအတွင်း မီးလောင် ပျက်စီးခဲ့တယ်လို့သိရပါတယ်။
မနေ့ည ၈ နာရီခန့်လောက်ကလည်း မင်းပြားမြို့ အောက်ရွာရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဇန်နဝါရီလ ၁၃ ရက် ထုတ်ပြန်ချက်မှာတော့ မင်းပြားက တိုက်ပွဲတွေအခြေအနေ ထည့်သွင်းဖော်ပြတာမရှိပေမဲ့ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ ‘‘ခန်ခတောင်ဗျူဟာစခန်း’’၊ ပလက်ဝနဲ့ ကျောက်တော်မြို့နယ် အစပ်က ‘‘မီးဝဗျူဟာကုန်း တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်ထားနိုင်ပြီလို့ ဖော်ပြထားပါတယ်။
‘‘ကျယ်ပြောသောပုဂံ’’ စာအုပ်ရေးတဲ့ အဲလစ်ဇဘက်မိုး ကွယ်လွန်
လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်း(SOAS)က ရှေးဟောင်းသုတေသန ဂုဏ်ထူးဆောင်ပါမောက္ခ အဲလစ်ဇဘက်မိုး ၇၅ နှစ်အရွယ် ဇန်နဝါရီလ ၁၃ ရက်မှာ ကွယ်လွန်သွားပါတယ်။
မြန်မာပြည်မှာပဲ ခေါင်းချတဲ့အထိ နေထိုင်ပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်းခေတ်သမိုင်းကို တူးဆွရှာဖွေမယ်လို့ ရည်မှန်းခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြန်ထွက်လာခဲ့ရပြီး လန်ဒန်မှာ ကွယ်လွန်ခဲ့ပါတယ်။
မြန်မာ၊ လာအို၊ ထိုင်း စတဲ့ဒေသတွင်းနိုင်ငံတွေက ကျောင်းသားတွေ လန်ဒန်တက္ကသိုလ်မှာ ပညာသင်ခွင့်ရဖို့ ကြိုးပမ်းရာမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး မြန်မာမှာ ရှေးဟောင်းသုတေသီ မျိုးဆက်သစ်မွေးထုတ်ဖို့ ဆော်သြသူလည်းဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ မြန်မာရှေးဟောင်းသုတေသန နယ်ပယ်မှာ အသိအမှတ်ပြုခံရတဲ့ ပါမောက္ခမိုးအတွက် ဝမ်းနည်းကြောင်း ပြောဆိုရေးသားနေကြတာတွေလည်း တွေ့ရပါတယ်။
ပါမောက္ခမိုးတစ်ယောက် မြန်မာကို ဘာကြောင့်ချစ်တာပါလဲ၊ မြန်မာနဲ့ပတ်သက်ပြီး ဘယ်လို သုတေသနတွေ ပြုလုပ်ခဲ့ပါသလဲ ... စတာတွေကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။