ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေလ ၃ ရက် ထိပ်တန်းသတင်းများ- ပွေးကျစ်ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးတယ်လို့ NUG စစ်ရုံးထုတ်ပြန်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန် ရဲ ၂ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ပွေးကျစ်ရဲစခန်းကို မေလ ၂ ရက်နေ့ နေ့လယ် ၂ နာရီမှာ ဝင်တိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရဲတပ်ကြပ်ကြီး ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရဲစခန်းက ရဲ ၈ ဦး တရားရုံးသွားနေလို့ အင်အားနည်းနေချိန် ရုတ်တရက်ဝင်တိုက်ခဲ့တာဖြစ်ပြီး စခန်းထဲက ရဲတွေရဲ့ မိသားစုဝင် အမျိုးသမီးနဲ့ကလေးတွေကို လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို တိုက်ခိုက်မှုကနေ သေနတ်တွေနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့ - ‘‘မြန်မာနိုင်ငံထဲ သတင်းလွတ်လပ်ခွင့် လုံးဝမရှိဘူး’’
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာ သတင်းလွတ်လပ်ခွင့်လုံးဝ ရှိမနေဘူးလို့ ဒီနေ့ မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းမီဒီယာအသိုင်းအဝိုင်းက မှတ်ချက်ပြုပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅o ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၀၀ ကျော် ပြန်လွတ်လာပေမဲ့ ၄၀ ကျော်ဟာ အကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ ထိန်းသိမ်းခံ သတင်းသမားတွေအရေးဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ) ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းသမားတွေ ဖမ်းဆီးခံရမှုဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာက ဒုတိယနေရာကိုရောက်လာတယ်လို့ ပြောထားပါတယ်။
ပြည်တွင်းမှာတော့ စစ်ကောင်စီက သတင်းမီဒီယာကောင်စီလို အဖွဲ့အစည်းကို အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ အဲဒီ “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ” ဟာ လွတ်လပ်တဲ့ မြန်မာမီဒီယာတွေကို ကိုယ်စားမပြုတဲ့အကြောင်း ၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံကနေ ရှုတ်ချထားပါတယ်။
‘’မြန်မာနိုင်ငံထဲမှာတော့ သတင်းလွတ်လပ်ခွင့်အနေနဲ့ လုံးဝမရှိဘူး။ လွတ်လပ်တဲ့သတင်းမီဒီယာတွေက အချက်အလက်မှန်မှန်ကန်ကန်တဲ့ တင်ပြတယ်ဆိုရင်တောင် အဲဒီသတင်းတွေကို သတင်းတု၊ သတင်းမှားဆိုပြီး စစ်ကောင်စီဘက်က ထောက်ပြတာမျိုးတွေရှိတာကိုကြည့်ရင် မြန်မာပြည်တွင်း သတင်းလွတ်လပ်မှု ဘယ်လောက်ရှိနေလဲဆိုတာ မြင်သာနေပါတယ်။ ကျွန်မတို့ကတော့ သတင်းတွေကို မီဒီယာကျင့်ဝတ်နဲ့အညီ ဆက်လုပ်ကြဖို့ အရေးကြီးသလို ဆက်လုပ်သွားဖို့လည်းရှိပါတယ်’’ လို့ တိုင်းရင်းသားနဲ့ ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်း ၁၅ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့(BNI) ရဲ့ မူဝါရေးရာ ကော်မတီဥက္ကဋ္ဌ နော်ဖောဂေက ပြောပါတယ်။
ဒီနေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ၂၁၀၀ ကျော်မှာ သတင်းမီဒီယာသမား ၅ ဦးလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ဒီလူပုဂ္ဂိုလ်တွေဟာ ထောင်ဒဏ်တွေ လနဲ့ချီကျခံခဲ့ပြီးသူတွေဖြစ်လို့ စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ငဲ့တွက်ပြီး လွှတ်ပေးတာမဟုတ်ဘူးလို့ ဒေသတွင်းသတင်းမီဒီယာ အယ်ဒီတာချုပ်တစ်ဦးက မှတ်ချက်ပေးပြောဆိုထားပါတယ်။
ပြည်တွင်းမှာတော့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု ဖေ့ဘွတ်မှာ ပရိုဖိုင်းပုံ အနက်ရောင်ပြောင်းလဲခဲ့ပြီးတဲ့နောက် မြန်မာသတင်းစာဆရာ ဦးကျော်မင်းဆွေအပါအဝင် သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်နဲ့ မေလသံစဥ်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးပြီး ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ထားပါတယ်။
ဒီအခြေအနေတွေကိုကြည့် ရင် မြန်မာပြည်တွင်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးနေတာကိုလည်း ထင်ဟပ်နေတယ်လို့ မြန်မာသတင်းမီဒီယာသမားတွေက ပြောဆိုနေကြပါတယ်။
ထန်းတပင်မြို့နယ်ထဲ ဗုံးကြဲခံရလို့ အရပ်သား ၃ ဦးသေဆုံး
ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်၊ ထန်းတပင်မြို့နယ်ထဲက ဘုမ္မတီးကျေးရွာအုပ်စုထဲကို မနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာကြောင့် ကျွဲလမ်းကျေးရွာက အရပ်သား ၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၂ ရဲ့ KNLA တပ်ဖွဲ့ဝင်တွေက ဘုမ္မတီးကျေးရွာထဲက စစ်တပ်အခြေစိုက်စခန်းကို မနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲခဲ့တာလို့လည်း ဆိုပါတယ်။
‘‘မနက်ခင်း ၁၀ နာရီ၊ ၁၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ပြီးပြီထင်တာ။ ညနေ ငါးနာရီကျော်ကျော်မှာ လေယာဥ်တွေပျံတယ်။ ပြီးတော့မှ လေယာဥ်တစ်စီးက ဗုံးကြဲတယ်။ တစ်စီးက ပစ်တာတွေလုပ်သွားတာ’’ လို့ တိုက်ခိုက်ချိန် အသက်ဘေး လွတ်မြောက်ခဲ့တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
‘‘ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း ရွာတွေက ဆက်နေတာ။ ဒီရွာတွေထဲမှာ အများစုက တိုက်ပွဲတွေကြောင့် လူမနေကြတော့တာ ၃ လလောက်ရှိပြီ။ အိမ်စောင့်အဖြစ် တယောက်စ၊ နှစ်ယောက်စ နေကြတာတွေပဲရှိတော့တာ။ ကျွဲလမ်းရွာမှာ ကျသွားတဲ့ ဗုံးတစ်လုံးမှာ ရေချိုးနေတဲ့ကောင်မလေး တစ်ယောက်အပါအဝင် တူဝရီး ၃ ယောက်သေတယ်။ သရက်တန်းရွာမှာလည်း စပါးကျည်အပါအဝင် အိမ် ၅ လုံးမီးလောင်တယ်။ သရက်တန်းရွာက ဒေါ်တင်လေးရဲ့အိမ်လုံး မီးထဲ လုံးဝပါသွားတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။
ရွာချင်းဆက်နေတဲ့ အဲဒီရွာတွေမှာ ဒေသခံတွေ စစ်ရှောင်နေတာကြောင့် မနေ့က စစ်တပ် လေကြောင်းတိုက်ချိန် လူသေဆုံးမှု နည်းခဲ့တာလို့လည်း သူကပြောပါတယ်။
အခုတော့ ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာကျေးရွာတွေက ဒေသခံတွေဟာ တောင်ငူမြို့ပေါ်၊ ထန်းတပင်မြို့ပေါ်နဲ့ ရွာနဲ့ ၁၀ မိုင်ဝန်းကျင်အကွာက ဇရပ်ကြီးကျေးရွာတို့မှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ကြို့ပင်သာကျေးရွာခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
၅၀၅-က လွတ်ငြိမ်းခွင့် - ဓာတ်ပုံဆရာကိုဇော်ထွန်း ပြန်လွတ်လာ
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံရပြီးထောင်ဒဏ်ချမှတ်ခံထားရသူ အချို့ဒီကနေ့ မေလ ၃ရက် မနက်ပိုင်းမှာ ဓာတ်ပုံဆရာ ကိုစိုးနိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဓာတ်ပုံဆရာ ကိုဇော်ထွန်းလည်းပါဝင်ပါတယ်။
'' ဒီကနေ့ အင်းစိန်က လွတ်တဲ့အထဲမှာ ဓာတ်ပုံဆရာ ကိုဇော်ထွန်းပါတယ်။ သူက ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ရက် အပြည်ပြည်ဆိုင်ရာ လူခွင့်အရေးနေ့မှာ ရန်ကုန်မှာ အသံတိတ်ဆန္ဒပြကြချိန် အလွတ်တန်းဓာတ်ပုံဆရာ ကိုဇော်ထွန်း နဲ့ ကိုစိုးနိုင်ကို စစ်ကောင်စီက ရန်ကုန်ထဲမှာဖမ်းတာ၊ ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကြောရေးမှာ ကိုစိုးနိုင် သေတဲ့သတင်းရတာပေါ့။ အခု အဲဒီထဲကကိုဇော်ထွန်းက ပြန်လွတ်လာတာ'' လို့ နီးစပ်သူတဦးကရှင်းပြပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်လို့ ပုဒ်မ ၅၀၅ -က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက ၂၁၅၃ ဦး ကို ဒီကနေ့ မေလ ၃ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီကပြောထားပါတယ်။
၅၀၅-က လွတ်ငြိမ်းခွင့် - ရုပ်ရှင်ဖန်တီးသူ မအိမ့် သာယာဝတီထောင်က ပြန်လွတ်မြောက်
အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့ ရုပ်ရှင်ဖန်တီးသူ မအိမ့် ဒီကနေ့ မေ ၃ရက် ကဆုန်လပြည့် နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့နီးစပ်သူတချို့ကပြောပါတယ်။
မအိမ့်ဟာ ၂၀၂၁ခုနှစ် ဇွန်လကဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီမှာ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။အခု ဖမ်းဆီးထောင်ချခံရပြီးနောက်၁ နှစ်နဲ့ ၁၁လကြာချိန်မှာသာယာဝတီထောင်ကနေပြန်လည်လွတ်မြောက်တာဖြစ်ပါတယ်။
''သူ့ကိုအင်းစိန်ထောင်ကနေ သာယာဝတီပြောင်းခဲ့တာပါ။ အခုသာယာဝတီကနေ လွတ်တယ်။ စစ်ကြောရေးမှာတုန်းကတော့ ပုလင်းနဲ့ကြိတ်တာ၊ ရိုက်တာတွေနဲ့ ညှဥ်းပန်းနှိပ်စက်လို့ ခြေထောက်မှာ ဒဏ်ရာတွေရခဲ့တာရှိပါတယ်'' လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်က မအိမ့်ကို ဖမ်းဆီးပြီးနောက် တရားမဝင်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မအိမ့်ဟာ နိုင်ငံတကာကရုပ်ရှင်ဆိုင်ရာ ဆုတွေရထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ရွေးချယ်ခံရတဲ့ “Money Has Four Legs” (ခြေလေးချောင်း) ရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်ဖန်တီးသူတစ်ဦး ဖြစ်သလို ပူးတွဲဇာတ်ညွှန်း ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။လက်ရှိ အဲဒီဇာတ်ကားဟာ ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ပြသခွင့်ရရှိထားလို့ရုံတင်ပြသနေချိန်လည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ -က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂၁၅၃ ဦး ကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီကပြောထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ ဦးသန်းရွှေ တွေ့ဆုံ
မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နေပြည်တော်မှာ ခြောက်လုံးတန်းနေအိမ်မှာ မနေ့ကတွေ့ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။
‘’တရုတ်နိုင်ငံဟာ မြန်မာရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်တယ်’’လို့ ဦးသန်းရွှေက ပြောခဲ့တဲ့အကြောင်း တရုတ်မီဒီယာ China Global Television Network က ဖော်ပြပါတယ်။
ခြောက်လုံးတန်းနဲ့ နီးစပ်သူတစ်ဦးကလည်း ဒီတွေ့ဆုံမှုကိုအတည်ပြုပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပြီးခဲ့တဲ့လက လာရောက်ခဲ့တာဟာ ဒီတွေ့ဆုံမှုအတွက် အကြိုညှိနှိုင်းတာလို့ သူကပြောပါတယ်။
နေပြည်တော် စစ်ရုံးထဲကလာတဲ့ သတင်းတွေအရတော့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ မူဝါဒပိုင်းဆိုင်ရာကို မပြောခဲ့ဘဲ မိတ်ဝတ်မပျက်တွေ့ဆုံမှုသာ ဖြစ်တယ်လို့ သိရပါတယ်။
‘’တရုတ်ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေတိုင်းမှာ ဦးသန်းရွှေနဲ့ အမြဲတွေ့ခွင့်တောင်းခဲ့တာပါပဲ’’ လို့ စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
‘’ခင်မင်ရင်းစွဲရှိတဲ့သူ၊ အရင်သိခဲ့တဲ့သူတွေဆီကို သွားတာပေါ့။ အာဏာရှင်ဟောင်းကြီးတွေဟာ လက်ရှိ စစ်ခေါင်းဆောင်အပေါ်မှာ တစုံတရာ သြဇာရှိနိုင်တယ်၊ အာဏာရှိနိုင်တယ်ဆိုပြီးတော့ ဝင်ပြီး တီးခေါက် မေးမြန်းဖို့ ဝင်တာဖြစ်နိုင်ပါတယ်။ သူတို့(တရုတ်) တွက်တာက စစ်တပ်က အလျှော့ပေးမှဖြစ်မှာပေါ့ဗျာ။ အဲတော့ စစ်တပ်ကို အလျှော့ပေးတဲ့နည်းနာတွေရှာတတ်တာတော့ရှိတယ်။ အဲဒါ သွားပြီးတော့ တွေ့တာနဲ့တူတယ်’’ လို့ တရုတ်ရေးရာကျွမ်းကျင်သူ နိုင်ငံရေးသုတေသီ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကစလို့ ဦးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန် တို့နေထိုင်တဲ့ ခြောက်လုံးတန်းကို သံတမန်တွေအဝင်အထွက်ပြန်လုပ်နေကြပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ အခု တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆက်တိုက် ရောက်လာနေကြတာပါ။
ဘောလခဲမြို့ထဲက စစ်ကောင်စီရုံးတွေ စီးနင်းတိုက်ခိုက်ခံရ
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့ထဲက စစ်ကောင်စီလက်အောက် စစ်မှုထမ်းဟောင်းရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ ရဲစခန်း၊ ရုပ်သံလွှင့်ဌာနတွေကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်ဆိုပြီး ဘောလခဲနဲ့ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဘော်လခဲမြို့ထဲက အဲဒီရုံးတွေကို စီးနင်းတိုက်ခိုက်တာကို မေလ ၁ ရက် မနက်အစောပိုင်းတုန်းက ပြုလုပ်ခဲ့လို့ PDF ပူးပေါင်းအဖွဲ့တွေက ဒီနေ့မှာ ထုတ်ပြန်ပြောဆိုတာပါ။
၂ နာရီနီးပါးကြာတဲ့အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦး၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ကျဆုံးတယ်လို့လည်းဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လဝကရုံးကို ရှင်းလင်းဖို့လုပ်ချိန် မှာ စစ်ကောင်စီတပ်ဘက်က စစ်ကူတွေရောက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့ တွေဘက်က ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်ထဲက မြို့နယ်အများစုမှာ PDF နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ၊ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဧပြီလနှောင်းပိုင်းကစလို့ နေ့စဥ်နီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဂတိမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ကောင်စီ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ကွယ်လွန်
မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးဟာ ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
အသက် ၅၆ နှစ်အရွယ် ဦးအောင်သန်းဦးဟာ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ဆုံးပါးတယ်လို့ သိရှိရတဲ့အကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီပြောခွင့်ရသူက အတည်ပြုပြောဆိုပေမဲ့ သေဆုံးရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ သူလည်း ဆက်သွယ်မေးမြန်းနေတုန်းလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ြပနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးဆောင်သန်းဦးဟာ အသက်ရှုလမ်းကြောင်းနဲ့ ဦးနှောက်ပိုးဝင်တာကြောင့် သွေးလန့်ရောဂါနဲ့သေဆုံးခဲ့တာလို့ သတင်းဖော်ပြပါတယ်။
ဦးအောင်သန်းဦးဟာ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နဲ့အတူ မြေယာအဂတိမှုနဲ့ ဒီဇင်ဘာလမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူဖြစ်ပြီး သူတစ်ဦးတည်းတင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဆန်းပိုင်းမှာ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံထားရသူဖြစ်ပါတယ်။
ဦးအောင်သန်းဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်လောင်း အဖြစ် သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်သလို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ထိုင်းရောက် MOU လုပ်သားတွေ ဘယ်လိုအခက်ကြုံနေရလဲ
နားလည်မှုစာချွန်လွှာ(MOU) လို့ခေါ်တဲ့ မြန်မာ-ထိုင်း အသိအမှတ်ပြု အလုပ်အကိုင်အေဂျင်စီကနေ သွားရောက်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ တရားဝင်သွားရောက်နေပေမဲ့ အခက်အခဲမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
လုပ်ကိုင်ရမယ်ဆိုတဲ့ လုပ်ငန်းခွင်ကို မရောက်ဘဲ တခြားလုပ်ငန်းခွင်မှာ အလုပ်ဝင်ရတာ၊ စက်ရုံမှာလိုအပ်တဲ့ ဝန်ထမ်းအရေအတွက်ထက် အေဂျင်စီတွေက ပို့လိုက်တာကြောင့် ထိုင်းမှာ အလုပ်မရဘဲ လနဲ့ချီသောင် တင်နေတာ၊ အစမ်းခန့်ကာလမှာ အကြောင်းပြ အလုပ်ထုတ်ပယ်ခံရတာတွေ ကြုံနေရတယ်လို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက ပြောပြကြပါတယ်။
ရွှေ့ပြောင်းလုပ်သား ၄ သိန်းနီးပါးအထိရှိတဲ့ ထိုင်းနိုင်ငံက ရေထွက်ကုန်အများဆုံးထုတ်လုပ်ရာ မဟာချိုင် အရပ်မှာ MOU လုပ်သားတွေရင်ဆိုင်နေရတဲ့အခက်အခဲကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ပုဒ်မ ၅၀၅ -က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂၁၀၀ ကျော် လွတ်ငြိမ်းခွင့်ရ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီးနောက် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ -က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေ ၂၁၅၃ ကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီက ကြေညာပါတယ်။
ဒီနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာမှုအရ အခုလိုလွတ်ငြိမ်းခွင့် ပေးတာလို့ဆိုပါတယ်။
နောက်တစ်ကြိမ်ပြစ်မှု ကျူးလွန်တယ်ဆိုရင် လျှော့ပေါ့ထားတဲ့ပြစ်ဒဏ်ကို တပေါင်းတည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ စစ်ကောင်စီက အခုလို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ - က ဟာ အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာ စစ်ကောင်စီက သတ်မှတ်ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ တစ်ခုဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က ဟာ အများပြည်သူကိုထိတ်လန့်ကြောက်ရွံအောင် ကြံရွယ်ဆောင်ရွက်တာ၊ မမှန်သတင်းမှန်းကြိုတင်သိရှိပါလျက်နဲ့ မမှန်သတင်းတွေကို ရည်ရွယ်ချက်နဲ့ ဖြန့်ဝေတာ၊ အစိုးရဝန်ထမ်း၊ အစိုးရအဖွဲ့အစည်း တို့ကို ပြစ်မှုကျူးလွန်လာအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ လှုံ့ဆော်တာ စတာတွေပြုလုပ်ကြောင်းထင်ရှားရင်အမြင့်ဆုံးပြစ်ဒဏ်ကို ထောင် ဒဏ် သုံးနှစ်အထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းခဲ့ပါတယ်။
အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားတာ၊ လူမှုကွန်ရက်မှာ အာဏာသိမ်းဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားတဲ့သူအများစုဟာ အခုပုဒ်မတပ် ဖမ်းဆီးထောင်ချခံနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅၀၅-က နဲ့ သီးသန့်လွတ်ငြိမ်းချမ်းသာခွင့်ပေးတာက ဒီတစ်ကြိမ်က ပထမဆုံးဖြစ်ပြီး ဒါဟာ မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်အပြီး ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။