ဧပြီ ၄ရက် ထိပ်တန်းသတင်းများ
ရှမ်း၊ ကယားနယ်စပ်နဲ့ ကယားပြည်နယ်မှာ မတ်လအတွင်း တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်းရှိခဲ့
စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ဖြစ်နေတဲ့ ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ မတ် အတွင်း တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၆၆ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်နဲ့ ရှမ်း-ကယားအစပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးရှိခဲ့တာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေအိမ်ပေါင်း ၂၂၈ အိမ် မီးလောင်ခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အရပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံဃာတော်သုံးပါး အပါအဝင် အရပ်သား ပြည်သူ ၂၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း အဲ့ဒီအရပ်သား ၂၅ ယောက်ကို သတ်ဖြတ်တာမရှိဘူးလို့ ငြင်းဆိုထားပေမဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တချို့မှာ ကယားပီဒီအက်တွေကို လုံခြုံရေးအဖွဲ့ဝင်တွေက ချေမှုန်းခဲ့တယ်ဆိုပြီး ဖြန့်ဝေခဲ့ကြပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၁ ယောက် သေဆုံးပြီး ၈၁ ယောက် ဒဏ်ရာရခဲ့သလို KNDF ဘက်က တပ်ဖွဲ့ဝင် ၁၂ ယောက် သေဆုံးတယ်လို့ KNDF က ထုတ်ပြန်ထားပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာလည်း စားနပ်ရိက္ခာအပါအဝင် ဆေးဝါးလိုအပ်ချက်တွေရှိနေသလို ဧပြီ ၂ ရက်မှာလည်း ဖယ်ခုံမြို့နယ်အတွင်း လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲတာကြောင့် ထပ်ပြီးထွက်ပြေးနေကြရတယ်လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ကနေ သိရပါတယ်။
ရေစကြို ၊ မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, မြိုင် ပကဖ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ ၃ ရက် မနေ့က မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ မအူရဲစခန်းကို ဧပြီ ၃ ရက် မနက် ၆ နာရီကနေ ၈ နာရီခွဲအထိ နှစ်နာရီခွဲအကြာ တိုက်ခိုက်ခဲ့ပြီး စခန်းနေရာတချို့ကို မီးရှို့ခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“စခန်းကို မီးရှို့လို့ ပင်မအဆောင်ပဲ ကျန်တော့တဲ့အချိန်မှာ လေယာဉ်ထွက်လာတယ်ဆိုတဲ့သတင်းရယ်၊ တပ်ကူတွေရောက်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ကျနော်တို့ ဆုတ်ခဲ့ကြတယ်။ ကျနော်တို့မှာ ပြန်ပစ်ဖို့က ကျဉ်မလောက်တော့ဘူးလေ။ ကျနော်တို့ထွက်သွားပြီး သိပ်မကြာဘူး လေကြောင်းက MI 35 နှစ်စင်းနဲ့ ပစ်တော့တာပဲ”လို့ ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စခန်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံးပြီး ထွက်ပြေးသွားတဲ့သူတွေရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကို သူက ပြောပြပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေဆုံးသူတွေရဲ့ သေနတ်တွေကိုပါ ယူသွားတာကြောင့် သေနတ်တစ်လက်၊ ဗုံးသီးနဲ့ စာရွက်စာတမ်းတချို့ကိုသာ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲ့ဒီရဲစခန်းကို တိုက်ခိုက်နေတဲ့အချိန် ရေစကြိုမြို့နယ် ဒေသအခေါ် ပျူစောထီးတွေရှိတဲ့ ဇီးတောရွာက စစ်အင်အားနဲ့ ရေစကြိုမြို့ပေါ်က စစ်အင်အားတွေ ထွက်လာတဲ့ လမ်းမှာလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ရဲစခန်းရှိတဲ့ မအူရွာအပါအဝင် ပတ်ဝန်းကျင်က ကျေးရွာ ၃ ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မအူရဲစခန်းမှာလည်း စစ်အင်အားတွေ ထပ်ချထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မအူရဲစခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နတ်တလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်လမ်းကြောင်းနဲ့ တပ်စွဲထားတဲ့နေရာကို ပကဖအဖွဲ့တွေတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Bago Region PDF
ပဲခူးတိုင်းအတွင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ ၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဧပြီ ၂ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။
ပေါင်းတည်မြို့နယ် ၊ တောင်ဘို့လှကျေးရွာအုပ်စု၊ သရက်ချဉ်ကျေးရွာဘုရားပွဲကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဧပြီ ၂ ရက် ညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုမှာ ပေါင်းတည်မြို့မရဲစခန်းမှူးအပါအဝင် ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁ ရက်တုန်းကလည်း သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကြက်မနက်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိသလို သေနတ် ၁ လက်၊ ကျဉ်နဲ့ လက်ပစ်ဗုံးကိုပါ သိမ်းဆည်းရမိသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်လည်း သေဆုံးခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, DJ Violet
မထွေးမွန် (ခေါ်) DJ Violet ကို ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ၆နာရီခွဲလောက်က မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကိုသွားရောက်ဖို့ စောင့်ဆိုင်းနေချိန်မှာဘဲ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ပထမအပတ်အတွင်း ဝန်ခံဂတိနဲ့ ဖြေရှင်းထားတဲ့အမှုကို နားလည်မှုလွဲတာကြောင့် ကြည့်မြင်တိုင်ရဲစခန်းက ချိတ်ဆက်ဖမ်းဆီးတာမျိုးကို လုပ်ဆောင်ခဲ့တာလို့ DJ Violet နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
DJ Violet ကို စွပ်စွဲထားတဲ့ ၅၀၅ ပုဒ်မ (မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု) ပါစွပ်စွဲချက်ကို မတ်လပထမ အပတ်အတွင်းမှာ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ ချိတ်ဆက်ပြီး ခံဝန်ရေးထိုး ဖြေရှင်းထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုခံဝန်နဲ့ ဖြေရှင်းထားတာကို ကြည့်မြင်တိုင်ရဲစခန်းက သူ့နယ်မြေအတွင်းစွပ်စွဲထားတဲ့ အမှုကို မပိတ်ဘဲအခုလို ဖမ်းဆီးမှုဖြစ်ပေါ် ခဲ့တာလို့ နီးစပ်သူက ပြောပြပါတယ်။
“၅၀၅ နဲ့စွဲထားတာမျိုးရှိခဲ့ဖူးပါတယ်။ ပုဒ်မအတိအကျတော့ မသိရဘူး။ အခုသူများတွေပြောနေသလို မူးယစ်ဆေးနဲ့ဆိုတာလုံးဝမဟုတ်ပါဘူး။ အခုလည်းအားလုံးအဆင်ပြေမယ် လို့မျှော်လင့်ပါတယ်။ အဆက်အသွယ်လည်းရပါတယ်။ နားလည်မှုလွှဲပြီးဖမ်းခံရတာမို့ ဖြေရှင်းနေပါတယ်” လို့ DJ Violet အကြောင်းသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက်ပိုင်း DJ Violet နဲ့ ဆက်သွယ်မှုရရှိထားပြီး ဖြေရှင်းနိုင်ရေးကိုလည်း ဆက်လက်လုပ် ဆောင်နေတယ်လို့ သိရပါတယ်။
အခုလို မဖမ်းဆီးခင် ရှေ့ရက်ပိုင်းတွေတုန်းကတော့ DJ Violet ကိုဖမ်းဆီးဖို့အတွက် စစ်ကောင်စီထောက်ခံ တဲ့ တယ်လီဂရမ်အကောင့်တွေကနေ လှုံဆော်ရေးသားတာမျိုးတွေရှိခဲ့ပါတယ်။
ထိုင်းရောက် MOU မြန်မာအလုပ်သမားနောက်ထပ် ၃၆၀ ကျော် အလုပ်ထုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, MOU မြန်မာအလုပ်သမား
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ထဲက ဖန်စီပစ္စည်းတွေလုပ်တဲ့ Regal Jewellery Manufacture စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ MOU မြန်မာအလုပ်သမား ၃၆၀ ကျော်ဟာ မတ် ၃၁ ရက်မှာ အလုပ်ထုတ်ခံရတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ပြောကြပါတယ်။
စက်ရုံကို အမှာတွေမရတော့တာကြောင့် ဒေဝါလီခံရမယ့်အခြေအနေတွေ ရှိတဲ့အတွက် အလုပ်ထုတ်ရတာဖြစ်တယ်လို့ စက်ရုံဘက်က အကြောင်းပြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ကစပြီး အလုပ်လုပ်ခဲ့ကြတာဖြစ်တဲ့အတွက် လုပ်သက် ၈ လသာ ရှိကြပါသေးတယ်။ ဒ့ါကြောင့် အလုပ်ထုတ်နစ်နာကြေး တစ်လစာသာ ရရှိကြပြီး စက်ရုံကပေးတဲ့ အဆောင်နေထိုင်ခွင့်ကို လာမယ့် မေ ၁၅ ရက်အထိသာ နေထိုင်ခွင့်ပြုမှာဖြစ်တယ်လို့ စက်ရုံကအသိပေးတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
“ဒီကိုလာဖို့အတွက် တချို့တွေဆို ၁၅ သိန်း၊ သိန်း ၂၀ ပေးခဲ့ကြရတာတွေ၊ အလုပ်လုပ်ရတာ လပိုင်းပဲရှိသေးတော့ ဘယ်သူမှ စုမိ ဆောင်းမိ မရှိသေးတာကို အလုပ်ထုတ်ခံရတော့ တော်တော်ဒုက္ခရောက်တယ်။ ဒီကိုမလာခင် မြန်မာနိုင်ငံက အေဂျင်စီပြောတုန်းကတော့ အလုပ်က ခိုင်မာတယ်၊ ၂ နှစ်လောက် လုပ်ရမယ်၊ အလုပ်ပြောင်းစရာမလိုဘူးဆိုပြီးပြောခဲ့တာ၊ အခုတော့ တခြားစီပဲ”လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
MOU စာချုပ်အရ စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက တာဝန်ယူ အလုပ်ရှာပေးရမှာဖြစ်ပြီး အလုပ်သမား ကျေနပ်လက်ခံတဲ့ လုပ်ငန်းခွင်ကိုသာ ပို့ဆောင်ပေးရမယ်လို့ အလုပ်သမားအခွင့်အရေး ကူညီပေးနေသူတွေက ပြောပြပါတယ်။
အခု အလုပ်ထုတ်ခံရတဲ့ ဖန်စီစက်ရုံက အလုပ်သမားတွေအတွက် ဆောက်လုပ်ရေးစက်ရုံနဲ့ ကြက်သားထုတ်လုပ်ရေးစက်ရုံတွေမှာ အလုပ်လုပ်ဖို့ ထိုင်းဘက်က အေဂျင်စီက ရှာဖွေပေးနေမနေ အလုပ်သမားတွေက ငြင်းဆိုထားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကို ရုရှားအရှေ့တိုင်းလေ့လာရေးအင်စတီကျူက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေး

ဓာတ်ပုံ ရင်းမြစ်, MRTV
လူသားချင်းစာနာထောက်ထားမှုနဲ့ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်ရေးဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်မှုများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှုကြောင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားအရှေ့တိုင်း လေ့လာရေးအင်စတီကျုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုပေးအပ်ခဲ့တယ်လို့ ဧပြီ ၄ရက် စစ်ကောင်စီ သတင်းစာမှာဖော်ပြလာပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတမှုကို အခြေခံတဲ့ နိုင်ငံရေးပွင့်လင်းမြင်သာမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရသလို၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍအပါ အဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့လည်း ပူးပေါင်းဆောက်ရွက်ဆက်ဆံမှုတွေ တိုးတက်လာတာကြောင့်လို့ လည်း အင်စတီကျုရဲ့ ဥက္ကဋ္ဌက ချီးမွမ်းထောက်ပြပြောဆိုခဲ့ပါတယ်။
အခုလိုဆုချီးမြှင့်ခံရတာကလည်း မိမိတစ်ယောက်တည်းကြောင့်မဟုတ်ဘဲ အားလုံးပူးပေါင်းလုပ်ဆောင်တာ ကြောင့်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကစလို မြန်မာစစ်ကောင်စီက ရုရှားနဲ့ စီးပွားရေး၊ စွမ်းအင်ဆိုင်ရာနဲ့ လက်နက် ခဲယမ်းတွေကအစ ဝယ်ယူရရှိရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
နျူကလီယားကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့အထိ ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်ထားပြီး၊ စီမံကိန်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာမျိုးအထိရှိလာပါတယ်။
ရုရှားနိုင်ငံဘက်ကအခုလိုပူးပေါင်းလုပ်ဆောင်နေပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဘက်ကတော့ စစ်ကောင်စီကို လက်နက်မရောင်းချဖို့နဲ့ စစ်ကောင်စီခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်တွေအပေါ် တစ်ဦးချင်း သာမက အစုအဖွဲ့လိုက်အထိ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေကို ချမှတ်အရေးယူတာတွေရှိနေပါတယ်။
အမေရိကန်အစိုးရကတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ် ဖြတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကျူးလွန် တယ်လို့ ၂၀၂၁ခုနှစ်အစောပိုင်းကတည်းက တရားဝင်သတ်မှတ်ကြေညာထားတာလည်းရှိပါတယ်။
ကန်ရဲစခန်းကို ဝင်ရောက်စီးနင်းချိန် လေကြောင်းပစ်ခတ်မှုကြောင့် ဆုတ်ခွာခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာနယ်မြေခံရဲစခန်းကို မတ် ၃၁ ရက်က ပြည်သူ့ကာကွယ်ရေးနဲ့ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုတွေကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့တွေက ဧပြီ ၃ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။
စခန်းကို ဝင်ရောက်သိမ်းပိုက်နေချိန်မှာ ရဲစခန်းကိုသိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းတချို့ထွက်ပေါ်လာတာကြောင့် ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကန်ရဲစခန်းကို မတ် ၃၁ ရက် မနက် ၆ နာရီမှာ စတင်ဝင်ရောက်ပစ်ခတ်ခဲ့ပြီးအချိန်မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်သလို မနက်ပိုင်းကနေ နေ့လယ်ပိုင်းထိ ရဟတ်ယာဉ်နဲ့ စစ်ကူတွေရောက်လာခဲ့တာကြောင့် ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။
“မနက်ပိုင်းကတည်းကနေ ဆက်တိုက် လေယာဉ်နဲ့လာပစ်တာ၊ ၅ နာရီလောက်ကြာတယ်။ မြန်မာနိုင်ငံမှာ လေကြောင်းနဲ့အချိန်အကြာဆုံးပစ်ခတ်ခဲ့တယ်လို့ ပြောလို့ရတယ်။ ကျနော်တို့တွေလည်း စခန်းသိမ်းလို့ရခါနီးမှာ ဆုတ်ခဲ့ရတာ။ လေကြောင်းကနေ ပစ်လို့ ကျနော်တို့ဘက်က ၂ ယောက် ကျတယ်”လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ကန်ရဲစခန်းကို ၇၅ ရာခိုင်နှုန်းလောက် မီးရှို့ခဲ့သလို စစ်ကောင်စီဘက်က ၄၅ ယောက် သေဆုံးပြီး ၁၀ ယောက်ပြင်းထန်ဒဏ်ရာရတဲ့အကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက လက်နက်တချို့၊ ကွန်ပျူတာနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆီးရမိသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က နှစ်ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဧပြီ ၃ ရက်နဲ့ ၄ ရက်မှာလည်း ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းသတင်းက ထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်ရေးအစီအစဥ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့ပြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စုလူဦးရေစာရင်းတွေကို ၂၀၂၃ခုနှစ် မတ်လ ကုန်အထိ စိစစ်မှုတွေ ပြုလုပ်ထားတယ်လို့ ဧပြီ ၃ရက်၊ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး ကော်မတီအစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကပြောခဲ့တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့တဲ့အထောက်အထားတွေ့ရှိခဲ့သူ ၅၆,၀၀၀၊ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်သူ ၉၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထား မတွေ့ ရှိသူ သုံးသောင်းအပါအဝင် စုစုပေါင်း လူဦးရေ ၈၇,၀၀၀ ကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နည်းလမ်းနဲ့ ပြန်လည်ပေးပို့ အကြောင်းပြန်ကြားပြီးပြီလို့ သိရပါတယ်။
အဲဒီစာရင်းတွေထဲကမှ ၂ နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံဖို့ အိမ်ထောင်စု ၂၀၀ ကျော်က လူဦးရေ ၇၀၀ ကိုလျာထားခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်မံပေးပို့တဲ့ ဆက်စပ် မိသားစုဝင် ၄၀၀ ကျော်ကိုလည်း မတ်လ ၁၅ရက်နေ့ကစတင်ကာတွေ့ဆုံစစ်ဆေးခဲ့ပြီးပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
အဲဒီမိသားစုဝင်တွေအပြင် ပြီးခဲ့တဲ့ ကာလတွေကတည်းက စိစစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာ သာဝင် ၃၀၀ ကျော်ကိုလည်း အခုတခါပြန်လည်နေရာချထားတဲ့ အစီအစဥ်ကတဆင့် ပြန်လည်ခေါ်ယူမယ်လို့ သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဥ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံကို ပြန်တာဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အသက်တွေကို အကြီးအကျယ် အန္တရာယ် ရှိစေတယ်လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်နေချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံကို ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ HRW အဖွဲ့ တောင်အာရှရေးရာ ဒါရိုက်တာ Meenakshi Ganguly က ပြောထားပါတယ်။
ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေမှာတော့ သူတို့ လိမ်ညာလှည့်ဖြားခံနေရတယ်၊ ဒါမှမဟုတ် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖိအားပေး လုပ်ဆောင်နေတယ်လို့ HRW အဖွဲ့ကို ပြောတယ်လို့လည်း ဆိုပါတယ်။
၂၀၁၇ခုနှစ် ပဋိပက္ခဖြစ်စဥ်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNU-Mutraw News
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ KNLA တပ်မဟာ ၅ မှာ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တွေနဲ့ KNLA အကြား တိုက်ပွဲပေါင်း ၁၉၀ ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲကာလ တစ်လတာအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သုံးမော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ်တစ်စီးတို့ကို KNLA က ဖျက်ဆီးခဲ့သလို စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်နဲ့လေကြောင်းပစ်ခတ်မှု ၂ ကြိမ်မှာ ဗုံးဆံ ၁၆ လုံးပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ BGF အဖွဲ့က ၉၂ ယောက်သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရသလို KNLA တပ်မဟာ ၅ ဘက်ကလည်း တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိတဲ့အပြင် စစ်ကောင်စီက ကျေးရွာတွေနဲ့ ဥယျာဉ်ခြံမြေတွေထဲကို အမြောက်လက်နက်ကြီး ၁၄၂ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာခဲ့တယ်လို့ မြေပြင်ကြေးနန်းသတင်းတွေကို အတည်ပြုပြီး KNU က ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ် တပ်မဟာ ၅ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်တာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။








