ဖေဖော်ဝါရီ ၈ ရက် ထိပ်တန်းသတင်းများ - ကယား (ကရင်နီ) ၊ ရှားတောမှာ ကလေး ၃ ဦးအပါ အရပ်သား ၇ ဦး အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကယား (ကရင်နီ) ပြည်နယ်၊ ရှားတောမြို့နယ်ထဲက တောတွင်းတစ်နေရာမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက အရပ်သားရုပ်အလောင်း ၇ လောင်း တွေ့ခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်ရှောင်တွေဖြစ်ကြပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေးသူငယ် ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။
"အမျိုးသမီးသုံးယောက်ထဲ ကိုယ်ဝန်ဆောင် ၁ ဦး၊ မသန်စွမ်း ၁ ဦးပါ ပါတယ်။ ခန္ဓာကိုယ်တွေမှာ ညိုမဲနေတယ်၊ ဦးခေါင်းကို အနီးကပ်သေနတ်ပစ်ထားတာကြောင့် ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေကြတာပါ" လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်သူ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အဖွဲ့ဝင် ကိုဗညားက ဘီဘီစီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့တုန်းက ရှားတောမြို့နယ်ဘက်ကို တောင်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၄၉) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး အခုလိုသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ရှားတောမြို့ပေါ်ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနေအိမ် ၄၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီလို့လည်း ဒေသအခြေစိုက် မီဒီယာတွေမှာဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ရှားတောမြို့က ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒီကနေ့ ညနေ ၅ နာရီအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ကောလင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, KAWLIN REVOLUTION - KR
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်အင်အားရာနဲ့ချီ ထိုးစစ်ဆင်နေပြီး ကန့်ဘလူ၊ ကိုးတောင်ဘို့ကျေးရွာ အုပ်စုအနီးမှာတင် စစ်ကြောင်းသုံးကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
ကိုးတောင်ဘို့ဒေသကို စစ်ကောင်စီတပ်ဘက်က ဒီကနေ့ မနက်ပိုင်းမှာတင် လေကြောင်းနဲ့ နှစ်ကြိမ်တိတိလာရောက်တိုက်ခိုက်ထားပြီး တိုက်ပွဲပြင်းထန်တာကြောင့် နှစ်ဖက်အထိအခိုက်ရှိတယ်လို့ သိရပါတယ်။
"မနက် ၈ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်လာတိုက်တယ်။ နေ့လယ် ၁ နာရီ ၅၈ မိနစ်မှာက Mi-35 နဲ့ ထပ်ပြီးလာပစ်တယ်" လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်ကောင်စီဘက်က ကောလင်းမြို့တဝိုက်ကို စစ်ကြောင်းခွဲပြီး ဝင်ရောက်ဖို့ကြိုးစားလာခဲ့ပြီး ၃ ရက်နေ့ကစလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အခု ကန့်ဘလူမြို့နယ်ထဲကပဲ ကိုးတောင်ဘို့ကနေလည်း စစ်ကြောင်းတွေထိုးသလို ချပ်သင်းရွာတကြောကလည်း စစ်ကြောင်းထိုးနေပြီး ကျွန်းလှမြို့နယ်ဘက်ကနေ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ကောလင်းမြို့ထိန်းရေးနဲ့ ပြန်သိမ်းရေးကြားက တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရော စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကပါ တစုံတရာထုတ်ပြောလာတာမရှိသေးပါဘူး။
ထွက်ပြေးရင် လက်နက်တွေရောင်းဖို့ နယ်ခြားစောင့်တပ် နဲ့ ARA ကြိုညှိခဲ့တယ်လို့ သုံ့ပန်းတွေထွက်ဆို

ဓာတ်ပုံ ရင်းမြစ်, AA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ - လက်ယာ) ဗျူဟာစခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တို့ ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းတွေကို ဖေဖော်ဝါရီ ၈ ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။
တောင်ပြို (လက်ဝဲ - လက်ယာ) စခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အေအေ က သိမ်းပိုက်ပြီးတဲ့နောက် စခန်းရှင်းလင်းရေးလုပ်တဲ့အခါ တောင်ပြို (လက်ဝဲ) စခန်းနဲ့ ဘင်္ဂါလီတပ် ARA ရဲ့ အဓိကစခန်းကြား ချိတ်ဆက်ထားတဲ့ အင်္ဂတေလူသွားလမ်းတွေကို တွေ့ရတယ်လို့ ပြောပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက်အရ တောင်ပြို (လက်ဝဲ) စခန်းနဲ့ နတ်မြစ်ကမ်းစပ်မှာရှိတဲ့ ARA အဓိကစခန်းဟာ မီတာ ၁ ထောင်ကျော်ပဲဝေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
အေအေ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောစကားအရ ထွက်ပြေးမယ့်အခြေအနေကြုံလာရင် လက်နက်တွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်း နဲ့ ရောင်းချဖို့ နယ်ခြားစောင့်တပ်မှူးတွေနဲ့ ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (ARA) နဲ့ (RSO) တို့အကြား ကြိုတင်ညှိနှိုင်းထားခဲ့ကြတယ်လို့ ထည့်သွင်းရေးထားတာပါ။
ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်နိုင်ဖို့အတွက် ARA အဖွဲ့ဆီ အကူအညီတောင်းခံခဲ့တယ်လို့ စစ်သုံ့ပန်းတွေက ထွက်ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းမှာရှိတဲ့ တောင်ပြိုင် (လက်ဝဲ - လက်ယာ) စခန်းနှစ်ခုကို အေအေ တိုက်ခိုက်တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ထုတ်ပြောထားပါတယ်။
အဲဒီထဲက တချို့ဟာ ထိခိုက်ဒဏ်ရာရထားတာကြောင့် ကော့ဘဇားဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ကောင်စီတပ်သားတွေကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာစစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကြားဆွေးနွေးနေတယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တပ်သားတွေ လက်နက်ချတဲ့အခြေအနေအပါအဝင် ဘင်္ဂလီလက်နက်ကိုင်တပ်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အေအေ ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
တွဲဖက်စစ်ရေးချုပ် နဲ့ တိုက်ခိုက်ရေးတပ်တွေရဲ့ ထိပ်ပိုင်းနေရာ ၂၀ ကျော် အပြောင်းအလဲလုပ်

ဓာတ်ပုံ ရင်းမြစ်, cincds
တွဲဖက်စစ်ရေးချုပ် အပါအဝင် ခြေမြန်တပ်မဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေ နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တွေရဲ့ ထိပ်ပိုင်းနေရာ အခု ၂၀ ကျော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက အပြောင်းအလဲ လုပ်ခဲ့တယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရဲ့ ဒုတိုင်းမှူး ဗိုလ်ချုပ်ထွန်းမြတ်ရွှေက တွဲဖက်စစ်ရေးချုပ် ဖြစ်လာပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်သူရအေး က ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဖြစ်လာပါတယ်။
အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်က တပ်မမှူးတွေ နဲ့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး တွေ အပြောင်းအလဲ ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တပ်မ (၁၁) ၊ တပ်မ (၂၂) ၊ စကခ (၈) ၊ စကခ (၁၅) က ဒုတိယတပ်မမှူးတွေ၊ တနိုင်း ဒု ဒကစမှူး၊ ဒကစ စစ်တွေ ဒု ဒကစမှူးတွေလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
‘’ ဒုဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အထိ အဆင့်တွေပါ။ ဒုတပ်မမှူး နဲ့ ဒုစကခမှူးလို နေရာတွေ ပိုများတယ်’’ လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အပြောင်းအလဲဖြစ်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်ထဲက စစ်ဗျူဟာမှူးတချို့ နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တွေထဲက ရာထူးတွေ အပြောင်းအလဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။








