ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးရသတင်းများ
မြဝတီခရိုင်က တိုက်ပွဲအတွင်း ထိုင်းနိုင်ငံမှတ်ပုံတင်ကိုင်ဆောင်ထားသူ အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Venom Column
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားနေချိန် ရွာမှာ ပြောင်းဝင်သိမ်းတဲ့ လူငယ်တစ်ယောက် အသတ်ခံရတယ်လို့ Venom Colum က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ စုကလိမြို့နယ်၊ ထိကပလယ်ကျေးရွာက အသက် ၂၀ အရွယ် ကိုကျော်တိတိ ဖြစ်ပြီး ထိုင်းမှတ်ပုံကိုင်ဆောင်ထားသူတစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သူ့မိသားစုတွေ ပြောပြချက်အရ ထိုင်းမှတ်ပုံတင်ရထားပြီးသား၊ ထိုင်းစစ်တပ်မှာ စစ်မှုထမ်းဖို့လည်း အမိန့်ကျသားပြီးသားလို့ပြောတယ်။ သူက ထိုင်းမှာနေပေမဲ့ အခုရွာမှာ ပြောင်းတွေ သိမ်းချိန်ရောက်လို့ လာကူညီသိမ်းတာ။ တိုက်ပွဲဖြစ်လို့ ရွာသားတွေရှောင်နေတဲ့အချိန်မှာ သူက အစားအသောက်ယူရင်း ပြောင်းတွေဝင်သိမ်းတာ၊ သူအပြန် စစ်ကြောင်းနဲ့တိုးပြီးတော့ ခေါင်းကိုပစ်သွားတာ”လို့ Venom Colum စစ်ကြောင်း ပြန်ကြားရေး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
သေဆုံးသူဟာ ထိုင်းမှတ်ပုံတင်ကိုင်ဆောင်သူလို့ Venom Colum ဖော်ပြပေမဲ့ ဘယ်လိုအမျိုးအစားမှတ်ပုံတင်လဲဆိုတာကိုတော့တိတိကျကျသိရတာမရှိပါဘူး။
ကိုကျော်တိတိ အသတ်ခံရချိန်က မနက် ၁၀ နာရီဝန်းကျင်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဝင်ချိန် ညနေ ၄ နာရီမှ အလောင်းကိုတွေ့ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။
သေဆုံးသူ ကိုကျော် တိတိဟာ အသက် တစ်နှစ်အရွယ် ကလေးဖခင်တစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
မြဝတီခရိုင်၊ စုကလိမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မနေ့ကအထိ အဲဒီဒေသထဲ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့မှာတော့ စစ်ရေးအခြေအနေ ငြိမ်နေတယ်လို့သိရပါတယ်။
ရေတာရှည်နဲ့ သံတောင်ကြီးအစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Bago Region PDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ Bago PDF ထုတ်ပြန်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ထဲ ပါတဲ့ ဇရစ်ရိုးကုန်းကျေးရွာနဲ့ ပိန်းသီလာကျေးရွာနားမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကို တောင်ငူခရိုင်ထဲက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့ကတိုက်ပွဲဟာနှစ်ဖက်တိုက်ခိုက်မှု ၁နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် တပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးဒဏ်ရာရတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ သေနတ်၊ ကျည်တောင့်၊ ဗုံးသီးအပါအဝင် ရိက္ခာနဲ့ ရွှေထည်ပစ္စည်းအချို့ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
Bago Region PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ ပဲခူးတိုင်းစစ်ဒေသခွဲလက်အောက်မှာရှိပြီး သိမ်းဆည်းရမိတဲ့အထဲက ရွှေထည်လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်တွေကို မူလပိုင်ရှင်တွေဆီ ပြန်အပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ရေတာရှည်မြို့နယ် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၇ ၊ ၈ နဲ့ ၁၄ ရက်တွေမှာ လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီဒေသထဲက အရပ်သား ၂ ယောက် သေဆုံးသလို နောက်ထပ် ၂ ယောက်လည်း အပြင်းအထန် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်တဲ့ဒေသဟာ ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်ထဲပါပေမဲ့ ကရင်ပြည်နယ်သံတောင်နဲ့ဆက်စပ်နေတာလို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။ ဒီဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက်လိုအပ်တဲ့ ထောက်ပံ့ဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ပုလဲမြို့ NUG စာသင်ကျောင်းကို မီးရှို့ခံရ ၊ အဖမ်းခံထားရတဲ့ အရပ်သား ၁၃ ယောက် မလွတ်သေး

ဓာတ်ပုံ ရင်းမြစ်, Pale Entertainment
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာထဲမှာ ဖွင့်လှစ်ထားတဲ့ NUG ရဲ့ ကြားကာလစာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ကြောင်းထိုး ရောက်ရှိလာပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲ့ဒီယာယီစာသင်ကျောင်းအပြင် တော်လှန်ရေးမှာ ပါဝင်သူတွေရဲ့ နေအိမ် ၈ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ယာယီစာသင်ကျောင်းကို ရွာတွေရဲ့ ရပ်ကွက်ထဲက ချောင်ကျတဲ့နေရာမှာဖွင့်ထားတာ၊ နေရာမသိတဲ့သူဆို တော်ရုံသိမှာမဟုတ်ဘူး။ သူတို့က မင်းတိုင်ပင်ရွာကို ၁၇ ရက်က စစ်ကြောင်းထိုးတယ်၊ အဲ့မှာ ညအိပ်ပြီးတော့ ရွာထဲကို လိုက်ကြည့်ကြတာ၊ စာသင်ကျောင်းရယ်၊ တော်လှန်ရေးမှာ ပါတဲ့သူတွေရဲ့ အိမ်တွေကို နေရာခွဲပြီးရှို့သွားတာ”လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဇီးဖြူကုန်းရွာကို ထွက်သွားပြီးနောက် ဒီနေ့မှာဆိုနွယ်အင်းကျေးရွာကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။
မင်းတိုင်ပင်ကျေးရွာအနားမှာ စစ်ကြောင်းရှိနေတာကြောင့် စာသင်ဖို့ ရပ်နား
ထားပြီး စစ်ဘေးရှောင်နေကြရတယ်လို့ပြောပါတယ်။
စစ်ကြောင်းထိုးတဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ရွာစဉ်တလျှောက်ကျွန်းဘိုကုန်း၊ နှောရိုး စတဲ့ကျေးရွာတွေက ဒေသခံ ၁၃ ယောက်ကိုလည်း ဖမ်းဆီးထားပြီး ဒီနေ့အထိ မလွတ်ကြသေးဘူးလို့လည်း ပြောကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာက စစ်ရေးအခြေအနေကို သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ရန်ကုန် ဒဂုံဆိပ်ကမ်းမှာ ရာအိမ်မှူး ၂ဦး ပစ်ခတ်ခံရလို့သေဆုံး၊ ရပ်ကွက်ရုံးထဲရှိနေတဲ့ ရာအိမ်မှူးအချို့လည်းကျည်ထိမှန်

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက်ရုံးထဲ မနေ့ဖေဖော်ဝါရီ ၁၉ရက် ညနေပိုင်း က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခံရလို့ ရာအိမ်မှူး ၂ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိတယ်လို့ ရပ်ကွက်ထဲနေထိုင်သူအချို့က ပြောပါတယ်။
ပစ်ခတ်သူတွေက ဆိုင်ကယ်နဲ့လာရောက်တာဖြစ်ပြီး ရာအိမ်မှူးဦးဝင်းမြင့် ကနေရာမှာပဲသေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးထွန်းထွန်းဝင်းကတော့ ကျည်ဒဏ်ရာ ၃ချက်ထိပြီး ဆေးရုံကိုပို့ချိန် လမ်းမှာသေဆုံးတာလို့ မြေပြင်အခြေအနေသိရှိသူတချို့ကပြောပါတယ်။
ပစ်ခတ်ခံရလို့ အမျိုးသမီးရာအိမ်မှူး တစ်ဦးအပါအဝင် နောက်ထပ် အမျိုးသားရာအိမ်မှူး တစ်ဦး ၊ ဆယ်အိမ်မှူးတစ်ဦး နဲ့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ၄ဦးကတော့ ကျည်မှန်ဒဏ်ရာတွေရခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၉ရက် ကလည်း ရန်ကုန် ၊ သာကေတမြို့နယ် ၁၀/တောင် ၁၃ရပ်ကွက်မှာလည်း အသက် ၄၅ နှစ်အရွယ် ဦးနေမျိုးအောင်ဆိုသူ ဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။ သေဆုံးသူကို ရပ်ကွက်နေသူအချို့က လူမိုက်တစ်ဦးလို့သုံးနှုန်းပြောဆိုကြပြီး ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို WFPက အကူအညီလျှော့ချမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေတဲ့ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးတာတွေကို လျှော့ချသွားဖို့ရှိတယ်ဆိုပြီး ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP)က ထုတ်ပြန်ပြောဆိုလာပါတယ်။
ရန်ပုံငွေရရှိမှု ကျဆင်းတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေအတွက် လစဥ်ပုံမှန်ပေးနေကျ အစားအသောက် ကတ်တန်ဖိုးကို လာမယ့် မတ်လ တစ်ရက်နေ့ကစလို့ လျှော့ချသွားမှာလို့ ဆိုပါတယ်။
လူတစ်ဦးကို တစ်လကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာနှုန်း(မြန်မာငွေ ၅၀၀၀ ကျော်ခန့်)သာ လျှော့ချလိုက်တာဖြစ်ပေမဲ့ ဒုက္ခသည်တွေကို ပေးနေတဲ့အခြားအကူအညီတွေ ကျဆင်းလာချိန်မှာ အခုလိုလျှော့ချလိုက်တာကလည်း ဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိတာကို အသိအမှတ်ပြုတဲ့အကြောင်း WFP ဘက်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေဟာ ဝင်ငွေအတွက် အလုပ်လုပ်ကိုင်ခွင့် တားမြစ်ခံရတာကြောင့် အခုလို လျှော့ချမှုဟာ ဒီလူတွေအပေါ် သက်ရောက်မှု ကြီးမားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် ၂၀၁၇ ခုနှစ်မှာ လုံခြုံရေးနဲ့ အသက်အန္တရာယ်စိုးရိမ်ချက်ကြောင့် ရိုဟင်ဂျာ သိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး အခုတော့ အဲဒီက ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ ၇ သိန်းနီးပါး ခိုလှုံနေရတယ်လို့ သိရပါတယ်။
ယင်းမာပင်နဲ့ဆားလင်းကြီးအစပ် စစ်ကောင်စီယာယီစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက် ၊ စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးတာရှိနေ

ဓာတ်ပုံ ရင်းမြစ်, GZ-21 Yinmarbin- PDF
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်၊ ကျောက်မျက်တောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၉ ရက်က ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။
စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၂၀ မနက်ပိုင်းမှာတော့ မုံရွာနဲ့ ဆားလင်းကြီးဘက်က စစ်ကောင်စီတပ်တွေက အဲဒီဒေသထဲ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးတဝိုက် က ကျေးရွာ ၁၀ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
“အဲ့ဒီတောင်ကုန်းက စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာလည်းဖြစ်တယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက ညပိုင်းမှာဝင်တိုက်တာ၊ တိုက်ပွဲချိန် ၁ နာရီခွဲလောက်တော့ကြာတယ်”လို့ တိုက်ခိုက်တဲ့နေရာမှာ ပါဝင်တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် လက်နက်ငယ်တွေ၊ နင်းမိုင်းတွေကို သိမ်းဆည်းရမိတယ်လို့ GZ-21 Yinmarbin- PDF က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် အပါအဝင် နိုင်ငံတွင်းမတည်ငြိမ်ဘူးလို့ စစ်ခေါင်းဆောင်ထပ်ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်းပြည်နယ် အပါအဝင် နိုင်ငံရဲ့ နေရာအချို့မှာ မတည်ငြိမ်ဘူးလို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကထပ်ပြောလာပြီး ချင်းပြည်နယ်အတွက် ၁၀ဘီလီယံသုံးပြီး ဖွံ့ဖြိုးရေးတွေလုပ်ပေးနေတယ်လို့ ဒီကနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာထည့်ပြောပါတယ်။
ချင်းနိုင်ငံရေးအကဲခတ်တချို့ကတော့ ဒါက လက်ရှိမှာ နိုင်ငံမတည်ငြိမ်တာကို ထပ်ဝန်ခံတဲ့သဘောလို့ထောက်ပြကြသလို အရင်ကာလကတည်းက တန်းတူအခွင့်အရေးမရှိလို့ ဆွေးနွေးနေတဲ့အချိန် အာဏာသိမ်းလိုက်လို့ ရှိပြီးသား တည်ငြိမ်ရေးပျက်သွားတာလို့ဝေဖန်ကြပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့မိန့်ခွန်းထဲ မတည်ငြိမ်မှုတွေဟာ ပြည်နယ်ရဲ့ အစဥ်အလာတွေကိုမှေးမှိန်စေတယ်လို့ဆိုပြီး ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပဩဇာခံ အဖွဲ့အစည်းတွေကြောင့် ဆိုပြီး သူ့ သဝဏ်လွှာထဲ ပြောထားသလို လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း CDM အားကောင်းပြီး ကြားကာလပညာရေးကျောင်းတွေ ဒေသအများစုမှာ အစောဆုံးဖွင့်လှစ်ထားနိုင်တယ် လို့ ချင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြောနေချိန်မှာပဲ စစ်ခေါင်းဆောင်ကတော့ ချင်းပြည်နယ်မှာ အခြေခံကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ပေးတာ၊ ဆရာတွေပိုခန့်ထားပေးတာ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ တိုးချဲ့ပေးတာနဲ့ ဆရာဝန်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပြီး နိုင်ငံရပ်ခြားအထိ ကုန်သွယ်နိုင်မယ့် ဆိပ်ကမ်းစီမံကိန်းတွေလုပ်မယ်ဆိုတဲ့သဘောလည်းထည့်ပြောထားပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ကတော့ ပြီးခဲ့တဲ့ရက်ကထုတ်ပြန်ခဲ့တဲ့ ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်မှာ လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးစစ်ပွဲကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့လက်တွဲတိုက်ပွဲဝင်ပြီး အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်ခံယူကာ
ချင်းပြည်ထောင်တည် ဆောက်ရေးကို Stakeholders တွေနဲ့ ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ချင်းပြည်နယ် ထဲ မြို့နယ် ၇ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းတက်မယ့်သူတွေရဲ့စာရင်းကို တစ်ပတ်ကြိုပေးနေရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။








