ဇန်နဝါရီ ၅ ရက် နောက်ဆုံးရသတင်းများ
တပ်ပိုင်မြေဆိုပြီး နေအိမ်ဖယ်ပေးခဲ့ရတဲ့ပြည်သူတချို့ ပြန်နေထိုင်ခွင့်ရရေးတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်ကနေ တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်နဲ့မြေနေရာဖယ်ပေးခဲ့ရတဲ့ ပြည်သူတချို့ က အဲဒီမှာ ပြန်လည်နေထိုင်ခွင့်ရရေး ဒီကနေ့အသံတိတ်တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက်အချို့ကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ဧက ၅၆၀ ကျော်ဧကမှာ ခွင့်ပြုချက်မဲ့ ကျူးကျော် ဆောက်လုပ်နေထိုင်နေကြတယ်ဆိုပြီး အာဏာပိုင်တွေကဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက် ၅ နာရီခွဲလောက်ကစပြီး စံသမာဓိရပ်ကွက်ထဲကို အိမ်ဖျက်ခံရသူတချို့ ပြန်ဝင်လာချိန်မှာ ရပ်ကွက်အတွင်း စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှင်ထုတ်တာကြောင့် ရပ်ကွက်အရှေ့လမ်းမကြီးဘေးမှာ စုရုံးနေကြတယ်လို့ နေအိမ်အဖျက်ခံလိုက်ရတဲ့ စံသမာဓိရပ်ကွက်နေထိုင်သူတစ်ယောက်က ပြောပါတယ်။
“ကျနော်တို့တွေမှာ နှစ်ယောက်လောက်နေလို့ရတဲ့အခန်းကို တစ်လ ၄ ၊ ၅ သောင်း ပေးနေရတယ်။ နေစရာလည်း ခက်တယ်။ ကလေးတွေဆိုရင်လည်း ကျောင်းထားတာက ဒီရပ်ကွက်မှာ၊ အိမ်အဖျက်ခံရပြီး ပြောင်းရတာက လှိုင်သာယာတို့၊ ရွှေပြည်သာတို့ ဖြစ်တော့ ကျောင်းပို့ဖို့လည်း အခက်ခဲဖြစ်တယ်။ အဲ့ဒါ အခု မနက်ကတည်းကနေ ညနေအထိ ငြိမ်ငြိမ်ပဲ ထိုင်နေကြတာ၊ အော်ပြီးတော့လည်း မတောင်းဆိုဘူး။ ကျနော်တို့က သူတို့ကိုလည်း ကြောက်တယ်လေ။ အခုတောင် စစ်ကား ၅ စီးလောက် ရောက်လာတယ်”လို့ သူက ပြောပါတယ်။
တောင်းဆိုနေကြသူတွေထဲက အမျိုးသမီး ၅ ယောက်ကို မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ပြောစရာနဲ့ မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်သွားတယ်လို့လည်း အဲ့ဒီပြည်သူက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်းက စံသမာဓိ၊ မြဲမြံအောင်၊ ဂုန်ညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစတဲ့ ၅ ခုက နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေအပါအဝင်နေအိမ်ပေါင်း ၁ သောင်းဝန်းကျင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖျက်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂဟာ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီးတာဝန်မဲ့ပြောဆိုတယ်လို့ စစ်ကောင်စီကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာ့အရေးနဲ့ပတ်သက်ရင် ကုလသမဂ္ဂဟာ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်နေလို့ ကန့်ကွက်တယ်ဆိုပြီးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာ ထုတ်ပြန်လာပါတယ်။
မြန်မာပြည်တွင်းရေးကို စွက်ဖက်နေတဲ့ နိုင်ငံတချို့နဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂတာဝန်ရှိသူတချို့ရဲ့ ပြောဆိုချက်တွေကိုလည်းကန့်ကွက်တယ်လို့ဆိုပြီး စစ်ကောင်စီရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး အတွက်ရွေးကောက်ပွဲ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုဖို့လိုတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ တာဝန်ယူတဲ့ နှစ်နှစ်ပြည့် နဲ့ပတ်သက်ပြီး နိုင်ငံတချို့နဲ့ ကုလသမဂ္ဂတာဝန်ရှိသူအချို့ရဲ့ ပြောဆိုချက်တွေဟာ အပြုသဘောမဆောင်သလို NUG,CRPH, PDF တို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူ ၅ ထောင်ကျော် အသက်ဆုံးရှုံးရတာကို ဖုံးကွယ်ထားတယ်ဆိုပြီး ကန့်ကွက်ချက်ထဲရေးထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရဖို့မှာလည်း အာဆီယံညှိနှိုင်းရေးဗဟိုဌာန AHA Center ၊ ကုလလက်အောက်ခံ အေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ပြောထားပါတယ်။
တဖက်မှာတော့ မနေ့ကကျင်းပပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ မြန်မာ့ပြဿနာကိုဖြေရှင်းဖို့ စစ်ကောင်စီက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ခွင့်ပြုပေးဖို့
က အဓိကအချက်လို့ထောက်ပြထားတာပါ။
ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားတာဟာ သွေးထွက်သံယိုမှုကိုသာဖြစ်စေမယ်လို့ မွန်ပြည်သစ် ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာမကြိုးစားဘဲ ရွေးကောက်ပွဲအသစ် လုပ်ဖို့ကြိုးစားတာဟာ သွေးထွက်သံယိုမှုကိုသာဖြစ်စေပြီး ရလဒ်ကောင်းထွက်မှာမဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ပြောဆိုလာပါတယ်။
စစ်ကောင်စီနဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနေပေမဲ့ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်စွဲနေတာကြောင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေရဖို့ ခဲယဥ်းနေတယ်လို့ လည်းထောက်ပြထားပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာကျရောက်တဲ့ ၇၆ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာမှာ မွန်ပြည်သစ်ပါတီ ဗဟိုက ထုတ်ပြန်တဲ့ကြေညာချက်မှာအဲဒီလို ဖော်ပြထားတာပါ။
မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအပြောင်းကိုစောင့်ကြည့်နေပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ တွေ့ဆုံနေတာမလုံလောက်တဲ့အတွက် အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ အဖွဲ့သစ်တွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့လိုအပ်တဲ့သဘောလည်းပြောထားပါတယ်။
နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာက သဘောတူလက်ခံတဲ့အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ စစ်တပ် နဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကို မွန်ပြည်နယ်၊ ဘီလူးကျွန််း ၊ချောင်းဆုံမြို့နယ်၊တော်ကနာကျေးရွာ မှာ ကျင်းပခဲ့တာလည်းရှိပါတယ်။
အင်တာနက်ဖြတ်ခံရတဲ့ မြို့ တွေမှာ အင်တာနက်သုံးနိုင်အောင်လုပ်ဆောင်နေပြီလို့ NUGပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေထဲက အနည်းဆုံး ၁၅မြို့နယ် ကို အင်တာနက်သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။
ဒီကနေ့ဖေဖော်ဝါရီ ၅ရက်မှာ NUG ကပြုလုပ်တဲ့ Global Town Hall အစီအစဥ်မှာထည့်သွင်းပြောသွားတာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဥ်တွေလုပ်ဆောင်ထားတာကို လုံခြုံရေးအရ အသေးစိတ်ပြောပြဖို့ခက်ပေမဲ့ NUG ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေလည်ပတ်နိုင်ဖို့ နဲ့ ပညာသင်ကြားရေးတွေမှာ သုံးနိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
'' အင်တာနက်သုံးနိုင်အောင်လုပ်ဆောင်ထားသလို တခြားသောဆက်သွယ်ရေးနည်းပညာတွေသုံးပြီး ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့မြို့တွေလည်းရှိနေပါပြီ။ တချို့ပြည်နယ်တွေမှာလည်း အင်တာနက်ဆက်သွယ်ရေးကိုအုပ်ချုပ်ရေးယန္တရားအတွက်အထောက်အကူဖြစ်ဖို့ ဆောင်ရွက်ပေးထားပါတယ်'' လို့ ဦးထင်လင်းအောင်ကပြောပါတယ်။
တဖက်မှာလည်း NUG လက်အောက် ဝန်ကြီးဌာနတွေအချင်းချင်းဖွဲ့ထားတဲ့ အဖွဲ့တွေကနေ လေကြောင်းရန်ကာကွယ်ရေး၊ လေကြောင်းလမ်းကြောင်း ကင်းထောက်သတင်းပို့နဲ့ လေယာဥ်လမ်းကြောင်း သတင်းပို့ တာတွေကိုလည်း မြေပြင်သတင်းချိတ်ဆက်ပြီးအကြောင်းကြားတဲ့လုပ်ငန်းတွေကိုလည်းလုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊ချင်း ဒေသက အနည်းဆုံး မြို့နယ် ၂၀ကျော်မှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး အချို့ဒေသတွေမှာတော့ တိုက်ပွဲပြင်းထန်မှုပေါ်မူတည်ပြီးတယ်လီဖုန်းလိုင်းတွေပါဖြတ်တောက်ထားတာဖြစ်ပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်အတွင်း ကရင်နီဒေသမှာ အရပ်သား ၂၉၀ ကျော်အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ကရင်နီပြည်နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၉၂ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဖမ်းဆီးခံရတဲ့ အရပ်သားအရေအတွက် ၃၃၄ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၃၅ ယောက်၊ လွိုက်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဖယ်ခုံ၊ ရှားတော၊ မယ်စဲ့၊ ဘောလခဲ မြို့နယ်တွေက ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၂ သိန်းကျော်ရှိတယ်လို့လည်း ပြောပါတယ်။
“လက်ရှိလည်း လွိုက်ကော်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ ဒီးမော့ဆိုဘက်က စစ်ဘေးရှောင်တွေဆိုရင်လည်း ဆန်တွေပြတ်လပ်တာ၊ နဂိုရေရှားတဲ့ ဒေသဆိုတော့ သောက်သုံးရေ အခက်ခဲတွေဖြစ်နေကြတယ်”လို့ ကရင်နီ စစ်ဘေးရှောင် ကူညီရေးကွန်ရက် တာဝန်ရှိတဲ့သူတစ်ယောက်က ပြောပါတယ်။
လွိုက်ကော်မြို့ အရှေ့ဘက်က စစ်ဘေးရှောင်စခန်းတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက လေကြောင်းသုံးကြိမ် ပစ်ခတ်တာ၊ ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အသက် ၅ နှစ်အရွယ် ကလေး နှစ်ယောက်အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် စစ်ဘေးရှောင် စခန်း ၃ ခုလည်း တခြားနေရာကို ရွှေ့ပြောင်းရတယ်လို့ KCSN က ပြောပါတယ်။
ကယားပြည်နယ်အတွင်း KNPP အဖွဲ့နဲ့ KNDF တို့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ အမျိုးသားလေကြောင်းလိုင်းကို ပစ်ခတ်တာ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်တွေကို ပစ်ခတ်တာ၊ ဇူလိုင် ၆ ရက်မှာ လောပိတသင်္ဘောပင်စခန်းနဲ့ ဘီလူးချောင်း ၁၀ မိုင်ကုန်းစခန်းတွေကို ပစ်ခတ်တာ၊ လေဆိပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လွိုင်လင်လေး နယ်မြေခံတပ်ရင်းကို ပစ်ခတ်တာတွေကြောင့် ပြည်သူများ သေဆုံးတာတွေရှိတယ်လို့ စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၄ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်ရှောင်တွေရဲ့ မွေး/သေ လက်မှတ်တွေထုတ်ပေးတာကို မီဇိုရမ်ပြည်နယ်အစိုးရ ရပ်ဆိုင်းထား

ဓာတ်ပုံ ရင်းမြစ်, Zalen
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ မြန်မာနိုင်ငံက စစ်ရှောင်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးမွေးဖွားတာနဲ့ သေဆုံးတဲ့လက်မှတ်တွေကို ထုတ်ပေးတာကို ရပ်ဆိုင်းထားတဲ့အကြောင်း ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ထားတယ်လို့ အိန္ဒိယလာတဲ့သတင်းတွေကဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ်မှာ မြန်မာဘက်က လူဦးရေ ၄ သောင်းလောက်ရှိပြီး မကြာသေးခင်အချိန်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ရာချီ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ စီးပွားရေးနဲ့ စာရင်းအင်းဌာနဟာ ပြည်နယ်အစိုးရထုတ်ပြန်တဲ့အတိုင်း ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေရဲ့ မွေးဖွားစာရင်းနဲ့ သေဆုံးစာရင်းတွေကို ပယ်ဖျက်ဖို့( ရပ်ဆိုင်းထားဖို့လား ပယ်ဖျက်ဖို့လား) အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ သတင်းကဖော်ပြပါတယ်။
“မွေးစာရင်းတွေ မလုပ်ပေးတော့သလို အရင်က ဒုက္ခသည်တွေအတွက် သွားလာခွင့်ကတ်တွေ မီဇိုရမ်အစိုးရက ထုတ်ပေးထားတာရှိတယ်။ အခုဆိုရင် အဲ့ဒီသွားလာခွင့်တွေကိုလည်း ကန့်သတ်လိုက်ပြီ။ တနေရာရာကိုသွားမယ်ဆိုရင် ရပ်ကွက်လူကြီးတွေကို ပြောသွားရတာမျိုးတွေပေါ့။ အရင်က မပြောရဘူး”လို့ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တစ်ယောက်က ပြောပါတယ်။
ဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့ မီဇိုရမ် ပြည်နယ်ဟာ မြန်မာ - အိန္ဒိယနယ်စပ်မှာ ရှိပြီး မြန်မာ စစ်ဘေးရှောင်တွေကို လက်ခံကူညီတာတွေရှိတဲ့ အခြေအနေပါ။
ဒါ့ကြောင့် မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မြန်မာစစ်ရှောင်တွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဖေဖော်ဝါရီ ၄ ရက်မှာ အိုက်ဇောမြို့မှာ အသံတိတ်လမ်းလျှောက်ဖို့ စီစဉ်ပေမဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ တားမြစ်ချက်ကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ ဖက်ဒရယ်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်ပေမဲ့ မြန်မာအရေးမှာဗဟိုအစိုးရရဲ့ လွှမ်းမိုးမှုရှိလာတယ်လို့ India for Myanmar ရဲ့ တာဝန်ရှိသူဆလိုင်းဒိုခါရ်က သုံးသပ်ထားပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲတွေကြောင့် မြန်မာ အိန္ဒိယနယ်စပ်မြို့တွေဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ အပါအဝင် ပြည်နယ်တချို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၆ သောင်းဝန်းကျင်လောက်ရှိနေပါတယ်။
မဏိပူရပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ပြည်နယ်အစိုးရရဲ့ အထူးကွန်မန်ဒိုအဖွဲ့ကငါးကြိမ်ဝင်ရောက်ဖမ်းဆီးတာကြောင့် မြန်မာစစ်ဘေးရှောင် ၁၆၀ ဝန်းကျင် အဖမ်းခံထားရပါတယ်။
ပလက်ဝ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ CDF ပြော

ဓာတ်ပုံ ရင်းမြစ်, စီဒီအက်ဖ်-ပလက်ဝ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေကြားက တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးတယ်လို့ CDF- ပလက်ဝဘက်က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆန်းပိုင်းနဲ့ လလယ်ပိုင်းတွေမှာဖြစ်ခဲ့တာဖြစ်ပြီး ပလက်ဝမြို့နယ် ရှင်းလက်ဝဂိတ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရဲနဲ့ စစ်သား ၇ ဦးသေဆုံးတယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက်တိုက်ပွဲတွေဟာ ခုံရွာနဲ့ ရှင်းလက်ဝကြား တိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံး ရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ပလက်ဝတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးနဲ့ ပတ်သတ်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီတပ်ဘက်ကလည်း အဲဒီက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ရခိုင်ပြည်နယ်နဲ့ ဆက်နေတဲ့ ပလက်ဝမြို့နယ်ထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအပြင် စစ်တပ်ရော၊ ရက္ခိုင့်တပ်တော်(အေအေ)ပါ လှုပ်ရှားနေတာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ အေအေတို့ အပစ်ရပ်ထားပေမဲ့ ပလက်ဝမြို့ပေါ်မှာတော့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက လူဦးရေစာရင်းကောက်ယူတာတွေ လုပ်နေတယ်လို့ ပလက်ဝမြို့ခံတွေက ပြီးခဲ့တဲ့သီတင်း ပတ်တုန်းက ဘီဘီစီကို ပြောထားပါတယ်။
ရှမ်းမြောက် မိုင်းယော်မှာ စစ်ကောင်စီကလေကြောင်း နဲ့ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ တဝိုက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLAက သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တအာင်းလူမျိုးတွေကို ပြည်သူ့စစ်အဖြစ်အတင်းခေါ်သွားတာကြောင့် TNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၅၉၅ က ပြန်လည်ခေါ်ယူချိန်မှာ လေကြောင်းနဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။
ရှမ်းမြောက်အခြေပြု ဒေသတွင်းသတင်းတချို့မှာတော့ စစ်ကောင်စီဘက်က ဂျာယန်ရွာတဝိုက် မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကို ၂ကြိမ်ပြုလုပ်ခဲ့ပြီး ဂျာယန်ရွာနဲ့ အနီးက မန်ကောင်းကျေးရွာဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြကြပါတယ်။
TNLAထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးသီးသုံးဆယ်ကျော် အသုံးပြုတိုက်ခိုက်တယ်လို့ဖော်ပြထားပြီး ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်ပြုနိုင်ဖို့ ဒေသခံတွေနဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
တိုက်ခိုက်မှုတွေပြီးတဲ့နောက် လားရှိုးအဝင် မိုင်းရန်း မှာ စစ်ကောင်စီဘက်က လမ်းဂိတ်ပိတ်ခဲ့လို့ အဲဒီလမ်းကိုသွားလာပြီးယာဥ်အသုံးပြုသူတွေအခက်အခဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ တဝိုက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မနက်ပိုင်းအထိသတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။








