စစ်ကောင်စီတပ်ယာဥ်တန်းတွေ တကျော့ပြန်တက်လာတဲ့ ချင်းတောင်တန်းမှာ စစ်ရေး ဘယ်လိုရှိလဲ

ချင်းတောင်တန်းက စစ်ကောင်စီယာဥ်တန်းတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား

ဓာတ်ပုံ ရင်းမြစ်, CDF-Mindat

ဓာတ်ပုံ ပုံစာ, ချင်းတောင်တန်းက စစ်ကောင်စီယာဥ်တန်းတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား
ရေးသားခဲ့သည်။

ရိက္ခာနဲ့ လူအင်အားဖြည့်ဖို့ စစ်ကောင်စီယာဥ်တန်းတွေ ချင်းတောင်တန်းပေါ်ကို တက်လာနေလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်နေပြီး စစ်ရေးအရလည်း အသင့်ပြင်ထားတယ်လို့ ချင်းလက်နက်ကိုင်အင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တက်လာတဲ စစ်ကောင်စီယာဉ်တန်း ၃၀ ကျော်ဟာ မတ်လ ၁၁ ရက်နေ့မှာ ချင်းပြည်နယ်တောင်မြောက်လမ်းဆုံမှာရှိတဲ့ သိုင်းငင်းကျေးရွာနားကို ရောက်လာနေပြီး အဲဒီကနေတဆင့် ချင်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီရဲ့ ဗျူဟာကုန်းရှိရာ ဟားခါးမြို့ကို ဦးတည်နိုင်တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား မတ်လ ၁၁ ရက်နေ့က ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့သလို မတ်လ ၁ဝ ရက်နေ့တုန်းကလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

သံချပ်ကာ ကားပါ ပါတဲ့ ဒီစစ်ကောင်စီယာဉ်တန်းကြားမှာ အရပ်သားယာဉ်တွေကိုပါ ကြားညှပ်ပြီး သွားလာနေတယ်လို့ Zoland PDF တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

“ကြီးမားတဲ့ တိုက်ခိုက်မှုတွေတော့ ကျွန်တော်တို့ သိပ်လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖလမ်းမှာရှိတဲ့ ဒေသခံတွေ ခရီးသွားပြည်သူတွေကို တွဲခေါ်နေတော့ ကျွန်တော်တို့ တိုက်ရတာ နည်းနည်းအခက်အခဲ ဖြစ်ပါတယ်။ အခု သူတို့ရောက်တဲ့ရွာက ကလေးမြို့ကနေ ပုံမှန် ခရီးသွားရင် တနာရီလောက်ပဲ သွားရတဲ့ခရီး၊ ဒါပေမဲ့ နည်းနည်း ဖြည်းဖြည်းချင်း သွားနေတော့ ခရီးကြာတယ်” လို့ အဲဒီက အခြေအနေကို ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း စစ်ကောင်စီရဲ့ ဗျူဟာကုန်းရှိရာ မတူပီမြို့ကိုလည်း မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ရိက္ခာပို့စစ်ကောင်စီယာဉ်တန်းတက်လာဖို့ ရှိတယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းတောင်တန်းဒေသကို ဝင်ရောက်တိုက်ခိုက်ရာမှာ လေကြောင်းကိုသာ အဓိက ထား အသုံးပြုနေသလို ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်လ ၂ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၅ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ ချင်းပြည်နယ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နှစ်ကျော်ကြာမှသာ အခုလိုရိက္ခာပို့ယာဉ်တန်းတွေ ပြန်ပြီးအသုံးပြုတာလို့လည်း ဆိုပါတယ်။

“လေကြောင်းကနေ ကျွန်တော်တို့ မြေပြင်မှာ ရှိနေတဲ့ဟာတွေကို အပြတ် ချေမှုန်းမယ်။ ပြီးတော့ မြေပြင်ကနေ အဲဒီနည်းနဲ့ နယ်မြေစိုးမိုးမှု လုပ်မယ်။ အဲဒါသူတို့ရဲ့ ဗျူဟာပေါ့နော်။ ဒါပေမဲ့ လေကြောင်းကတော့ သူတို့ အခု ရပ်ထားတယ်။ အခုမြေပြင်ကနေ စိုးမိုးမှု အဲဒီလို လုပ်လာတယ်လို့တော့ မြင်တယ်ပေါ့နော်။ အဲဒီအတွက်တော့ ခါတိုင်းနှစ်ကလောက်တော့ မြေပြင်အနေအထားက စိုးရိမ်စရာမရှိတော့ဘူးလို့ မြင်တယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

လာမယ့်ကာလဟာ ပွင့်လင်းရာသီဖြစ်လို့ ချင်းတောင်တန်းဒေသမှာ စစ်ကောင်စီအနေနဲ့ မြေပြင်ကနေ ပိုမို ထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ချင်းတောင်တန်းက စစ်ကောင်စီယာဥ်တန်းတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ချင်းတောင်တန်းက စစ်ကောင်စီတပ်ယာဥ်တန်းတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့ဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်နက်ကိုင် ခုခံဖို့ အားကောင်းတဲ့ ချင်းတောင်တန်းဒေသကို နယ်မြေစိုးမိုးဖို့ ရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဘက်က ဘယ်လို စစ်ရေးဗျူဟာပဲ သုံးလာ သုံးလာ တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့လည်း ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်တို့အတွေ့အကြုံနဲ့အတူ ကျွန်တော်တို့ လူအား၊ လက်နက်အားတွေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပြီးတော့ အမြဲတမ်း ကျွန်တော်တို့က အဆင်သင့်ပါပဲ။ တိုက်ခိုက်ဖို့၊ တွန်းလှန်ဖို့ကတော့ အမြဲအဆင်သင့်ဖြစ်နေပါတယ်” လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရိက္ခာဖြတ်တောက်ထားနိုင်ဖို့လည်း ချင်းတော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းနေသလို စစ်ကောင်စီရဲ့ ရိက္ခာတင် စစ်ကြောင်းတွေကိုလည်း မတူပီ၊ ပလက်ဝမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေပါတယ်။

မတ်လ ၃ ရက်နေ့တုန်းကလည်း ထန်တလန်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ဆင်းသက်လာတဲ့ ထောက်ပံ့ပို့ဆောင်ရေးယာဥ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီယာဉ်တန်းတွေသွားလာနေလို့ ပြည်သူတွေအနေနဲ့ ပခုက္ကူ - ကျောက်ထု - မင်းတပ် စတဲ့ လမ်းပိုင်းကိုသာမက ကလေး - တီးတိန်ဘက်သွားတဲ့ လမ်းတွေကိုပါ ဒီရက်ပိုင်းအသုံးမပြုကြဖို့ အဖွဲ့အသီးသီးက သတင်းထုတ်ပြန်ထားပါတယ်။