ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၁ ရက် ဘီဘီစီထိပ်တန်းရောက်သတင်းစုစည်းချက် -ဘော်လခဲမှာ စစ်ကောင်စီလေယာဉ်ကိုဖျက်ချခဲ့တယ်လို့ ကလလတပြော၊ NUG CRPH နဲ့ လက်တွဲသွားမယ်
သွင်းကုန်ပေးငွေကို ဘဏ်စနစ်နဲ့ ပေးချေရမယ်ဆိုတဲ့စနစ်ကြောင့် သွင်းကုန်သမားအခက်တွေ့
စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနကပြောင်းလိုက်တဲ့ သွင်းကုန်အတွက်ပေးငွေကို ပို့ကုန်ရငွေကနေ ဘဏ်စနစ်နဲ့ ပေးချေရမယ်ဆိုတာကြောင့် ပြည်တွင်း စျေးကွက်ထဲ တရုတ်က တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ စျေးပိုမြင့်လာမယ်လို့ ငွေကြေးစျေးကွက် ကျွမ်းကျင်သူ အချို့က ပြောလာပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေး/ကူးသန်းဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ-တရုတ်နယ်စပ် မှာ ကုန်သွယ်ရေး လုပ်နေတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ အနေနဲ့ လာမယ့် သြဂုတ် ၁ရက်ကစပြီး ဘဏ်စနစ်နဲ့ငွေချေရမယ်လို့ ဆိုပါတယ်။
အဲဒီလို ဘဏ်စနစ်နဲ့ ငွေချေတဲ့အခါ ပို့ကုန်သမားဆီမှာရှိတဲ့ ပို့ကုန်ရငွေ ဒါမှမဟုတ် ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူထားတဲ့ ဘဏ်စာရင်းအထောက်အထား ဒါမှမဟုတ် အခြားဝင်ငွေ ဝင်ရောက်ကြောင်း အထောက်အထားတွေ ကနေ ပေးချေရမှာဖြစ်ပါတယ်။
'' စနစ်ပြောင်းတော့ ကျွန်တော်တို့လို သွင်းကုန်သမားတွေက ပို့ကုန်ရငွေလိုက်ရှာရမယ်။
နောက် ပို့ကုန်သမားကို ပို့ကုန်ရငွေဘဏ်ချလံကိုပေးဝယ်ရမယ်။ သဘောကတော့ဗျာ ဒီစနစ်က သွင်းကုန်စရိတ်တွေပိုကျလာမယ်။ ပြည်တွင်းကိုသွင်းနေတဲ့ သွင်းကုန်တွေအတွက် စရိတ်ပိုကျရင် ပစ္စည်းတွေမှာစျေးတင်လာမှာပဲ။ အဲဒါ အရင်ထက်စျေးတက်မယ်'' လို့ ပို့ကုန်/သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။
တခါ သွင်းကုန်လိုင်စင် လျှောက်ထားတဲ့အခါမှာလည်း သွင်းကုန်သမားရဲ့ ဘဏ်ငွေလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သာ လိုင်စင်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သွင်းကုန်တန်ဖိုးကို ကန့်သတ်တာမျိုးဖြစ်ပြီး ပို့ကုန်ရငွေ ပေါ်မူတည်ပြီး သွင်းကုန်တွေအကန့်အသတ်သွင်းရလို့ ကုန်ပစ္စည်းတွေတင်သွင်းမှုလျော့နိုင်တာမျိုးဖြစ်လာမယ်လို့ သွင်းကုန်လုပ်ငန်းရှင်အချို့ကပြောပါတယ်။
'' သဘောကတော့ ပို့ကုန်နဲ့ သွင်းကုန်ကို မျှချင်တော့ Balance လုပ်ဖို့ ဒီစနစ်ကိုပြောင်းတာ၊ အခုက ပို့ကုန်သမားတွေကို ၃၅ /၆၅ သတ်မှတ်ပြီး လုပ်ထားတော့ ပို့ကုန်ပို့တဲ့သူအရမ်းနည်းလာတယ်။ အဲဒါကို ကာမိဖို့ ပို့ကုန် ဝင်ငွေရှိသလောက်ပဲ သွင်းကုန်သွင်းရမယ့် သဘောလုပ်တာ'' လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှာ အခွန်ကောက်ခံမှုနဲ့ လိုင်စင်ကြေးတွေ ပိုပေးလာရပြီး တရုတ်နဲ့ ကုန်သွယ်ရေးမှာလည်း တရုတ်ဘက်က မူဝါဒတွေ နဲ့ ကုန်သည်တွေအပေါ် တင်းကျပ်မှုတွေကြောင့် ပို့ကုန်ဆက်တိုက်ကျဆင်းလာတယ်လို့ ကုန်သည်တွေကပြောပါတယ်။
ရန်ကုန် လှိုင်သာယာက အထက်တန်းပြဆရာမတစ်ဦး သီရိဒုံမင်းသမီး ချီးမြှင့်တဲ့ ထူးချွန်ဆုရရှိ
ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီး ရဲ့ The Princess Maha Chakri Award Foundation ကပေးတဲ့ အရှေ့တောင်အာရှ က စာသင်ကြားမှုဆိုင်ရာထူးချွန်ဆု ကို မြန်မာနိုင်ငံက ဆရာမဒေါ်အေးစုဝင်း ရရှိခဲ့တယ်လို့ အဲဒီဖောင်ဒေးရှင်းက ကြေညာပါတယ်။
ဆရာမ ဒေါ်အေးဝင်း ဟာ ရန်ကုန် လှိုင်သာယာမြို့နယ် အထက (၂) က အထက်တန်းပြ - စနစ်သစ် ၁၂ တန်းအဆင့် သင်ကြားသူဖြစ်ပြီး စာသင်တဲ့နေရာမှာထူးချွန်လို့ ဒီဆုကိုရရှိတာလို့ ဆိုပါတယ်။ ဒီဆုအတွက် အရှေ့တောင်အာရှ ၁၀ နိုင်ငံ နဲ့ အရှေ့တီမော က ဆရာ/ဆရာမ ၁၁ ဦး ရွေးချယ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ထိုင်းသံရုံးက တဆင့် ဆရာမဒေါ်အေးစုဝင်း ကို အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။
PMCA ဖောင်ဒေးရှင်း ဟာ ဒီဆုအတွက် လာမယ့် အောက်တိုဘာလမှာထိုင်းနိုင်ငံ မှာကျင်းပမယ့် PMCA ဖောင်ဒေးရှင်း ညီလာခံမှာ ချီးမြှင့်ဖို့ ရှိပြီး အမေရိကန် ဒေါ်လာ တစ်သောင်း ၊ ထိုင်းနိုင်ငံကစာသင်ကျောင်းတွေကို လေ့လာခွင့်ကိုပါရရှိမှာဖြစ်ပါတယ်။
အခုနှစ်ရဲ့ ဒုတိယ သုံးလပတ်အတွင်း အမျိုးသမီး ၁၀၀ ကျော် အသက်ဆုံးရှုံးထား
၂၀၂၃ ခုနှစ် ဧပြီ လကနေ ဇွန်လ ၂၅ ရက် အထိ သုံးလတာအတွင်း ပဋ္ဋိပက္ခဒေသတွေထဲ က အမျိုးသမီးစုစုပေါင်း ၁၁၁ ဦး သေဆုံးထားတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ က သူတို့ရဲ့ စစ်တမ်းကောက်ယူမှုကို အခြေပြုပြီး ထုတ်ပြန်လာပါတယ်။
အဲဒီထဲက ၆၂ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၂ ဦး ၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၆ ဦး နဲ့ ပစ်သတ်ခံရသူ ၁၀ ဦး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ကောက်ယူထားတဲ့ စာရင်းတွေမှာ ပါရှိပါတယ်။
စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် ဇွန်လ ၂၅ ရက် ၂ နှစ်ခွဲအတွင်း ပြစ်ဒဏ်ချခံထားရတဲ့ အမျိုးသမီး ၇၇၄ ဦး နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၃၆၂၃ ဦး ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းကာလကနေ အခုအချိန်ထိ အမျိုးသမီး ၅၆၉ သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းတွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ (BWU ) တို့က ကောက်ခံထားတဲ့ စာရင်းတွေဖြစ်ပြီး စုံစမ်းဆဲစာရင်းတွေလည်း ပါရှိတာကြောင့် ဒီထက်များနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
တနှစ်ခွဲကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၄၄ ကြိမ်ဖြစ်ခဲ့တယ်လို့ BPLA ပြော
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ တနှစ်ခွဲကာလအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲ ၄၄ ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ၉၁ ယောက်သေဆုံးခဲ့တယ်လို့ BPLA ဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဒါအပြင် ၂၀၂၂ ခုနှစ်၊ မတ်လတုန်းက ခလရ ၉၇ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်သား ၁၆ ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိသလို ၆၀ မမ၊ ၄၀ မမ အပါအဝင် လက်နက် ၆၈ လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
BPLA တပ်ဖွဲ့ဘက်ကလည်း တိုက်ပွဲတွေထဲ သေဆုံး ၄ ယောက်၊ ၁၆ ယောက်ဒဏ်ရာရခဲ့သလို ၄ ယောက်လည်း ဖမ်းဆီးခံရပြီး ထောင်ကျခဲ့ပါတယ်။ ကျန်းမာရေးကြောင့် သေဆုံးသူလည်း ၃ ယောက်ရှိတယ်လို့ ပြောပါတယ်။
BPLA ဟာ ရှေ့တန်းစစ်မြေပြင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ Force For Federal Democracy FFD လိုအခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့စစ်ရေးလှုပ်ရှားတဲ့ နယ်မြေအတိအကျကိုတော့ BPLA ဘက်က တိတိကျကျ ထုတ်ပြောထားတာမရှိပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
ဘော်လခဲမှာ စစ်ကောင်စီလေယာဉ်ဖျက်ချခဲ့တယ်လို့ ကလလတပြော၊ NUG CRPH နဲ့ လက်တွဲသွားမယ်
ကယား (ကရင်နီ) ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ဖျက်ချနိုင်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကနေ သိရပါတယ်။
"မနေ့ နေ့လယ် ၁၁ နာရီ ၁၅မိနစ်မှာပစ်ချနိုင်ခဲ့တာပါ။ လေယာဉ်ပစ်လက်နက်ရှိလို့မဟုတ်ဘူး၊ သူတို့က ခပ်နိမ့်နိမ့်ပျံတော့ မြေပြင်ပစ်လက်နက်တွေနဲ့ပဲ ပစ်နိုင်ခဲ့တာ။ ပျက်ကျတဲ့ လေယာဉ်နားသွားမကြည့်နိုင်ဘူး၊ သူတို့က လေကြောင်းရော မြေပြင်ကပါ ပျက်တဲ့လေယာဉ်နား နေရာယူထားတယ်" လို့ ကလလတ တာဝန်ရှိသူ ရဲဘော်လောရင်းစိုးက ပြောပါတယ်။
ဒါအပြင်ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တို့နဲ့ လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို ပူးတွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အကြောင်း ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၀၈ အခြေခံဥပဒေပယ်ဖျက်ဖို့ လုပ်ဆောင်သွားမယ့်အကြောင်း ပြောထားသလိုတော်လှန်ရေး အဖွဲ့အစည်းအားလုံးက သူတို့ အဖွဲ့ကို ဝေဖန်တည့်မတ်ပေးကြဖို့ လည်း ပြောထားပါတယ်။
ကရင်နီပြည်(ကယားပြည်နယ်) သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့ မှာ အခြေပြုလှုပ်ရှား တဲ့ ကလလတ အဖွဲ့ဟာ (နအဖ) စစ်အစိုးရနဲ့ ၁၉၉၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် အထိ နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ်ရှိခဲ့တာပါ။ ဇွန် ၁၃ ရက် ကစပြီး ကရင်နီပြည်နယ်ထဲကတော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းစည်းခဲ့ပြီး စစ်ကောင်စီကို ပြန်လည်စတင် တော်လှန်ခဲ့တာဖြစ်ပါတယ်။
ကလလတ ပါဝင်တိုက်ခိုက်နေတဲ့ ဘော်လခဲခရိုင်ထဲမှာတော့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့က နေရာအများစုကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ပြောပါတယ်။