"အလုပ်အကိုင်ကတော့ သံတိုသံစ လိုက်ကောက်ရောင်းနေတယ်" - မံဝန်းစစ်ရှောင်

ဓာတ်ပုံ ရင်းမြစ်, CJ
မတ်လတုန်းက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံထားရပြီး တစ်ရွာလုံးနီးပါး မီးထဲပါသွားတဲ့ မံဝန်းရွာနဲ့ လေယာဉ်နဲ့ ဗုံးကြဲမခံရပေမဲ့ မြေပြင် စစ်ကြောင်းကြောင့် တစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရတဲ့ စီမော်ရွာ ဒေသခံတွေ အရင်လို အိမ်ပြန်မနေရဲကြသေးပါဘူ။
မတ်လ နောက်ဆုံးရက်တွေက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မံဝန်း နဲ့ စီသောင်အပါအဝင် စီမူကြီး ၊ စီမူလေး၊ စီမော်နဲ့ အနီးအနားရွာ ၁၀ ရွာ က လူတွေဟာ ထိတွေ့ တိုက်ပွဲတွေအပါအဝင် လေကြောင်း အန္တရာယ်စိုးရိမ်မှုနဲ့ စစ်ကြောင်းတွေကြောင့် ရာနဲ့ချီ တိမ်းရှောင်နေကြတာပါ။
အဲဒီထဲမှာ လေကြောင်းနဲ့ ဗုံးကြဲ ခံရတာကတော့ စီသောင်နဲ့ မံဝန်းရွာ ဖြစ်သလို စီမော်ရွာကတော့ တစ်ရွာလုံးနီးပါး မီးရှို့ခံရပါတယ်။
အဲ့ဒီလိုမြေပြင်နဲ့ဝေဟင် နှစ်မျိုးစလုံးရဲ့ ဒဏ်တွေကို တိမ်းရှောင်ရင် အခုထိ ဒေသခံတချို့ကတော့ မူလရွာတွေဆီကို ပြန်လည်နေထိုင်ဖို့ ကြောက်ရွံ့နေကြဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအများစုက ရွာထဲမှာ အရင်လို လူပြန်နေထိုင်ရင် စစ်ကိုင်းတိုင်းလို လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
မံဝန်းရွာမှာ အိမ်ထောင်စု ၁၇၀ ကျော်လောက်ရှိပေမဲ့ လက်ရှိကတော့ ၁၅ စုလောက်သာ ပြန်လည်နေထိုင်နေပါတယ်။
“ရွာမှာကတော့ တော်တော်များများ ပြန်လာမနေရဲကြတော့ဘူး။ …အလုပ်အကိုင်ကတော့ သံတိုသံစ လိုက်ကောက်ရောင်းနေတယ်။ အဲဒါနဲ့ စားသောက်တယ်။ တချို့ကတော့ တခြားက ပေးတာလေးတွေနဲ့ မလောက်မငပါ” လို့ မံဝန်းရွာ အခြေအနေကို ဒေသခံတစ်ယောက်က ပြောပါတယ်။
မံဝန်းရွာဟာအရင်က လူမှု စီးပွားတွေ အဆင်ပြေတဲ့ ရွာတစ်ရွာ ဖြစ်ခဲ့ပေမဲ့ အခုကတော့ အဘက်ဘက်က အားနည်းတဲ့အနေအထားဖြစ်ပြီး ပြန်လည်ထူထောင်ရေး အတွက်လည်း မလွယ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် မံဝန်းရွာနဲ့နယ်မြေ တစ်ဆက်တည်းရှိတဲ့ စီမော်ရွာကတော့ လေကြောင်း နဲ့ ပစ်ခတ်ခံရတဲ့ထဲ မပါပေမဲ့ ပြီးခဲ့တဲ့ မတ်လ က မြေပြင် စစ်ကြောင်း ဆုတ်တဲ့အချိန်မှာ ရွာကအိမ် တော်တော်များများ မီးရှို့ခံလိုက်ရတဲ့ရွာ ဖြစ်ပါတယ်။
ရွာမီးရှို့ခံရပြီးနောက်ပိုင်း လက်ရှိစီမော်ရွာအခြေအနေကို ဒေသခံက အခုလို ပြောပြပါတယ်။
“ရွာက အိမ်ခြေ ၂၀၀ကျော်ရှိတာ။ အဲဒါ အိမ်ခြေ ၁၀၀ ကျော် မီးထဲ ပါသွားတယ်ဆိုတော့၊ မီးထဲမပါတဲ့အိမ်ကတော့ အိမ်မှာ ပြန်နေကြတယ်။ မီးထဲပါသွားတဲ့အိမ်တွေကတော့ ပြန်မနေကြတော့ဘူး။”
စီမော်ရွာဒေသခံတွေကဟာ ရွာက အိမ်တွေ အတော်များများ မီးလောင်ပြီးနောက်ပိုင်း အိမ်မဲ့ယာမဲ့ ဖြစ်သွားသူ တချို့ကတော့ လယ်စိုက်ခင်းတွေမှာပဲ သွားရောက်နေထိုင်သူနဲ့ တချို့ကတော့ နီးစပ်ရာမြို့တွေမှာ အလုပ်သွားလုပ်ပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဒီဒေသတွေရဲ့ လက်ရှိအခြေအနေက မံဝန်းရွာနယ်မြေ တဝိုက်နားမှာ တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေရှိနေတဲ့အပြင် စီမော်ရွာတဝိုက်ဘက်မှာလည်း မကြာခဏ လေယာဉ်ပျံသန်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဒေသခံတချို့က မိုးစပါးတွေကို စိုက်ပျိုးနေကြပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။








