ယူကရိန်းဆည်ကျိုးပေါက်မှု-သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ လုံလောက်မှုကိုဘယ်လောက်ထိခိုက်သလဲ

ယူကရိန်းဆည်၊ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ လုံလောက်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုဗာ ကာခေါ့ဗ်ကာ ဆည်ကျိုးပေါက်ခဲ့အပြီး ညစ်ညမ်းရေတွေကြောင့် ငါးတွေ သေဆုံးကုန်
    • ရေးသားသူ, နာဗင် ဆင်း ခက်ဒကာ
    • ရာထူးတာဝန်, သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သတင်းထောက်၊ ဘီဘီစီ ကမ္ဘာတစ်လွှားအသံလွှင့်ဌာန
  • ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ နိုဗာ ကာခေါ့ဗ်ကာဆည်ကြီး ကျိုးပေါက် ပျက်စီးခဲ့ရမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ရနိုင်တယ်လို့ ဂေဟဗေဒပညာရှင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေက ဘီဘီစီကို ပြောပါတယ်။

တစ်ခါ ကုလသမဂ္ဂအဖွဲ့ကလည်း ဒီဆည်ကျိုးပေါက်မှုကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာ လုံလောက်ရေးအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုကြီး ဖြစ်လာနိုင်ပြီး ကမ္ဘာတဝန်း စျေးတွေ တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆည်ကြီး ကျိုးပေါက်ခဲ့အပြီး မြစ်ထဲမှာ ယိုဖိတ်ဆီကွက်တွေ၊ ငါးအသေ၊ တိရစ္ဆာန်အသေ၊ လူသေအလောင်းတွေ ပေါလောပေါ်နေတာ တွေ့ရတယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပြကြပါတယ်။ ဒါ့အပြင် လျှံတက်လာတဲ့ ရေတွေထဲ သံထည်ပစ္စည်းတွေ၊ ဓာတ်ဆီရေနံဆီတွေ၊ မြေသြဇာတွေ၊ တခြားဓာတုပစ္စည်းတွေ မျောဝင်သွားရာကနေ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်နေကြပါတယ်။

လူသိန်းပေါင်းများစွာ သောက်သုံးရေတွေ ပြတ်လပ်သွားခဲ့ရသလို လက်ရှိစိုက်ခင်းတွေ ရေလွှမ်းမိုးသွားခဲ့ရပြီး ရေထု လေထုညစ်ညမ်းမှုတွေကြောင့် လူတွေရဲ့ ကျန်းမာရေး၊ စိုက်ခင်းမြေတွေနဲ့ ခံနိုင်ရည်အားနည်းတဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေအပေါ် ရေရှည်ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကာခေါ့ဗ်ကာ ရေလှောင်ဆည်ကြီးဟာ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၂၀၀၀ ကျော်ရှိပြီး ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံး ရေလှောင်ဆည်ကြီး ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ဘယ်လောက်တောင် ကျယ်သလဲဆိုရင် ဆည်တစ်ဖက်စွန်းကနေ တခြားဘက်စွန်းကို လှမ်းကြည့်လို့ မမြင်နိုင်ပါဘူး။ “သံနဲ့ သံမဏိ လုပ်ငန်းတွေက မြစ်ကမ်းပါးတစ်လျှောက်မှာ ရှိနေတာ” လို့ စက်မှုလုပ်ငန်းဆိုင်ရာ ဂေဟပညာရှင် တစ်ဦးဖြစ်သူ အန်နာ အမ်ဘရော့ဆိုဗာ က ပြောပါတယ်။

“အဲဒီစက်မှုလုပ်ငန်းတွေက ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေမှာ သံထည်ပစ္စည်းတွေ ပါပါတယ်။ အဲဒီသံထည်ပစ္စည်းတွေက ရေလှောင်ကန်ရဲ့ အောက်ခြေမှာ စုပုံအနည်ထိုင်နေတာပါ။ အခုတော့ ဆည်ကျိုး ရေတွေ လျှံတက်လာတော့ အဲဒီစွန့်ပစ်အနည်တွေက ရေတွေနဲ့အတူ မြစ်ကြောင်းအောက်ပိုင်းဆီ မျောပါကုန်ပါတယ်။”

“တဖြည်းဖြည်းနဲ့ အဲဒီအနည်တွေက ရေလွှမ်းမိုးတဲ့ နေရာတွေမှာ အနည်ထိုင်ပြီး အဲဒီနေရာတွေမှာ ညစ်ညမ်းမှုတွေ ဖြစ်လာစေပါလိမ့်မယ်။ အဲဒီမြေနေရာတွေကို သန့်စင်အောင် လုပ်ဖို့ လိုလာမှာ ဖြစ်ပြီး ဒီလိုလုပ်ဖို့ အချိန်အကြာကြီး ယူရပါလိမ့်မယ်။”

ဒါ့အပြင် ဆည်ကနေ မြစ်အောက်ပိုင်း ဒနီပရိုမြစ်ကြောင်းတလျှောက်မှာရှိနေတဲ့ စက်မှုလုပ်ငန်းစက်ရုံတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ရေနံချက်စက်ရုံတွေနဲ့ ဓာတ်ဆီဆိုင်တွေကို Greenpeace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးက စိုးရိမ်နေပါတယ်။ လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေ သိုလှောင်ထားလေ့ရှိတဲ့ နေရာ ၂၄ နေရာလောက် ထိခိုက်ပျက်စီးခဲ့တာမို့ အကြီးအကျယ် စိုးရိမ်စရာ ရှိနေတယ်လို့ ပဋိပက္ခ၊ ဘေးဆိုးကာလ အတွင်း ထိခိုက်ပျက်စီးမှု ကိန်းဂဏန်းတွေ ပြုစုစာရင်းယူထားတဲ့ REACH ကယ်ဆယ်ရေးအဖွဲ့ က ပြောပါတယ်။

ယူကရိန်းဆည်၊ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ လုံလောက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာခေါ့ဗ်ကာ ရေလှောင်ဆည်ဟာ ငှက်မျိုးကွဲပေါင်း အတော်များများ အသိုက်အမြုံတည်ရာ နေရာကြီး ဖြစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့နေရာတွေက ဆည်ကျိုးပေါက်မှုဒဏ်ကို အများဆုံး ခံရတဲ့ ဒေသတစ်ခုဖြစ်တဲ့ ခါဆွန်မြို့နဲ့ နီးနီးမှာ ရှိနေတာပါ။

ခါဆွန်မြို့က ဓာတ်ဆီဆိုင် နှစ်ခုကနေ ဓာတ်ဆီတွေ ယိုစိမ့်ထွက်နေပြီး ကာခေါ့ဗ်ကာ ရေအားလျှပ်စစ်ထုတ် စက်ရုံကနေ ဆီတွေ ယိုစိမ့်နေတာတွေကို ပုံတွေမှာ တွေ့ရတယ်လို့ REACH ကယ်ဆယ်ရေးအဖွဲ့ က ဘီဘီစီကို အီးမေးလ်နဲ့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပဋိဇီဝဆေးတွေ၊ ကလိုရင်းတွေ၊ ဓာတုပျော်ရည်တွေ၊ အရက်ပြင်းတွေကလည်း အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နောက်ထပ် အဆိပ်သင့်ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသန္တရ စိုက်ပျိုးမှုတွေမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေ သိုလှောင်ထားရာ ဂိုဒေါင်တွေ ရေလွှမ်းမိုးခံခဲ့ရတဲ့အတွက် နေရာအတော်များများက ရေတွေထဲ အဲဒီပိုးသတ်ဆေးတွေ ပျော်ဝင်မျောပါကုန်ပြီး အဲဒီရေတွေက ပင်လယ်နက်ထဲ စီးဝင်သွားနိုင်တယ်လို့လည်း မစ်စ် အမ်ဘရော့ဆိုဗာ က သတိပေးထားပါတယ်။

လယ်ယာမြေတွေ ထိခိုက်ခံရမှုဟာ ကမ္ဘာတဝန်းက လူတွေအပေါ် ရိုက်ခတ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ အခုရေလွှမ်းမိုးခံခဲ့ရတဲ့ လယ်မြေတွေဟာ ယူကရိန်းနိုင်ငံအတွက်တင်မက တခြား ကမ္ဘာ့နိုင်ငံအတော်များများအတွက် ဂျုံပြောင်း၊ နေကြာဆီနဲ့ ဟင်းသီးဟင်းရွက်လို စားနပ်ရိက္ခာတွေ တန် သန်းပေါင်းများစွာ ထုတ်လုပ်ပေးနေတဲ့ နေရာ ဖြစ်တာကြောင့် ကမ္ဘာ့ ပေါင်မုန့်ခြင်းကြီး အဖြစ် ကုလသမဂ္ဂက တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ကာခေါ့ဗ်ကာ ရေလှောင်ဆည်ကြီးဟာ လယ်မြေတွေကို ရေသွယ်တန်းတဲ့ စနစ်တွေနဲ့ ရေတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီရေသွယ်တန်းတဲ့ ကွန်ရက်စနစ် ပြတ်တောက် ပျက်စီးသွားပြီဖြစ်ပါတယ်။

ဒီလို ကွန်ရက်စနစ်မျိုးတွေ မရှိတော့ဘူးဆိုရင် လယ်မြေတွေ ခြောက်သွေ့ကုန်ပြီး အရည်အသွေး ညံ့ဖျင်းကုန်မယ့် အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ မစ်စ် အမ်ဘရော့ဆိုဗာလို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ယူကရိန်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ နေရာဟာ အခုအခါ အနည်းဆုံး ၅ နှစ်ကနေ ၁၀ နှစ်လောက် ခြောက်သွေ့မြေဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်လို့ ယူကရိန်း စိုက်ပျိုးရေးမူဝါဒနဲ့ စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး ဆိုလ်ဆကီ မိုင်ကိုလာ က ပြောပါတယ်။ နိုဗာ ကာခေါ့ဗ်ကာ ဆည်နဲ့ ရေသွယ်တန်းမှု စနစ် ပြန်တည်ထောင် ဆောက်လုပ်ဖို့ ကလည်း အနည်းဆုံး အဲဒီလောက် အချိန်ယူရနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘာတဝန်းမှာ စားနပ်ရိက္ခာ စျေးတွေ တက်လာပြီး အထူးသဖြင့် အာဖရိကဒေသလို ခံနိုင်ရည် နည်းတဲ့ နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂက တွက်ဆနေပါတယ်။

ရေလွှမ်းမိုးခံရတဲ့ နေရာက လူတွေရဲ့ ကျန်းမာရေးအပေါ်မှာလည်း အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ အဲဒီက ကယ်ဆယ်ရေးဝန်ထမ်းတွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။

ယူကရိန်းဆည်၊ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ လုံလောက်မှု

ဆည်ကျိုးပြီး လျှံတက်လာတဲ့ ရေတွေဟာ သင်္ချိုင်းမြေနေရာတွေနဲ့ တိရစ္ဆာန်အသေကောင်တွေ မြှုပ်နှံရာ နေရာတွေကို ဖြတ်သန်း စီးဆင်းသွားတယ်လို့ Mercy Corps ကယ်ဆယ်ရေးအေဂျင်စီက ဆမီယာ ချာလော့ဘ် က ပြောပါတယ်။ လူသေအလောင်းတချို့ ရေပေါ်မှာ ပေါလောပေါ် မျောပါနေတာတွေ တွေ့နေရတာကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာစေတယ်လို့ သူက ပြောပါတယ်။

ရေလွှမ်းမိုးခံရတဲ့ နေရာက လူတွေကို အကူအညီပေးနေတဲ့ နော်ဝေးဒုက္ခသည်ကောင်စီက ဒီမီထရီ ဇဗီယာဒက်ဇီ ကလည်း ထပ်တူစိုးရိမ်မိကြောင်း ပြောပါတယ်။

တိရစ္ဆာန်အသေကောင်တွေ ပေါလောပေါ် မျောနေတာ တွေ့ခဲ့ရပြီး အဲဒီကနေ ဝမ်းပျက်ဝမ်းလျှော ရောဂါ ရကြမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့ ပြင်ဆင်နေပါတယ် လို့ သူက ပြောပါတယ်။

တခါ NGO အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ယူကရိန်း သဘာဝ ထိန်းသိမ်းရေးအုပ်စု ကလည်း ပန်းခြံကြီး ၅ ခုနဲ့ နိုင်ငံတကာအတွက် အရေးပါတဲ့ နုံးမြေတွေအပါအဝင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ သတ်မှတ်ထားတဲ့ နေရာပေါင်း ၃၀ ကျော် ရေလွှမ်းမိုးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကာခေါ့ဗ်ကာ ရေလှောင်ကန်နဲ့ ဒနီပရို ရေပြင်ဟာ ငဟစ်ငှက်တွေ၊ ဗျိုင်းတွေ၊ ခရုစုတ်ငှက်တွေ ကျက်စားရာ နေရာ ဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ အနာဂတ်က မေးခွန်းထုတ်စရာပါ။ ထို့အတူပဲ အဲဒီမှာ ကျက်စားတဲ့ မြေကြွက်လေးတွေလည်း နေရာပျောက်ကုန်ကြပါပြီ။

ကမ္ဘာ့ကြွက်ကောင်ရေရဲ့ ၃ ပုံ ၂ ပုံဟာ ရေလွှမ်းမိုးမှုထဲမှာ ပါသွားကြပြီး လုံးဝ မျိုးသုဉ်းသွားတဲ့အထိ ဖြစ်လာနိုင်တယ်လို့ UNCG အဖွဲ့က ပြောပါတယ်။

တခါ မြွေပွေးတွေ၊ ကက်စ်ပီယံ ကြာပွတ်မြွေတွေ၊ ဆာမက်တီယမ် လင်းမြွေတွေ အပါအဝင် တွားသွား သတ္တဝါတွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေအပေါ် သက်ရောက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။

ဒီဆိုးကျိုး သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ ရုရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်ပြီး မှတ်ချက်တောင်းခဲ့ပေမဲ့ တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။