ဇန်နဝါရီ ၃ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။
၃နှစ်ကျော် ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ဇန်နဝါရီ ၈ရက်မှာ ပြန်ဖွင့်မယ်
မူဆယ် - ကျယ်ခေါင်ကုန်သွယ်ရေးဇုန်က မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ ပန်ဆိုင်းစတဲ့ သုံးနှစ် ကျော်ကြာအောင် ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ် ရေးဂိတ်တွေကို ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်-မြန်မာ နယ်စပ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇန်နဝါရီလ ၈ရက်နေ့က စပြီး ပုံမှန်အတိုင်း ပြန်ဖွင့်လှစ်တော့မယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်က သိရပါတယ်။

မူဆယ် - ကျယ်ခေါင်ကုန်သွယ်ရေးဇုန်က မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ ပန်ဆိုင်းစတဲ့ သုံးနှစ် ကျော်ကြာအောင် ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ် ရေးဂိတ်တွေကို ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ဖွင့်လှစ်ထားပြီး နှစ်ဘက်ကုန်သွယ်မှုတွေကို လုပ်ဆောင်နေတာြဖစ်ပါတယ်။ အခုလိုပြန်ဖွင့်ဖို့ကို တရုတ်အာဏာပိုင်တွေဘက်က တရားဝင်ခွင့်ပြု ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဂိတ်တွေက ကိုဗစ်အပြင်းအထန်ကူးစက်မှုတွေရှိခဲ့တဲ့ ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စပြီး တရုတ်နိုင်ငံဘက်က ပိတ်ခဲ့တာပါ။

ပုံမှန်အခြေအနေ ဖွင့်လှစ်ခဲ့တဲ့အချိန် မန့်ဝန်းဂိတ်မှာ ကုန်မျိုးစုံတင်တဲ့ ကားအစီရေ တစ်နေ့ကို ၃၀၀ ကနေ ၄၀၀ အတွင်း ဝင်ထွက်ကာ ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာပါ။

“အဲဒီနေ့ကစပြီး အားလုံးပုံမှန်ပြန်ဖြစ်မှာ၊ ရှန်တိန်စနစ်တွေဘာတွေအားလုံးက အလိုလျှောက်ပယ်ပြီးဖြစ်မှာ၊ နယ်စပ်ကုန်သွယ်ရေးက အရင်လိုပြန်ကောင်းလာမှာပါ” လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။

ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်တော့မှာဖြစ်လို့ နယ်စပ်ကုန်သွယ်ရေးအခုထက်ပိုအဆင်ပြေလာနိုင်တယ်လို့ ကုန်သည်တွေဘက်မျှော်မှန်းထားကြပေမယ့် မြန်မာအစိုးရရဲ့ ကုန်သွယ်မှုရငွေ အပေါ်နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်တွေဆက်ရှိနေသေးတာက အတားအဆီးအချို့ဖြစ်နေသေးတယ်လို့ ဝေဖန်ပြောဆိုမှုလည်း ရှိနေပါတယ်။

ခင်ဦး၊ အလည်လျှိုရွာမှာ ပစ်ခတ်ခံရပြီးသေဆုံးနေသူ ၈ဦးတွေ့ရှိ
မီးလောင်မှုတွေကို စစ်‌ဘေးရှောင်ရာကနေ မြင်တွေ့ရတဲ့ အလည်လျှိုရွာ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးလောင်မှုတွေကို စစ်‌ဘေးရှောင်ရာကနေ မြင်တွေ့ရတဲ့ အလည်လျှိုရွာ အခြေအနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက အလည်လျှိုရွာအတွင်းမှာ ပစ်ခတ်ခံရပြီးသေဆုံးနေသူ ၈ဦးရဲ့ အလောင်း တွေကို တွေ့ရှိထားရတယ်လို့ ခင်ဦးဒေသခံတွေထံကသိရပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့ ညနေပိုင်း၊ ရွာအတွင်းတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေထွက်သွားပြီးနောက်ပိုင်း ကျေးရွာအတွင်း ဝင်ရောက်ကြသူတွေက သေဆုံးနေတဲ့ အလောင်း ၈ခုကိုတွေ့ရှိခဲ့တာလို့ မြေပြင်သိရှိသူတွေ ကဘီဘီစီကိုပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေဆုံးသူတွေဟာ ဒေသခံတွေလို ယူဆပြောဆိုထားကြပြီး၊ သေဆုံးတဲ့အကြောင်းအရာအတိအကျကိုတော့ ဘီဘီစီက သီးခြားသိရှိရတာမရှိသေးပါဘူး။

မနေ့က ညနေပိုင်းမှာထွက်သွားတဲ့ စစ်တပ်ဟာ ဇန်နဝါရီလ ၃ရက် ဒီကနေ့မှာတော့ ရွာအတွင်းကို ပြန်လည် ဝင်ရောက်လာတယ်လို့ မြေပြင်သိရှိသူတွေက ဘီဘီစီကိုပြောကြပါတယ်။

အလည်လျှို ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ရွာကပျူစောထီးအဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၈ရက်နေ့က စလို့ ရွာအတွင်းဝင်ရောက်တပ်စွဲနေတာလို့ ခင်ဦးဒေသခံတွေထံကသိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၉ရက်နေ့ကနေ ဇန်နဝါရီလ ၁ရက်နေ့အတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ စစ်ဘေးရှောင်ဒေသခံတွေထံက သိရ ပါတယ်။

စစ်ကောင်စီဘက်က ရွာအတွင်းတပ်စွဲထားချိန်မှာပဲ နေအိမ်အချို့မီးရှို့ခံရတာနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်ခံထား ရသူတွေရှိခဲ့တယ်လို့ မြေပြင်သိရှိသူတွေကပြောကြပါတယ်။ မီးရှို့ခံရသူအရေအတွက်နဲ့ ထပ်မံသတ်ဖြတ်ခံ ထားရသူအရေအတွက်အတိအကျကိုတော့ မသိရှိကြရသေးဘူးလို့ အလည်လျှိုဒေသခံနဲ့ မြေပြင်သိရှိသူတွေ ထံကသိရပါတယ်။

အလည်လျှို ကျေးရွာက ခင်ဦးမြို့ လမ်းဆုံမြောက်ဘက် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးဘေးတလျှောက်မှာ အိမ်ခြေ တစ်ထောင်လောက် ရှိတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။

အလည်လျှိုရွာဖြစ်စဥ်၊ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ပြောကြားတာမျိုးမရှိသေးပါဘူး။

အာဏာသိမ်းပြီးကတည်းက ဖမ်းခံရသူ တစ်သောင်းသုံးထောင်ကျော်ရှိလာ၊ သေဆုံးသူ ၂၆၇၀ ခန့်ရှိ
ဖောက်ခွဲဖျက်ဆီးဖို့ကြိုးစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ လူငယ်၁၆ ယောက်နဲ့ ဆရာတော်တစ်ပါး။

ဓာတ်ပုံ ရင်းမြစ်, စစ်တပ်ထုတ်ပြန်ချက်

အာဏာသိမ်းပြီးကတည်းကစလို့  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရပြီးသေဆုံးမှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရတဲ့၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း ၂၆၈၉ ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရသိရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် လှုပ်ရှားကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ခဲ့ သူ စုစုပေါင်းက ၁၃၃၀၀ ဦးအထိ ရှိခဲ့ပြီလို့ လည်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီဖမ်းဆီးခံထားရသူ ၁၃၃၀၀ ထဲမှာမှ ၁၉၄၀ ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်တွေကို ချမှတ် ထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲကနေ အာမခံအပြင် လွတ်ငြိမ်းချမ်းသာခွင့်စတာတွေနဲ့ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ ၃၄၆၃ ဦးထိရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လှုပ်ဆောင်တာကြောင့် သေဒဏ် ပြစ်ဒဏ်အထိချမှတ်ခံရသူ ၁၄၂ ဦးအထိရှိတယ်လို့ AAPP စာရင်းအရသိရပါတယ်။ အဲဒီထဲမှာမှ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ဦးလည်းပါဝင်ပါတယ်။

စစ်တပ်မျှောစာရမှ ပလက်ဝဒေသခံတွေ ခရီးသွားလာခွင့်ရ၊ ဆေးဝါးနဲ့ စားသောက်ကုန်သယ်ယူခွင့်ကန့်သတ်
ပလက်ဝနဲ့ ရခိုင်ပြည်နယ် ကျောက်တော် မြို့တို့အကြား ကုန်စည်စီးဆင်းရေးနဲ့ ခရီးသည် ပို့ဆောင်ရေးကိုလည်း တစ်ပတ်တစ်ကြိမ်သာ စစ်ကောင်စီလက်အောက် ပြည်နယ်ကောင်စီက ဇက်ရေ ယာဉ်နဲ့ ပြေးဆွဲပေးနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ချင်းပြည်နယ်၊ ပလက်ဝဒေသက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်စာ (မျှောစာ) ရရှိမှ ဒေသအတွင်း ခရီးသွားလာခွင့်ရကြတယ်လို့ ပလက်ဝဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုခရီးသွားခွင့်ရပေမယ့် အခြေခံစားသောက်ကုန်၊ ဆေးဝါးစတာတွေကိုတော့ လွတ်လပ်စွာသယ်ယူခွင့် မရှိဘူးလို့ ဒေသခံတွေကပြောကြပါတယ်။ လူတစ်ဦးကို ဆန်တစ်အိတ်နှုန်းသာ သယ်ယူခွင့်ပြုထားတယ်လို့ လည်း သိရပါတယ်။

ဒါအပြင် တခြားစားသောက်ကုန်စည်တွေကိုလည်း လွတ်လပ်စွာသယ်ယူခွင့်မရှိသလို ဆေးဝါးပစ္စည်းတွေ သယ်ယူလာလို့ရှိရင်လည်း စစ်တပ်ကနေ သိမ်းဆည်းသွားတာမျိုးတွေနဲ့ ကြုံနေကြရတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် ကျောက်တော် မြို့တို့အကြား ကုန်စည်စီးဆင်းရေးနဲ့ ခရီးသည် ပို့ဆောင်ရေးကိုလည်း တစ်ပတ်တစ်ကြိမ်သာ စစ်ကောင်စီလက်အောက် ပြည်နယ်ကောင်စီက ဇက်ရေ ယာဉ်နဲ့ ပြေးဆွဲပေးနေတာပါ။

ဒေသခံတွေရဲ့ စက်လှေတွေနဲ့ ဒေသတွင်းပြေးဆွဲနေတဲ့ မော်တော်လိုင်းတွေကတော့ သွားလာပြေးဆွဲခွင့်တွေ ဆက်လက်ပိတ်ပင်ခံနေကြရဆဲဖြစ်ပါတယ်။

လက်ရှိမှာရခိုင်ဒေသတွင်း အပစ်ရပ်ထားတာ တစ်လကျော်ကြာလာခဲ့ပြီဖြစ်သလို ဒေသတွင်းမှာလည်း တည်ငြိမ်မှုတွေ ရှိနေပေမယ့် ချင်းဘက်ရောက်တဲ့ပလက်ဝမှာအခုလို ကန့်သတ်ခံနေကြရတာကြောင့် ကုန်ဈေးနှုန်းမြင့်မားမှုတွေနဲ့ ဆက်ကြုံနေကြရဆဲဘဲလို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့ပေါ်က ဒုက္ခသည်စခန်းငါးခုမှာခိုလှုံနေကြတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်း ၈၀၀ ဝန်းကျင်ရှိနေပြီး အဲ့ဒီလူတွေဟာ ဝင်ငွေရရှိရေးအတွက် ငါးရှာ၊ ဝါးခုတ်စတဲ့ခရီးတွေအတွက် စစ်ကောင်စီရဲ့ မျှောစာ မရှိလို့ ရှိရင် သွားလာလို့မရကြဘူးလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီကနေ စစ်ရှောင်တွေကိုနေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းဖို့ပြင်ဆင်နေပေမယ့် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတချို့ကိုတော့ နေရပ်ပြန်ခွင့်မပေးဘူးလို့ သိရပါတယ်။

ပလက်ဝမြို့အထက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ပလက်ဝနဲ့ ကျောက်တော်မြို့တို့ကို သွားလို့ရှိရင်လည်း ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေက ခွင့်ပြုမှ သာသွားလာ လို့ရကြတာလို့ ဒေသခံတွေထံကသိရပါတယ်။