စပိန်ရွှေ့ပြောင်းအကျပ်အတည်းနဲ့ နိုင်ငံရေးမုန်တိုင်းထန်အောင် လူမှုကွန်ရက်ကလုပ်ခဲ့တာလား

    • ရေးသားသူ, ဆာရာ ရိန်စ်ဖို့ဒ်
    • ရာထူးတာဝန်, ဥရောပတောင်ပိုင်းနဲ့အရှေ့ပိုင်းဆိုင်ရာ သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

မော်ရိုကိုနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ စပိန်ပိုင် စီယူတာနယ်ထဲကို ကြာသပတေးနေ့က ရေကူးဝင်ရောက်လာခဲ့ကြတဲ့ရွှေ့ပြောင်းထောင်သောင်းချီထဲက အများစုဟာ အခုတော့ မော်ရိုကိုနိုင်ငံဘက်ခြမ်းဆီကို ပြန်သွားကြရပြီဖြစ်ပါတယ်။ သူတို့ကို စပိန်စစ်တပ်နဲ့ ရဲတွေ ခြံရံပြီး နယ်စပ်အထိ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုလူသောင်းနဲ့ချီက မော်ရိုကိုကနေ စပိန်နယ် စီယူတာ ဘက်ကို အစုလိုက်အပြုံလိုက် ရေကူးပြီး ဖြတ်ကျော် ဝင်ရောက်ခဲ့ကြတဲ့ မကြုံစဖူး ဒီဖြစ်ရပ်မှာ လူ အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ရေပေါ်မျောနေပြီဖြစ်တဲ့ သေဆုံးရုပ်အလောင်းတွေကိုတော့ သူတို့ ရေထဲကနေတဆင့် နယ်စပ်ကို ကူးခတ်ဖြတ်ကျော်ဖို့ရာ အသုံးပြုခဲ့တဲ့ ရေပေါ်ဘောကွင်းတွေ၊ ရေကူးပစ္စည်းတွေနဲ့အတူ မြင်တွေ့ခဲ့ရတာပါ။

ဒီဖြစ်ရပ်ဟာ ဥရောပ နိုင်ငံတွေကြားမှာလည်း နိုင်ငံရေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။​ ထိရှလွယ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေအရေး ခေါင်းစဥ်အောက်မှာ ဥရောပရဲ့မတူကွဲပြားတဲ့ချဥ်းကပ်မှုကို လှစ်ဟပြလိုက်တာကြောင့်လည်းဖြစ်ပါတယ်။​

ပြီးတော့ ဒီလောက် လူတွေ အများကြီး ဘာကြောင့် တစ်ပြိုင်နက်တည်း ၀င်လာတာလဲဆိုတဲ့မေးခွန်းတွေလည်း ကျန်နေဆဲပါတယ်။ ဒါဟာ ဥရောပကို အလွယ်တကူ ရောက်နိုင်တယ်လို့ ပြောထားတဲ့လူမှုကွန်ရက်ပေါ်က ပို့စ်တွေ ပျံ့နှံ့သွားလို့လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ စီစဉ်ဖန်တီးခဲ့တဲ့လုပ်ရပ်ကြောင့်လားဆိုတာ မသဲကွဲသေးပါဘူး။

နိုင်ငံရေး

ရွှေ့ပြောင်းနေထိုင်သူတွေ အခုလို ရုတ်တရက် ၀င်ရောက်လာရတဲ့နောက်ကွယ် အကြောင်းရင်း ဘယ်လိုပဲ ရှိနေပါစေ စပိန်ရဲ့ဆိုရှယ်လစ်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် ကတော့ ဒီအခြေအနေကို ကိုင်တွယ်ပုံအပေါ် အတော်လေး စိတ်ဆိုးနေပါတယ်။

ဝန်ကြီးချုပ်ကတော့ အခုလိုအကျပ်အတည်းမှာ စပိန်ကို ထောက်ခံအားပေးတာ လုပ်ရမယ့်အစား နိုင်ငံရေးအတွက် စပိန်ကို "တိုက်ခိုက်" နေတယ်လို့ဆိုပြီး ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင် နိုင်ငံတချို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

အဓိက သူ ရည်ရွယ်တာကတော့ အီတလီကိုပါ။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လနီရဲ့ လက်ယာစွန်း ဖရာတယ်လီ ဒီတယ်လီယာဟာ စီယူတာ လမ်းမတွေပေါ်မှာ ရွှေ့ပြောင်းအခြေချသူတွေ အုပ်စုလိုက်ပြေးလွှားနေတဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မဆိုင်းမတွ တင်ခဲ့ပါတယ်။

ပြီးတော့ "ဒါဟာ အီတလီ လက်ဝဲအုပ်စုတွေ ကြိုက်တဲ့ ဆန်းချက်ဇ်ရဲ့လုပ်ကွက်မျိုး" လို့ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ စာကိုလည်း တင်ပါတယ်။​

အဲဒီနောက်မှာတော့ လုံခြုံရေးခြိမ်းခြောက်မှု ရှိတယ်လို့ဆိုပြီး အီတလီ ဝန်ကြီးချုပ် မယ်လနီက စပိန်နဲ့ ချုပ်ဆိုထားတဲ့လွတ်လပ်စွာ ကူးလူးသွားလာခွင့်ဆိုင်ရာ ရှန်ဂန်သဘောတူညီချက်ကို ဆိုင်းငံ့မယ်လို့ ကြေညာပါတယ်။​

ဒီအပေါ် စပိန်အစိုးရဘက်က ဒေါသဖြစ်ပါတယ်။​

စပိန်ဘက်က မြင်တဲ့အမြင်ကတော့ ရွှေ့ပြောင်းတွေ ထောင်သောင်းချီ ရုတ်တရက်ကြီး ၀င်လာတဲ့ကိစ္စကို ထိန်းလိုက်နိုင်တာ၊ နောက်ပြီး ဒီလူတွေ ၀င်လာတဲ့ စီယူတာ နယ်မြေဟာ ရှန်ဂန် သဘောတူညီချက်ထဲမှာ မပါ၀င်တာကြောင့် မော်ရိုကို ရွှေ့ပြောင်းတွေအနေနဲ့ ဥရောပကုန်းတွင်းပိုင်းဆီကို အစစ်အဆေးမရှိ ၀င်လို့မရဘူးဆိုတဲ့အချက်တို့ဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် မယ်လနီလည်း ဒါကို မသိပဲ မနေပါဘူး။

ဒါပေမဲ့ ဝန်ကြီးချုပ်အတွက် သူ့ရဲ့ညွန့်ပေါင်းပါတီဟာ ရွှေပြောင်း၀င်ရောက်မှုကို ဆန့်ကျင်တဲ့ပါတီသစ်ကို မယှဥ်နိုင်ဖြစ်နေချိန် အခုလိုဖြစ်ရပ်ကို ကြုံရတာဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ခပ်တင်းတင်း ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာ ပြသပြီး မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုကို ပြန်ယူနိုင်ဖို့ ဒီဖြစ်ရပ်ကို အခွင့်အလမ်းအဖြစ် အသုံးချလိုက်တာလည်း ဖြစ်ပါတယ်။​

စပိန်ဟာ ရွှေ့ပြောင်းအရေးမှာ မလျော့မတင်း စောင်းကြိုးညင်းနေလား

စပိန်ဟာ ရွှေ့ပြောင်းအခြေချသူတွေအပေါ် ပျော့ပျောင်းလွန်းတယ်လို့ မြင်နေတာ အီတလီ တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။

ဥရောပသမဂ္ဂပြည်ထဲရေးဝန်ကြီးများအရေးပေါ် အစည်းအဝေးကို လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ ခေါ်ရေးဖို့ အီတလီဝန်ကြီးချုပ် မယ်လနီက တောင်းဆိုတာကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်အယောက် ၂၀ ကျော်က လက်မှတ်ထိုးပါတယ်။ ဥရောပကို လူတွေလာရောက်ချင်စေမယ့် "ဆွဲဆောင်မှု ဖြစ်စေတဲ့မူဝါဒ'' အားလုံးကို ဖျက်သိမ်းဖို့ သူတို့က တောင်းဆိုပါတယ်။

အထောက်အထားမဲ့ရွှေ့ပြောင်းအခြေချသူ သိန်းနှင့်ချီကို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ရအောင် ခွင့်ပြုပြီး တရားမဝင်အနေအထားကို တရားဝင်ဖြစ်အောင်လုပ်ပေးမယ့် စပိန်အစိုးရ အစီအစဥ်ကို သူတို့က ရည်ညွှန်းတာဖြစ်ပါတယ်။

စပိန်အစိုးရဘက်ကကြည့်ရင်တော့ နိုင်ငံထဲ သက်ကြီးဦးရေ များလာတာနဲ့ လုပ်သားအင်အား လိုအပ်ချက်ကြောင့် ဒီကိစ္စက လက်တွေ့ကျကျချဥ်းကပ်မှု ဖြစ်နေပြန်ပါတယ်။

ဒါပေမဲ့ စီယူတာကမ်းခြေဆီ အစုလိုက်အပြုံလိုက်ရောက်လာခဲ့တဲ့လူတွေကတော့ လက်ရှိမှာ စာရင်းပိတ်သွားပြီဖြစ်တဲ့အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ ရောက်လာကြတာမဟုတ်ပါဘူး။

စပိန်၀န်ကြီးချုပ် ဆန်းချက်ဇ်ကတော့ ဒီလူတွေ ရောက်လာကြရတဲ့အကြောင်းရင်းခံဟာ စပိန်တရားရုံးချုပ်ရဲ့မကြာသေးခင်က ဆုံးဖြတ်ချက်တစ်ခုကြောင့်လို့ဆိုပြီးပြောပါတယ်။ ပင်လယ်ရေကြောင်းကနေ ဝင်ရောက်လာတဲ့ရွှေပြောင်းတွေကို ချက်ချင်း ပြန်မပို့ရ ဆိုပြီး တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့အချက်ကို သူက ထောက်ပြတာဖြစ်ပါတယ်။​

ဝန်ကြီးချုပ်ဆန်းချက်ဇ်ကတော့ လူမှောင်ခိုသမားတွေက တရားရုံးချုပ်ရဲ့အဲဒီဆုံးဖြတ်ချက်ကို လိုသလို အဓိပ္ပာယ်ကောက်ယူပြီး "ဥရောပကို အလွယ်တကူ ဝင်လို့ရမယ်" ဆိုတဲ့မျှော်လင့်ချက်တွေ ပေးခဲ့တာလို့ ယူဆပါတယ်။

ဒါပေမဲ့ စီယူတာ ဘက်ကို ထွက်လာခဲ့တဲ့လူအုပ်ကြီးကတော့ လူမှောင်ခိုသမားတွေကို ပိုက်ဆံပေးစရာတောင် မလိုခဲ့ပါဘူး။ အများစုက မော်ရိုကိုနိုင်ငံသားတွေဖြစ်ပြီး ဒီလမ်းကြောင်းကို ကောင်းကောင်း သိထားကြသူတွေပါ။

တကယ်တော့ ဒီသတင်းစကားဟာ လူမှုကွန်ရက်မှာ အတော်လေး ပျံ့ခဲ့ပါတယ်။

"စပိန်က လမ်းဖွင့်ထားပြီ" လို့ အော်ဟစ်ပြီး ပင်လယ်ထဲကို ခုန်ဆင်းသွားကြသူ အချို့ကို မြင်ရတဲ့ လူမှုကွန်ရက် ရုပ်သံပို့စ်တွေကို ရွှေ့ပြောင်းတွေက သတင်းထောက်တွေကို ပြခဲ့ပါတယ်။​

ကျွန်မတို့ စစ်ဆေးကြည့်ခဲ့တဲ့ အကောင့်တော်တော်များများမှာတော့ ရေကူးဝတ်စုံဝတ်၊ ရေငုပ်ဖိနပ်တွေ စီးထားတဲ့လူငယ်တွေ ဒါမှမဟုတ် ရေကူးနေပုံကို ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက်ကူးထားတဲ့သူတွေဟာ အဲဒီဗီဒီယိုတွေနဲ့ စီယူတာထဲက ဓာတ်ပုံတွေကို ရောနှောတင်ထားတာ တွေ့ရပါတယ်။

အဲဒီအကောင့်တချို့ဆိုရင် ဖွင့်ထားတာ သီတင်းပတ်အနည်းငယ်ပဲ ရှိသေးပေမဲ့ ကြိုက်နှစ်သက်သူ သောင်းနဲ့ချီ ရရှိထားကြပါတယ်။

ဒါပေမဲ့ အဲဒီပို့စ်တွေထဲက မြင်ခဲ့ရတဲ့ အိမ်မက်စကားသံတွေဟာ အပြင်မှာတော့ လက်တွေ့ မကျခဲ့ပါဘူး။

စီယူတာ ကမ်းခြေကို ရောက်သွားပြီး ကမ်းခြေ မြေကို အပျော်တဝက်နဲ့ နင်းနိုင်ခဲ့ကြတဲ့လူအများစုဟာ နောက်ဆုံးမှာ ဘာအကူအညီမှ မရခဲ့ကြပါဘူး။ စားဖို့ မရှိ၊ နေဖို့ မရှိ၊ ဥရောပကုန်းတွင်းဘက်ဆီကို ဆက်သွားဖို့ နည်းလမ်းလည်း မရှိတဲ့အတွက် အများစုဟာ မကြာခင်ပဲ နောက်ကြောင်း ပြန်လှည့်သွားခဲ့ကြရပါတယ်။

ဆိုတော့ အကြောင်းရင်းခံက ဘာပါလဲ

ဒါဆို ဘယ်လာရုစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက ဖြစ်ခဲ့သလို ရွှေ့ပြောင်းအခြေချသူတွေဟာ နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးချခံခဲ့ရတာလား ဆိုတဲ့မေးခွန်းလည်း ထွက်လာပါတယ်။

ဒီလိုသာ မှန်ကြေးဆို နောက်ကွယ်မှာ ဘယ်သူရှိနေလဲ။

အခုအချိန်အထိတော့ ဒီဖြစ်ရပ်ကနေ အမြတ်ထွက်သူတွေကိုပဲ မြင်နေရပါတယ်။

ကမ္ဘာတဝန်းက လက်ယာဝါဒီအုပ်စုတွေဟာ ဒီကိစ္စကြောင့် "ပျော်လွန်းလို့အပျော်တောင် လွန်နေကြတယ်" လို့ သတင်းထောက် အယ်ဒရဲရာ ရစ်ဇီရေးက စပိန်သတင်းစာ အယ်လ်ပါ့စ်မှာ ရေးပါတယ်။​

အီရန်နဲ့ ဖြစ်တဲ့စစ်ရေးကို ကန့်ကွက်လို့ စပိန်ကို ဒေါသထွက်ခဲ့တဲ့အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အခုဖြစ်ရပ်ကို "ကပ်ဘေး" တစ်ခုလို့ ပြောသလို ''ကျူးကျော်မှု''လို့လည်း သုံးနှုန်းပါတယ်။ အီတလီ ၀န်ကြီးချုပ် မယ်လနီလိုပဲ ထရမ့်ခေါင်းပေါ်မှာလည်း ရွေးကောက်ပွဲကိစ္စက အရိပ်မိုး နေပါတယ်။

ရုရှားဘက်ကလည်း ဒီအခြေအနေကို သဘောကျနေပုံရပါတယ်။ ဥရောပထဲ မတည်ငြိမ်တာနဲ့ သဘောထားကွဲလွဲတာတွေ ဖြစ်လာတာကို ရုရှားက နှစ်သက်ပါတယ်။ ယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေ အားနည်းသွားမယ့်ဘယ်ကိစ္စမဆို ရုရှားအတွက် အကျိုးရှိတာကြောင့်ပါ။

မော်ရိုကိုဘက်ကတော့ ဒီဖြစ်ရပ်မှာ "ရာဇဝတ်ဂိုဏ်းတွေ"ကို အပြစ်တင်ပါတယ်။ ဒါပေမဲ့ ဒီလောက်များတဲ့လူအုပ်ကြီး စုလာတာကို မော်ရိုကို နယ်ခြားစောင့်တပ်တွေ မမြင်ခဲ့ဘူးလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

အတိတ်မှာ စပိန်နဲ့ မော်ရိုကိုကြား ဒီလိုအလားတူ ဖြစ်ရပ်မျိုးဖြစ်ခဲ့ဖူးပါတယ်။​ အဲဒီတုန်းကတော့ စပိန်နဲ့ မော်ရိုကိုကြား အနောက်ဆာဟာရဒေသအရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အနောက်ဆာဟာရက ဟိုးတုန်းက စပိန်ရဲ့ကိုလိုနီနယ်မြေဟောင်းတစ်ခုဖြစ်ပါတယ်။

အခုလည်း နှစ်နိုင်ငံကြား တင်းမာမှုအသစ်တွေ ရှိလာပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ စပိန်၀န်ကြီးချုပ် ဆန်းချက်ဇ်က မော်ရိုကိုကို အပြစ်တင်တာမျိုး မရှိပါဘူး။ အဲဒီအစား မော်ရိုကို အစိုးရဟာ "မိတ်ဖက်ကောင်း" လို့ဆိုပြီး သူက ပြောပါတယ်။

ဒါကြောင့် စပိန်၀န်ကြီးချုပ် ဆန်းချက်ဇ်ဟာ ရွှေပြည်အေး တရားဟောနေမယ့်အစား ဘယ်သူဘာလဲဆိုတာမျိုး လုပ်ပြသင့်ပြီလို့ ဝေဖန်သူက ၀ေဖန်ပါတယ်။​

နောက်ဆက်တွဲ ဘယ်လိုရလဒ်တွေ ပေါ်လာလဲ

လောလောဆယ်တော့ စပိန်ဟာ စီယူတာမှာ နောင်အခုလိုဖြစ်ရပ်တွေ မဖြစ်အောင် ကာကွယ်ဖို့ လုပ်ရင်း အလုပ်များနေပါတယ်။​

နယ်စပ်ခြံစည်းရိုးကို ပင်လယ်ထဲအထိ တိုးထုတ်လိုက်သလို ဆိပ်ခံတံတားနဲ့ ရေပြင်မှာ လိမ္မော်ရောင် ရေပေါ်ဘောတန်းကြီးကို ကာထားလိုက်ပြီ ဖြစ်ပါတယ်။ ​နောင်မှာ ရေကိုကူးပြီး ဖြတ်လာသူတွေကို ကင်းလှည့်သင်္ဘောတွေက ကြားကနေ ဟန့်တားနိုင်ဖို့ဖြစ်ပါတယ်။

လာမယ့်တစ်ပတ်မှာတော့ ဥရောပသမဂ္ဂ ပြည်ထဲရေး၀န်ကြီးတွေဟာ နယ်စပ်တွေကို ခိုင်မာအောင်လုပ်ဖို့ ဆွေးနွေးနေကြပါလိမ့်မယ်။ အဲဒီအခါ လူကြိုက်များရေး အားထုတ်တဲ့ လက်ယာအင်အားစုတွေဟာ ဒီဖြစ်ရပ်ကိုအခြေခံလို့ နိုင်ငံရေးလက်ခမောင်းခတ်ပြီး သူတို့ ရပ်တည်ချက်ကို တွန်းအားပေးပြောဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။

စပိန်ကနေ အီတလီကို သွားမယ့် ခရီးသွားတွေဟာလည်း လာမယ့်သီတင်းပတ်တွေအတွင်း ရဲက ရှောင်တခင် စာရွက်စာတမ်း စစ်ဆေးတာကို ကြုံရဖို့ရှိနေပါတယ်။​

ဒါတွေက ကြီးကြီးမားမားပြောင်းလဲမှုလို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ အွန်လိုင်းကနေ တွေ့ပြီး ဥရောပအိပ်မက်နောက်ကို လိုက်ခဲ့ကြတဲ့လူငယ်အချို့ကတော့ မော်ရိုက ကျန်ရစ်သူမိသားစုတွေဆီ အသက်မပါဘဲ ရုပ်အလောင်းသက်သက် ပြန်ရောက်သွားကြရပြီဖြစ်ပါတယ်။