ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား
၂၀၂၆ နှစ်ဝက်ရဲ့ထူးခြားချက်ဆိုရင် ၁၀၂၇ စစ်ဆင်ရေးဦးဆောင်ခဲ့တဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA)က စစ်တပ်နဲ့ ပေါ်ပေါ်ထင်ထင်ဆွေးနွေးပြီး SCEF က အာရက္ခတပ်တော် (အေအေ)နဲ့ တွေ့ကြောင်း တရားဝင်ထုတ်ပြောပါတယ်။
နေပြည်တော်မှာ စစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့ဆုံချိန် SCEF ကလည်း နွေဦးတော်လှန်ရေးထဲပါဝင်နေဆဲ လက်နက်ကိုင်အဖွဲ့တချို့နဲ့ဆွေးနွေးလာတဲ့ နှစ်ဖက်အားပြိုင်မှု အခင်းအကျင်းက ပိုပြီးရုပ်လုံး ပေါ်လာပါတယ်။
၂၀၂၆ လက်ကျန် လေးလမှာ အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးရှိသလို ကုလသမဂ္ဂမှာလည်း မြန်မာကို ကိုယ်စားပြုမယ့် အမြဲတမ်းကိုယ်စားလှယ်နေရာကို ဘယ်သူ့ကို ထားမလဲဆိုတာလည်း ဆုံးဖြတ်ဖို့ရှိနေပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတွေမှာ နေပြည်တော်က စစ်တပ်အသွင်ပြောင်းအစိုးရနဲ့ အားပြိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)က တော်လှန်ရေးရဲ့ခေါင်းကိုင်နေရာကို ယူလာတာလား။
SCEF ရက် ၆၀
မတ် ၃၀ ရက် SCEF စဖွဲ့တုန်းက အဖွဲ့ဝင်အသစ် တိုးချဲ့ရေးကို ရက် ၆၀ အတွင်းလုပ်မယ်လို့ ပြောခဲ့ပါတယ်။ မေ ၂၉ ရက်မှာ ရက် ၆၀ ပြည့်ပေမဲ့ အဖွဲ့ဝင်အသစ်ထပ်တိုးကြောင်း တရားဝင် ကြေညာတာ မရှိသေးပါဘူး။
ဒါပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ စုဖွဲ့ထားတဲ့ SCEF မှာ ဘယ်သူက ဘယ်နေရာယူထားလဲဆိုတာကတော့ ပုံပေါ်လာပါတယ်။
SCEF ရဲ့ထုတ်ပြန်ချက်တွေအရ လက်ရှိအလှည့်ကျသဘာပတိဟာ ကရင်နီက ခူဦးရယ်ဖြစ်ပါတယ်။ သူက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ ဥက္ကဋ္ဌဖြစ်သလို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။
စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေးမယ့်အမြင့်ဆုံးအဖွဲ့ ဖြစ်တဲ့ "မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့" မှာတော့ SCEF အဖွဲ့ဝင်တွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ နေရာယူထားပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့က အဲဒီဦးဆောင်အဖွဲ့ဝင်တွေပါ။
ရက် ၆၀ အလွန်၊ ဇူလိုင်လလယ် SCEF နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တွေ့ဆုံမှုတွေမှာ ဒီအဖွဲ့ဝင်တွေက ပင်တိုင်ပါဝင်နေပါတယ်။
အတွင်းရေးမှူးအဖွဲ့ကို NUG က ဒေါက်တာဇော်ဝေစိုးက ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင်နေပါတယ်။ ချင်း CNF က Salai Ram Kuhl Cung က တွဲဖက်ညှိနှိုင်းရေးမှူးပါ။
အတွင်းရေးမှူးအဖွဲ့ဝင်တွေက KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ CRPH အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဖြစ်ပါတယ်။ နိုင်ငံခြားရေးအဖွဲ့ဝင်တွေအဖြစ် KNU က စောနီးမရော့ဒ် နဲ့ IEC က နဲနယ်ပလိုတို့ကို တွေ့ရပါတယ်။
ဒီထုတ်ပြန်ချက်တွေမှာ ထူးခြားတာက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ကိုယ်စားပြု ပါဝင်သူ မတွေ့ရတာပါ။
စစ်ရေးအတွက်ဖွဲ့စည်းတဲ့ "စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ"မှာ KIO ဒုတိယဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ KNU/ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲတို့ ဦးဆောင်နေတယ်လို့ ကနဦးသိရပေမဲ့ ဘီဘီစီက ထပ်အတည်ပြုဖို့ကြိုးစားနေဆဲပါ။
SCEF ရဲ့စုဖွဲ့မှုမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့အဖွဲ့တွေထဲ အမျိုးသမီးဦးဆောင်သူ နည်းပါးနေတာက မြင်သာပါတယ်။ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်ဖွဲ့စည်းရေးကော်မတီ (ယာယီ)မှာတောင် အဖွဲ့တချို့ နုတ်ထွက်ခဲ့ကြောင်း နီးစပ်သူတချို့ဆီကနေ သိထားရပါတယ်။
"မဏ္ဍိုင်သုံးရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးမဏ္ဍိုင်ကို ဒုတိယတန်းစား ဒါမှမဟုတ် ဟန်ပြ အခန်းကဏ္ဍလောက်ဆီကို လျှောကျမသွားစေဖို့ SCEF ထဲ ပါဝင်ပတ်သက်နေသူအားလုံးမှာ ပူးတွဲတာဝန်ရှိပါတယ်" လို့ KNU အကြံပေးလည်းဖြစ်သလို နွေဦးတော်လှန်ရေးကာလ အမျိုးသမီးပါဝင်ရေးဆောင်ရွက်နေတဲ့ နော်မေဦးက ISP Myanmar ရဲ့ ISP Column ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။
- ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြု
- ပြည်သူ့ကိုယ်စားပြုနဲ့
- အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေဆိုတဲ့ မဏ္ဍိုင် ၃ ရပ် SCEF မှာရှိပါတယ်။
ဦးဆောင်အဖွဲ့တွေက ရုပ်လုံးပေါ်နေပေမဲ့ မဏ္ဍိုင် ၃ ရပ်ကိုတော့ စနစ်တကျမဖွဲ့စည်းနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) အရ ဖွဲ့စည်းပြီးဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တွေလည်း SCEF ထဲပါဖို့ ဆွေးနွေးနေဆဲလို့ ယူနစ်တွေဘက်ကနေ သိရပါတယ်။
"တော်လှန်ရေးအရှိန်အဟုန် ပိုကောင်းလာဖို့ SCEF ရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနဲ့အညီ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ အဆင့်ဆင့် ညှိနှိုင်း ချိတ်ဆက်နေပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ပြောပါတယ်။
တော်လှန်ရေး အကျပ်အတည်းတွေကို ကျော်လွှားပြီး ဘုံပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်ဖို့၊ ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒေသန္တရအုပ်ချုပ်ရေး အခန်းကဏ္ဍတွေကို လက်တွေ့ပုံဖော်တဲ့နေရာမှာ အပြန်အလှန် အသိအမှတ်ပြုဖို့နဲ့ အပြုသဘောဆောင်တဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ SCEF နဲ့ ဆွေးနွေးနေကြဆဲလို့ဆိုပါတယ်။
ဒါအပြင် ကြားကာလအုပ်ချုပ်ရေးကောင်စီတွေပါ SCEF ထဲပါဖို့ ညှိနှိုင်းနေကြပါတယ်။
"တကယ်လို့ ကျွန်တော်တို့ SCEF ထဲ ဝင်ရောက်မယ်ဆိုရင် စစ်ရေး၊ ဖက်ဒရယ်ရေးရာ၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်" လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်ဆိုင်းကပြောပါတယ်။
ဇူလိုင် ၁၇ ရက်ကနေ ၂၃ ရက်အထိ SCEF ရဲ့ဆွေးနွေးမှုတွေမှာ စစ်ကိုင်း၊ မကွေး၊မန္တလေးနဲ့မွန်က ဖက်ဒရယ်ယူနစ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး၊ စစ်ရေးအဖွဲ့ ၁၁ ဖွဲ့နဲ့ SCEF က တွေ့ဆုံထားပြီး ဖြစ်ကြောင်း တရားဝင်ကြေညာထားပါတယ်။
"စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဖို့ တနည်းအားဖြင့် ခေတ်ပြောင်းစနစ်ပြောင်းဖို့၊ ပြည်သူလိုလားတောင်းဆိုနေတဲ့ နိုင်ငံရေးစနစ်သစ်ဖြစ်ပေါ်ဖို့အတွက် ကြီးမားတဲ့ အရွေ့တခုဖြစ်နိုင်ပါတယ်" လို့ ဦးခန့်ဝေဖြိုးက ပြောပါတယ်။
ဦးခန့်ဝေဖြိုးဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပေါင်းစပ်နိုင်မှုနဲ့ မဟာဗျူဟာမြောက်ဟန်ချက်ညီ အရှိန်မြှင့်နိုင်ဖို့က အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
ဘီဘီစီက မေးမြန်းခဲ့တဲ့နိုင်ငံရေးစောင့်ကြည့်သူတွေကလည်း SCEF က ကဏ္ဍအစုံဟန်ချက်ညီ အကောင်အထည်ဖော်နေပေမဲ့ စစ်အောင်နိုင်ရေးကသာ အဓိကအဖြေပေးလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
SCEF နဲ့ နေပြည်တော် တဖက်စီက EROs တွေ
နေပြည်တော်အစိုးရဟာ သူ့ရဲ့ ရက် ၁၀၀ ကာလမှာ ငြိမ်းချမ်းရေးကို ဦးစားပေးမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အပစ်ရပ်စာချုပ်(NCA)လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေနဲ့ တဖွဲ့ချင်းတွေ့ပြီး ဆွေးနွေးနေပါတယ်။
ဇူလိုင် ၃၁ ရက်က ရက် ၁၀၀ ပြည့်ဖြစ်လို့ ဇူလိုင်လထဲ နေပြည်တော်မှာ EROs အဖွဲ့စုံ အဝင်အထွက် ခပ်စိပ်စိပ် တွေ့ခဲ့ရပါတယ်။ ဝ နဲ့ ကိုးကန့် အဖွဲ့တွေလည်း နေပြည်တော်လာဖို့ ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ SCEF ကလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်တာတွေကို ဆွေးနွေးတယ်ဆိုပြီး နိုင်ငံရေးအဖွဲ့တွေ သာမက EROs တွေနဲ့ပါ ဆက်တိုက် တွေ့နေပါတယ်။
အခု SCEF တွေ့ခဲ့တဲ့အဖွဲ့တွေကို ယေဘုယျအနေနဲ့ ၃ မျိုးခွဲနိုင်ပါတယ်။
- SCEF ရဲ့အဖွဲ့ဝင်အဖြစ်ပါဝင်လာနိုင်ခြေရှိတဲ့ အဖွဲ့အစည်းတွေ
- အဖွဲ့ဝင်မဟုတ်ဘဲ မဟာမိတ်အနေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေရှိတဲ့ အဖွဲ့အစည်းတွေနဲ့
- ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
EROs အစုအဖွဲ့မှာဆိုရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က SCEF အဖွဲ့ဝင်အဖြစ်ထက် ပူးပေါင်းလုပ်ဆောင်မယ့်သဘော ပိုတွေ့ရတယ်လို့ ဘီဘီစီမေးမြန်းခဲ့တဲ့ နိုင်ငံရေးစောင့်ကြည့်သူ ၃ ဦးက သုံးသပ်ပါတယ်။
"အေအေနဲ့ တွေ့တာက ကောင်းမွန်တဲ့အရွေ့ဖြစ်တယ်။ တပ်ပေါင်းစုထဲမဟုတ်ရင်တောင် တိုင်ပင် ညှိနှိုင်းဆောင်ရွက်လို့ရတဲ့အနေအထားပေါ့" လို့ လူငယ်နိုင်ငံရေးသုံးသပ်သူ ကိုသစ်လွင်က ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေးဦးဆောင်သူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲ စစ်တပ်နဲ့ အပစ်မရပ်သေးတာ အေအေ တစ်ဖွဲ့ပဲ ကျန်ပါတယ်။ စစ်တပ်ရဲ့ရက် ၁၀၀ ဆွေးနွေးမှုတွေထဲ တအောင်းတပ်(TNLA)က နေပြည်တော်ရောက်သွားခဲ့ပါပြီ။
ကိုးကန့်တပ် (MNDAA) လည်း နေပြည်တော်သွားဖို့ရှိနေတယ်လို့ သတင်းထွက်နေတာပါ။
SCEF ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ရေးမှာ အေအေသာ ပါဝင်လာခဲ့ရင် နိုင်ငံအနောက်ခြမ်းက ရခိုင်သာမက သူနဲ့နယ်နိမိတ်ထိစပ်တဲ့ ပဲခူး၊ ဧရာဝတီ၊ မကွေးတို့မှာပါ စစ်ရေးအရ စစ်တပ်ကို ပိုဖိအားပေးနိုင်လိမ့်မယ်လို့ ကိုသစ်လွင်က ဆက်ပြောပါတယ်။
"အေအေနဲ့ ပူးပေါင်းရေးက SCEF ရဲ့ လုပ်နိုင်စွမ်းအားပေါ် မူတည်တယ်" လို့ သူက သုံးသပ်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့သုံးနှစ်က စစ်တပ်ကိုစစ်ရေးရှုံးနိမ့်စေခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ နွေဦးတော်လှန်ရေးထဲပါဝင်မှုအခန်းကဏ္ဍပြောင်းသွားကြောင်း ပိုမြင်သာစေပါတယ်။
"တရုတ်နယ်စပ်၊ တရုတ်သြဇာလွှမ်းမိုးခံထားရတဲ့ EROs တွေရဲ့မြောက်ပိုင်းကဏ္ဍက ပြီးသွားပြီ။ ရှမ်းမြောက်ကို ထည့်တွေးလို့ မရတော့ဘူး။ ဒီကျန်တဲ့နယ်မြေတွေမှာ စုစည်းမှု တည်ဆောက်နိုင်ရင်လည်း စစ်တပ်ကို အားပြိုင်လို့ ရနိုင်တယ်" လို့ ဝါရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
"မွန်ပြည်သစ်နဲ့ ပအိုဝ်းလည်း SCEF နဲ့ဆွေးနွေးထဲပါတယ်လေ" လို့ သူက ထောက်ပြပါတယ်။
အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အပစ်ရပ် NCA လက်မှတ်ရေးထိုးထားကြပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရပ်တည်ချက်နှစ်ခြမ်းကွဲ ခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ကနေ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ (NMSP-AD) ဆိုပြီးခွဲထွက်ကာ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ခွဲထွက်အဖွဲ့ထဲ မပါတဲ့ MNSP ခေါင်းဆောင်တွေကတော့ စစ်တပ်ရဲ့ ရက် ၁၀၀ ကာလ နေပြည်တော်က ဆွေးနွေးပွဲတွေမှာ ဆက်ပြီး ပါ၀င်နေပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ကိုကြည့်ရင်လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင်ပုဂ္ဂိုလ်တချို့ PNLO ကနေ ထုတ်ပယ်ခံရပါတယ်။ နေပြည်တော်နဲ့ တောက်လျှောက်ဆက်ဆံနေခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက PNLO NCA-S အဖွဲ့ကို ဇွန် ၃၀ ရက်ကမှ တည်ထောင်ခဲ့ပါတယ်။
မွန်နဲ့ ပအိုဝ်းနှစ်ဖွဲ့စလုံးဟာ သူတို့ယုံကြည်ရာ တစ်ဖက်စီမှာ ခိုင်မာစွာရပ်တည်နေကြတာကို ဒီအခြေနေတွေက မီးမောင်းထိုးပြနေပါတယ်။
"ကျွန်တော်တို့ကတော့ SCEF မှာ ပါဝင်ဖို့ သဘောထားတော့ ချထားပြီးပြီ။ လုပ်ငန်းအရ ဆွေးနွေး ညှိနှိုင်းနေရတုန်းပဲ" လို့ NMSP-AD ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောပါတယ်။
ဒါဟာ တော်လှန်ရေးတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မယ့်ဦးဆောင်မှု တစ်ရပ်ပေါ်ပေါက်လာဖို့ SCEF က ကမကထလုပ်တဲ့သဘောလို့ ပါဝင်ဆွေးနွေးခဲ့တဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။
"စစ်တပ်နဲ့ဆွေးနွေးရေးက အဓိကမကျသေးဘူး။ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားမှာ ဆွေးနွေးနိုင်ရေးက အင်မတန်အရေးကြီးတယ်။ အဲဒီအခြေခံအရ တွေ့တာဖြစ်တယ်" လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒါအပြင် NUG ကွပ်ကဲမှုအောက်မှာမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေစုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကလည်း SCEF နဲ့ တွေ့ဆုံခဲ့ပါတယ်။
"သူတို့က SRA ကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုပါ၀င်ခွင့်ပေးမလဲဆိုတာ ရှင်းလင်းတိကျတဲ့ အဖြေမရသေးပါဘူး။ ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ လိုဦးမယ်" လို့ SRA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
SRA သာမက SCEF နဲ့တွေ့ဆုံခဲ့တဲ့အစုအဖွဲ့တွေအတွက် ပိုရှင်းလင်းဖို့ နောက်ထပ်ဆွေးနွေးရေးလုပ်ဖို့ လိုအပ်နေဆဲလို့ ဘီဘီစီကို ပြောကြပါတယ်။
SCEF ရဲ့ မဟာဗျူဟာ တစ်ရပ်တည်းက အလုပ်ဖြစ်မလား
မြန်မာက တော်လှန်ရေးအဖွဲ့တွေကြား စုဖွဲ့နိုင်မှုက အခုချိန်မှာ အကောင်းဆုံးအခြေအနေရှိနေတယ်လို့ ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
"အရင်အချိန်တွေ ပြန်ကြည့်ရင် စုဖွဲ့မှုတွေရှိခဲ့ပေမဲ့ အချိန်မကြာပဲ ပျောက်သွားကြတယ်။ အခုက SCEF က တော်လှန်ရေးရဲ့ခေါင်းကိုင်ဖြစ်လာပြီ" လို့ သူ့အမြင်ကို ပြောပါတယ်။
SCEF ထဲ အချင်းချင်းယုံကြည်မှု ဆက်ထိန်းဖို့၊ နောက်ထပ်အဖွဲ့တွေ ပါဝင်လာနိုင်ဖို့ အရေးကြီးတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
SCEF ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို မူဝါဒ တစ်ရပ်တည်း၊ မဟာဗျူဟာ တစ်ရပ်တည်း(One Policy, One Strategy) မူဝါဒနဲ့ ကျင့်သုံးမယ်ဆိုတာကပဲ အဓိက စိန်ခေါ်ချက်ဖြစ်စေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြပါတယ်။
"ဒီမူဝါဒအတွက် အများကြီး ရုန်းကန်ရဖို့ရှိတယ်။ အများသဘောတူညီနိုင်တဲ့မူဝါဒ တစ်ခုချမှတ်ရမယ်။ ဒါမှ ဒီထက်ပိုအလုပ်ဖြစ်မယ်" လို့ နိုင်ငံရေးစောင့်ကြည့်သူ ကိုသစ်လွင်က ပြောပါတယ်။
SCEF အပေါ် မေးခွန်းတွေက ရှိနေဆဲပါ။ ဖက်ဒရယ်ယူနစ်တွေဆိုရင် NUG အစိုးရအောက်မှာ ရှိမှာလား၊ SCEF အောက်လား ဆိုတဲ့မေးခွန်းရှိကြောင်း ဘီဘီစီစကားပြောခွင့်ရသူတွေက ပြောကြပါတယ်။
ဒါပေမဲ့ ယူနစ်တွေဘက်ကတော့ အချုပ်အခြာအာဏာကို မျှဝေသုံးစွဲတဲ့ (Shared Sovereignty) ဖက်ဒရယ်မူဘောင်အတိုင်း အားလုံးပူးပေါင်းပါဝင်တဲ့စနစ်သွားမှာလို့ တုံ့ပြန်ကြပါတယ်။
"NUG က ပြည်ထောင်စုအစိုးရအဖြစ်၊ SCEF က နိုင်ငံရေး၊ စစ်ရေးနဲ့ ဖက်ဒရယ်ရေးရာတွေကို စုပေါင်းညှိနှိုင်းဦးဆောင်မယ့်မဏ္ဍိုင်အဖြစ် အခန်းကဏ္ဍအလိုက် အပြန်အလှန် ဖြည့်ဆည်း သွားကြမှာပါ" လို့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ပြောပါတယ်။
ဒါအပြင် တော်လှန်ရေးအင်အားစု ၇ ခုရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (CPA) မူကြမ်းလည်း ဇူလိုင် ၃၀ ရက်မှာ ထွက်လာတာကြောင့် SCEF ရဲ့ မူဝါဒနဲ့ဘယ်လိုချိတ်ဆက် ညှိနှိုင်းမှာလဲဆိုတဲ့မေးခွန်းလည်း ထပ်ရှိနေပါတယ်။
အဲဒီမူကြမ်းကို SCEF ထဲပါတဲ့ NUG နဲ့ CRPH က သဘောတူ လက်မှတ်ရေးထိုးပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ(SFUIG)၊ မန္တလေးဒေသလွှတ်တော်(MRH) နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) တို့လည်း လက်မှတ်ထိုးပါတယ်။
အားလုံးပါဝင်တဲ့နိုင်ငံရေးသဘောတူညီချက်ဖြစ်လာဖို့ ဆက်လုပ်သွားရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ထိုးပွဲမှာ ပြောပါတယ်။
ဒီမူကြမ်းဟာ SCEF သွားလိုတဲ့ One Policy, One Strategy မူဝါဒနဲ့ချိတ်ဆက်မှုရှိမလား၊ ဘယ်လိုသွားမလဲဆိုတာက မရှင်းလင်းနေပါဘူး။
"ဘုံသဘောတူညီချက်ရရေးက အမြဲတမ်းအတွက် အရေးကြီးတယ်၊ အချိန်ဖိအားက အရေးကြီးတယ်" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးတွေရှိနေပါတယ်။ ကုလသမဂ္ဂစင်မြင့်မှာလည်း မြန်မာကို ကိုယ်စားပြုမယ့် အမြဲတမ်းကိုယ်စားလှယ်နေရာမှာ NUG အစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထား၊ မထားကို စိစစ်ရေးကော်မတီက အဆုံးအဖြတ်ပေး ဖို့ရှိနေပါတယ်။
နေပြည်တော်ကလည်း နိုင်ငံတကာ စင်မြင့်ထက် လှမ်းနိုင်ရင် ကြိုးစားနေတာကြောင့် ၂၀၂၆ နှစ်ကုန်ပိုင်းက ပြည်တွင်းနိုင်ငံရေးအပြင် သံတမန်ရေးမှာပါ အားပြိုင်မှုပိုရှိနိုင်မယ်လို့ အကဲခတ်တွေက စောင့်ကြည့်နေကြတာပါ။
ရက် ၆၀ အလွန် ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ SCEF ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးကို ဘီဘီစီက မေးမြန်းထားပေမဲ့ ဇူလိုင် ၃၀ ရက်အထိ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။