ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၇ ရက် ထိပ်တန်းသတင်းများ - လောက်ကိုင်ကထွက်လာသူတွေ လမ်းမှာပိတ်မိနေ
ဒီနေ့ နိုဝင်ဘာ ၇ ရက်မှာ လောက်ကိုင်မြို့ကနေ လားရှိုးကို ပြန်ထွက်နိုင်ဖို့ကြိုးစားတဲ့ဒေသခံတွေအများစုရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက လောက်ကိုင်ကနေ ထွက်လာသူတွေလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ကျေးရွာ အကျော်မှာ ပိတ်မိနေကြတယ်လို့ ပြန်ဖို့ကြိုးစားနေသူအချို့နဲ့ ယာဥ်မောင်းတွေကပြောပါတယ်။
တောလမ်းတွေနဲ့ ကြံခင်းတွေထဲကနေ ဆိုင်ကယ်နဲ့ထွက်လာသူတွေနဲ့ အပါအဝင် ကားအစီးရေပေါင်း ၂၀၀ နဲ့ ၃၀၀ ကြားပိတ်မိနေပြီး လူဦးရေကလည်း ၅၀၀ လောက်ရှိတယ်လို့ လားရှိုးပြန်ဖို့ ကြိုးစားရင်းလမ်းမှာပိတ်မိနေသူတစ်ဦးကပြောပါတယ်။
“လောက်ကိုင်အထွက်က ပါဆင်ကျော်မှာပိတ်မိနေကြတာ၊မြောင်းဖောက်ပြီးလမ်းပိတ်ထားတာရှေ့ဆက်သွားလို့မရဘူး။ကားတွေရောဆိုင်ကယ်တွေရာအကုန်ပဲပိတ်မိနေကြတာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ပိတ်မိနေသူတွေအတွက် စားသောက်စရာ နဲ့ရေမရှိသလောက် ဖြစ်လာတာကြောင့် ရှေ့ဆက်သွားလို့မရတာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေမလာရင် ရေရှည်ပိတ်မိနေရင် အခက်အခဲရှိလာမယ်လို့ပြောကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က လူရာနဲ့ချီ လောက်ကိုင်မြို့ကနေ ခြေလျင်လျှောက်ပြီး ပြန်လာကြတယ်ဆိုပြီး ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အမှားတစ်ခုကြောင့် လောက်ကိုင်ထဲပိတ်မိနေသူတွေ အုပ်စုလိုက်ခွဲပြီး ပြန်ကြရာကနေ အခုလို ပိတ်မိနေကြတာ ဖြစ်တယ်လို့သိရပါတယ်။
ဒါပေမဲ့တစ်ဖက်မှာလည်း ကျပ် သိန်းချီပေးရပြီး လောက်ကိုင် - နမ့်တစ် - ပန်ဆန်း - တန့်ယန်းလမ်းကနေ လားရှိုးကိုပြန်ကြတာရှိပေမဲ့ ခရီးလမ်းရက်ရှည်သလို လူတိုင်းပြန်လို့မရတာမျိုးလည်းရှိတယ်လို့ အဲဒီလမ်းပိုင်းကနေ ပြန်ကြသူတွေကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အောက်တိုဘာ ၂၇ ရက်ကတည်းက လားရှိုး၊ ချင်းရွှေဟော်နဲ့ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမတွေကို အရေးပေါ် ပိတ်ဆို့လိုက်ကြောင်း ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကြေညာထားပြီး ဖြတ်သန်းခွင့်ပြုမှာမဟုတ်ကြောင်းပြောထားတာပါ။
လောက်ကိုင်မှာ ဆန်ရဖို့ တိုးကြိတ်ဝယ်ယူရင်း ထိခိုက်ဒဏ်ရာရသူအချို့ရှိ
ဒီနေ့ နိုဝင်ဘာ ၇ ရက်မှာ လောက်ကိုင်မြို့ ဗမာတန်းနားရှိ တရုတ်ကျောင်းမှာ ဆန်တစ်အိတ်ကို ယွမ် ၂၀၀ နှုန်းနဲ့ ရောင်းချပေးခဲ့လို့ အလုအယက်ဝယ်ကြပြီး လူပိတာတွေအထိဖြစ်ခဲ့တယ်လို့ လောက်ကိုင်ဒေသခံအချို့ကပြောပါတယ်။
လူတစ်ယောက်ကို ဆန်တစ်အိတ်နှုန်းနဲ့ ရောင်းချပေးမယ်ဆိုတဲ့အတွက် ဒီကနေ့မနက်အစောပိုင်းကတည်းကတန်းစီစောင့်ဆိုင်းသူတွေအများအပြားရှိခဲ့ပြီး ဆန်ရောင်းပေးဖို့တံခါးဖွင့်လိုက်ချိန်မှာ လူအုပ်ကတိုးကြိတ်လုဝင်ပြီး လူပိတာတွေအထိဖြစ်ခဲ့ပြီးထိခိုင်ဒဏ်ရာရကြတာလည်းရှိတယ်လို့ဆိုပါတယ်။
ဘီဘီစီကရရှိထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ဆန်ရောင်းချမယ်ဆိုတဲ့ ကျောင်းအတွင်းမှာဆန်ဝယ်ဖို့တန်းစီစောင့်ဆိုင်းနေတဲ့ ရာနဲ့ချီတဲ့လူအုပ်ကြီးကနေ ထောင်ဂဏန်းအထိလူအုပ်ကြီးဖြစ်လာပြီး တိုးကြိတ်ဝယ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။
“ နည်းတဲ့လူအုပ်ကြီးမဟုတ်တာ၊မတိုးနိုင်လို့မရခဲ့ဘူး။ကားကတစ်စီးပဲလာရောင်းပေးတာ။ဝယ်ဖို့လူကများပြီး တိုးကြိတ်နေတာပဲ။ဆန်မရတဲ့သူကများတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲတွေနဲ့လမ်းပိတ်ဆို့ထားမှုတွေကြောင့် လောက်ကိုင်မြို့ကို ပြည်မကနေ ဆန်တင်ပို့လို့မရတော့တဲ့နောက် ဆန်စျေး အဆမတန်တက်နေသလို ရောင်းချမယ့်သူလည်းမရှိတာကြောင့် အများစုက ခေါက်ဆွဲခြောက်တွေနဲ့သာ စားသောက်ရေးဖြေရှင်းနေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း တရုတ်ဘက်က ၁၂ ဘီးကားတစ်စီးနဲ့ ဆန်တစ်အိတ်ကို ယွမ် ၂၅၀ နဲ့ လာရောင်းခဲ့ပြီး အဲဒီတုန်းကလည်းတိုးကြိတ်ဝယ်ယူခဲ့ကြတာပါ။ လက်ရှိ လောက်ကိုင်မှာ ပိတ်မိနေသူ သောင်းနဲ့ချီ ရှိနေပြီး နေရပ်ပြန်သူတွေလည်း လမ်းမှာ ပိတ်မိနေကြတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
မုံးကိုး တိုက်ပွဲမှာ တပ်မမှူး တစ်ဦး သေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း)က မုံးကိုးတိုက်ပွဲမှာ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် နိုဝင်ဘာ ၆ ရက်က သေဆုံးသွားတယ်လို့ ဘီဘီစီရဲ့ စစ်ဘက်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သုံးရက်ဆက်တိုက် ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း ဗျူဟာကုန်းမှာရှိနေတဲ့ တပ်မမှူးဟာ ဒရုန်းနဲ့ ချတဲ့ ဗုံး ထိမှန်သေဆုံးတာလို့ ဘီဘီစီရဲ့ အရင်းအမြစ်က ပြောပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၄၁) ဆင်း ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးမှုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က ရာထူးကြီး သူတစ်ဦး ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။
တပ်မမှူးရာထူးဟာ တိုင်းမှူးပြီးရင် အရေးပါတဲ့ ရာထူးတစ်ခု ဖြစ်ပြီး တိုင်းမှူးအများစုဟာ တပ်မမှူးတွေ ထဲကနေ တိုးမြှင့်ခန့်ထားခံကြရတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ ဗျူဟာကုန်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ တခြားအရာရှိတချို့ပါ သေဆုံးတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေဘက်ကတော့ “ပန်လုံဗျူဟာကုန်း” ကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေက အဓိကဦးဆောင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရတဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပန်လုံဗျူဟာကုန်း မှာ တပ်မမှူးသေဆုံးတဲ့ သတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။
မုံးကိုးနယ်မြေဟာ ကိုးကန့်တပ် MNDAA ရဲ့ တပ်မဟာ(၁) နယ်မြေထဲမှာပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)က တပ်စခန်းပေါင်း ရာဂဏန်းအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ မဟာမိတ်တွေက ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့ပေါ် စစ်ကောင်စီစခန်းတွေကို TNLA ဆက်တိုက် သိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း စခန်းချနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မနက်မှာပဲ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ် TNLA က တိုက်ခိုက်ပြီးလက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီရဲ့ သေနတ် ၁၈ လက်၊ ပစ္စတို ၁ လက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရခဲ့တယ်လို့ ဓာတ်ပုံနဲ့ တကွ ဖော်ပြပါတယ်။
မနေ့ နိုဝင်ဘာ ၆ ရက်ညပိုင်းကစပြီး နမ့်ခမ်းမြို့လယ်ဘုရားဝန်းက စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေကို စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြပါတယ်။
ဒါအပြင် နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း နမ့်ခမ်းမြို့ပေါ် ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ထုတ်ပြောထားသလို နမ့်ခမ်းမြို့နယ်အပိုင် မိုင်းစီးရွာ၊ မန်ပူးကြီးရွာ စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ နမ့်ခမ်းမြို့ပေါ်က ဒေသခံအများစု နီးစပ်ရာကို တိမ်းရှောင်နေကြရပြီး စစ်ရှောင်အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။