ယူကရိန်းစစ်ပွဲ - အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့ ဗျူဟာ ဘာကြောင့် မအောင်မြင်တာလဲ

ရေးသားခဲ့သည်။

ပေါလ် အဒမ်

နိုင်ငံတကာရေးရာ သတင်းထောက်

တလလောက်နီးပါးကာလအတွင်း ယူကရိန်းက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး ရုရှားက တိုက်ခိုက်နေရာမှာ ဒီအခါက ပထမဆုံးအကြိမ် တချိန်တည်းလိုလိုမှာ တိုက်ခိုက်မှုကြီး အများအပြားကို လုပ်ခဲ့တာပါ။

မနှစ်က အောက်တိုဘာလ အစပိုင်းမှာ စွမ်းအင်ပိုင်းဆိုင်ရာနေရာတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး အချိန်အတော်ကြာ ရပ်ဆိုင်းသွားကာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဒီလို တိုက်ခိုက်တာတွေ ပြန်ကျော့ဖြစ်လာပါတယ်။

ရုရှားက အင်အားအများအပြားသုံးပြီး ကျူးကျော်တဲ့ ပထမ နှစ်ပတ်လည်ကာလ ဖေ‌ဖော်ဝါရီလ ၂၄ ရက်မှာ မှန်းထားကြတဲ့အတိုင်း တိုက်ခိုက်မှုလှိုင်းတခု လာခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

ရုရှားတွေက ယူကရိန်းတို့ရဲ့ အခြေခံအဆောက်အဦတွေကို ကြိုကြားကြိုကြားသာ တိုက်ခိုက်နိုင်တော့တာကလည်း သိသာပါတယ်။

ဒါက ဘာကိုပြသလဲဆိုရင် ဒီလို တိုက်ခိုက်မှုမျိုးတွေ လုပ်နိုင်တဲ့ မစ်ဇိုင်းလို ပစ်မှတ်ကို အတိအကျချိန်ပစ်လို့ရတဲ့ လက်နက်မျိုးတွေ ရုရှားဘက်မှာ ရှားပါးလာတာကို ပြတာ လို့ အနောက်နိုင်ငံက အရာရှိတွေက ယုံကြည်ထားပါတယ်။

“သူတို့ အစုလိုက် တိုက်ခိုက်တာမျိုး တခု မလုပ်ခင် အဲဒီအတွက် လိုအပ်တဲ့ တိတိကျကျ ချိန်ပစ်နိုင်တဲ့ လက်နက်တွေ အရေအတွက် ပြည့်မီဖို့ အချိန်အတော်ကြာစောင့်ရပုံရတယ်” လို့ ဒီသီတင်းပတ်အတွင်း အရာရှိတယောက်က သုံးသပ်ပြောပါတယ်။

ယူကရိန်း စစ်တပ်ဘက်ကလည်း မစ်ဇိုင်းတွေ၊ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ အရည်အသွေး အတော်ပြည့်နေပါပြီ။

၇၀ ရာခိုင်နှုန်းသော ခရုဇ်မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ဒရုန်း အရေအတွက် တဝက် အပါအဝင် ဒီနေ့မှာ ပစ်လာတဲ့ လက်နက်တွေ အတော်များများကို ကြားဖြတ် ပစ်ချလိုက်နိုင်တယ် လို့ အစပျိုးရလာတဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗဲလ်လာရီ ဇလုညီရဲ့ အဆိုအရ နောက်ထပ် မစ်ဇိုင်း ၈ လုံးကိုလည်း ကြားဖြတ်ပစ်ချနိုင်ကြောင်း သိရပြီး “စုစည်းစနစ်ကျတဲ့ တန်ပြန်ဆောင်ရွက်မှု” လို့လည်း သူက ဆိုပါတယ်။

နိုင်ငံအနှံ့ကထွက်လာတဲ့ သတင်းတွေကို ကြည့်ရင်လည်း ဒီလို တိုက်ခိုက်တာတွေ၊ ကြားဖြတ် ပစ်ချနိုင်တာတွေကို တွေ့ရပါတယ်။

Kh-22 လို သင်္ဘောပစ်တဲ့ တာဝေးပစ် မစ်ဇိုင်းတွေလို ဒုံးကျည်တွေက အမြင့်ကြီးက ကျလာပြီး ပစ်မှတ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားအောင် ပစ်လို့ ရနိုင်တာမို့ ကြားဖြတ် ဖျက်ဆီးဖို့ ခက်ခဲတတ် ပါတယ်။

မြေပြင်ပေါ်က ပစ်မှတ်ကို ပစ်ဖို့ မဟုတ်ဘဲ တိုက်လေယာဉ်တွေကို ပစ်ဖို့ လုပ်ထားတဲ့ S-300 လို မစ်ဇိုင်းတွေကိုလည်း ပြီးခဲ့တဲ့ ၆ လအတွင်း ရုရှားတို့က တိုးပြီး သုံးလာတာကို တွေ့ရပါတယ်။

စစ်ရေးသုံးသပ်သူတွေက နောက်ဆုံးရ သတင်းအချက်အလက်တွေကို ဆန်းစစ်ပြီး ရုရှားတွေ ရွေးချယ်တဲ့ လက်နက်အမျိုးအစားက ဘာလဲ၊ သူတို့ရဲ့ နည်းဗျူဟာနဲ့ ဒုံးကျည် အရေအတွက် ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို မှန်းကြမှာပါ။

ဒီနေ့ တိုက်ခိုက်မှုတွေ မတိုင်မီ လေ့လာသူတွေက ရုရှားဟာ အလုပ်မဖြစ်တဲ့ နည်းဗျူဟာကို ဆက်လုပ်ပါ့မလား ဆိုတာကို သံသယ ဝင်ခဲ့ဖူးကြပါတယ်။

ပြီးခဲ့တဲ့ ၆ လ အတွင်း ယူကရိန်းက ပင်မလျှပ်စစ် ဓာတ်အားလိုင်းတွေ အကြီးအမား ထိခိုက်ခဲ့ပေမဲ့ နိုင်ငံသူ နိုင်ငံသားတွေက အရှုံးမပေးခဲ့ပါဘူး။ ယူကရိန်းတွေက လျှပ်စစ်မီးမရတာ၊ နေထိုင်ရ အဆင်မပြေတာ၊ အန္တရာယ် ကြုံရတာ စတာတွေ နဲ့ နေသားကျနေပါပြီ။

နိုင်ငံတလွှားမှာ ထရန်စဖော်မာတွေ၊ စွမ်းအင်ဆိုင်ရာ အရေးကြီး နေရာတွေ အများအပြား ဆုံးရှုံးသွားပေမယ့် လျှပ်စစ်ဓာတ်အား ပြန်ရ‌အောင် ယူကရိန်း အင်ဂျင်နီယာတွေက အောင်အောင်မြင်မြင် လုပ်နိုင်ကြပါတယ်။

ကိယက်ဗ်နဲ့ တခြားမြို့တွေမှာ လမ်းမီးတွေ ပြန်လာနေပြီး လမ်းသွားလမ်းလာတွေ အရင်က သူတို့ မိုဘိုင်းဖုန်းက မီးလေးတွေ ထွန်းပြီး သွားနေရရာကနေ ပြန်အဆင်ပြေ လာပါပြီ။

ဒါပေမယ့် အခြေအနေတွေက အန္တရာယ်များဆဲဖြစ်ပြီး ရုရှားတွေက အဖျက်အဆီး အကြီးအမားလုပ်ဦးမှာလို့ ယူကရိန်း အရာရှိတွေက သိထားပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ သူတို့အဲဒီလို ဆက်လုပ်နိုင်မှာပါလဲ ဆိုတဲ့ အမေးကလည်း ထွက်ပေါ်နေပါတယ်။