ဇန်နဝါရီ ၂၅ ရက် ထိပ်တန်းရောက်သတင်းများ-ဂန့်ဂေါမှာ Non CDM ဝန်ထမ်း ၁၈ ဦး အလင်းဝင်လာတယ်လို့ ဂန့်ဂေါပအဖ ထုတ်ပြန်

ရေးသားခဲ့သည်။

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာ အသက် ငါးဆယ်ကျော်အရွယ်ဇနီးမောင်နှံ နှစ်ဦးပစ်ခတ်ခံရလို့ သေဆုံး

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ နှစ်လမ်းသွယ်(၂) ထိပ်မှာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မနက် ၈ နာရီခွဲခန့်က အသက် ငါးဆယ်ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရလို့သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ မရမ်းကုန်း ၁ ရပ်ကွက်မှာနေထိုင်ကြတဲ့ ဦးကျော်မင်းသန်းနဲ့ ဒေါ်နော်စောမွန်မြတ်တို့ဖြစ်ကြပြီး ဒီနေ့မနက်မှာ နှစ်လမ်းသွယ် (၂) ထိပ်ရှိ လဘက်ရည်ဆိုင်ကနေ အထွက်မှာ ပစ်ခတ်ခံရပြီးနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူ ဦးကျော်မင်းသန်းဟာ အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦးလို့ ဖော်ပြမှုတွေရှိနေပြီး ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်သေးသလို ဆက်လက်မေးမြန်းစုံစမ်းနေပါတယ်။

၄င်းတို့ဇနီးမောင်နှံဟာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ကြသူတွေဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးတဝိုက်မှာလည်း အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းတွေကိုတွေ့ရှိရတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

မနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နောက် အနီးတဝိုက် စစ်ကောင်စီတပ်တွေက စစ်ဆေးမှုတွေရှိခဲ့ပြီး လက်ရှိ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာတော့ပုံမှန်အခြေအနေတိုင်းသာရှိတယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူ ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ မင်္ဂလာဒုံက ခုတင်တစ်ထောင် စစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း မြောက်ဒဂုံမြိုန့ယ် တပင်ရွှေထီးလမ်းမှာ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး စျေးဝယ်နေစဥ် ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

ရန်ကုန်မှာတစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုနှစ်ခုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ ထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူး။

မြန်မာသင်္ဘောသားတွေပါတဲ့ ကုန်တင်သင်္ဘော နစ်မြုပ်

မြန်မာသင်္ဘောသား ၈ ဦးနဲ့ တရုတ်နိုင်ငံသား ၁၄ ဦး ပါဝင်တဲ့ ကုန်တင်သင်္ဘောတစ်စင်း ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ် ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။

အင်္ဂါညပိုင်းက နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က သင်္ဘောသားတွေအနက် နှစ်ဦး သေဆုံးသွားပြီး ကိုးဦး ပျောက်ဆုံးနေသေးတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ကယ်ဆယ်ထားသူတွေက ဘယ်သူဘယ်ဝါတွေစတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

ကယ်ဆယ်ထားသူတွေထဲက ခြောက်ဦးကတော့ သတိလစ်နေဆဲ ဖြစ်ပြီး ငါးဦးကတော့ ဒေသစံတော်ချိန် ည ၈ နာရီခွဲမှာ ပြန်သတိရလာပြီလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ဖို့ လေယာဉ်တစ်စင်း နဲ့ သင်္ဘောနှစ်စင်းလည်း စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းက လူမနေတဲ့ ဒန်ဂျိုး ကျွန်းတွေရဲ့ အနောက်ပိုင်း ၆၅ မိုင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။

ကျင်းထျန်းလို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ တန်ချိန် ၆၆၅၁ ရှိတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။

သင်္ဘောဘာကြောင့် နစ်မြုပ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ညောင်ရွှေတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အင်းလေး ပီဒီအက်ဖ် တပ်ဖွဲ့ဝင်လေးဦး နာရေး ပြုလုပ်

အခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်နဲ့ ဘုရားနီရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေကတစ်ဘက်၊ စစ်ကောင်စီနဲ့ ပအိုဝ်း ပြည်သူ့စစ်တို့တစ်ဘက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အင်းလေးပီဒီအက်ဖ် ၁၀၀၉ တပ်ရင်းက တပ်ရင်းမှူးအပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း အဲဒီတပ်ဖွဲ့က မနေ့ ဇန်နဝါရီ ၂၄ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲမှာ 1009 တပ်ရင်း ( I.P.D.F) က တပ်ရင်းမှူး၊ သင်တန်းမှူး၊ တပ်စိတ်မှူးနဲ့ (၁၀၀၇) တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ ) မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ကြောင်းနဲ့2022 ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း အင်းသားပျူစောထီးတွေက 1009 တပ်ရင်း (I.P.D.F) က ရဲဘော်ကတုံးကို ရက်စက်စွာသတ်ဖြတ်ခဲ့လို့ ကျဆုံးခဲ့ရကြောင်းနဲ့ ရဲဘော်တချို့လည်းဖမ်းဆီးခံရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပအို့ဝ်ပြည်သူ့စစ်ဘက်က ၃၀ ကျော် သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပြီး ဒီအချက်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

ဂန့်ဂေါမှာ Non CDM ဝန်ထမ်း ၁၈ ဦး အလင်းဝင်လာတယ်လို့ ဂန့်ဂေါပအဖ ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေတဲ့ပညာရေးဝန်ထမ်း ၁၇ ဦးနဲ့ ထွေအုပ်စာရေးဝန်ထမ်း ၁ ဦး စုစုပေါင်း ၁၈ ဦးဟာ စစ်ကောင်စီအောက်မှာ တာဝန်ဆက်လက်မထမ်းဆောင်လိုတော့တဲ့အတွက် အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြိုန့ယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။ "ဇန်နဝါရီ ၁၅ ရက်နေ့က အလင်းဝင်လာတာပါ။ ဒေသတွင်းမှာ သူတို့လုံခြုံရေးအတွက်အကာအကွယ်ကိုလည်း တခြားပြည်သူတွေရတဲ့အတိုင်းရရှိမှာပါ။ ကျွန်တော်တို့ ဂန့်ဂေါမြို့နယ် ပအဖ က NUG ရဲ့မူဝါဒ ညွှန်ကြားချက်တွေအတိုင်း အမြဲလိုက်နာဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း အဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်နေပါတယ်"လို့ ဒီဝန်ထမ်းတွေနဲ့ပတ်သက်လို့ ဂန့်ဂေါပအဖ အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဂန့်ဂေါမှာ ၂၀၂၂ ကနေ ၂၀၂၃ ခုနှစ်အတွင်း Non CDM ကနေ အလင်းဝင်လာသူ ၂၀ ကျော် ၃၀ ဝန်းကျင်ရှိပြီး စိစစ်ဆဲဖြစ်လို့ အတိအကျကိုမသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ဂန့်ဂေါပအဖက လုံးဝလက်မခံကြောင်းနဲ့ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီရဲ့လူဦးရေစာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်မှုမရှိဖို့နဲ့ ပါဝင်ကူညီတဲ့သူတွေကို ပြင်းထန်စွာအရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီ နဲ့ Lion Battalion Commando - ဗျူဟာစစ်ကြောင်း အကြားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ အဲဒီဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

Lion Battalion Commando - ဗျူဟာစစ်ကြောင်း နဲ့ ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တစ်ဘက် စစ်ကောင်စီက တစ်ဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရော Mi 35 ရဟတ်ယာဥ် တွေနဲ့ပါ စစ်ကူပေးနေတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ကျုံဒိုးမြို့အနီး ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိတဲ့ကျေးရွာတွေမှာ လက်နက်ကြီးကျလို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး ဒေသခံတွေတိမ်းရှောင်နေရ တယ်လို့ ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်လာပါတယ်။

ကော့သူးလေတပ် ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando - ဗျူဟာစစ်ကြောင်းဟာ မြို့ပြတိုက်ပွဲတွေကို ဖော်ဆောင်နေတဲ့ စစ်ကြောင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ကနေ စတင်တဲ့တိုက်ပွဲတွေဟာ တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာတာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကကျဆုံးသူ (၄၀)ဦး နဲ့ အထက်ရှိတယ်လို့ Lion Battalion Commando က ထုတ်ပြန်ထားပြီး ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ KNDO တပ်ရင်း(၆)နဲ့ PDF က ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့က မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကလွဲလို့ ကော့ကရိတ်ကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်နဲ့ ဘာတစ်ခုမှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ NLD ပြော

စစ်ကောင်စီကကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အဲဒီကော်မရှင်နဲ့ ဘာတစ်ခုမှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ဘီဘီစီကိုပြောပါတယ်။

"တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီးတော့ ရာဇဝတ်မှုတွေကိုကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုဆိုတာဟာ ဘာတစ်ခုမှ တရားဝင်မှုမရှိတာကြောင့် သူတို့ကျင်းပမယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်နေမှာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့ပုဂ္ဂိုလ်မှန်သမျှကိုလည်း စစ်ကောင်စီရဲ့ကျုးလွန်မှုမှာ အားပေးကူညီသူများအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီးပြောကြမယ်ဆိုရင် ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာပဲဖြစ်ဖြစ် မဲမသမာမှုရှိတာပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းပြီးဆောင်ရွက်ရမယ့်လုပ်ငန်းစဥ်အဆင့်ဆင့် ရှိပြီးသားလို့ ဦးကျော်ထွေးက ဆက်ပြောပါတယ်။

 "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်သည်အတည်ဖြစ်ရမယ်လို့ လည်း ပြဋ္ဌာန်းပြီးသားပါ။ ဒါကိုချိုးဖောက်ပြီးတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖမ်းတယ်။ ဒုသမ္မတကို ယာယီသမ္မတ လုပ်ခိုင်းတယ်။ ကာလုံခေါ်ခိုင်းတယ်။ အရေးပေါ်အခြေအနေကြေညာပြီးတော့ ကာချုပ်က အာဏာကို လုယူတယ်။ အဲဒီမှာ ပုဒ်မ ၂၁၅ အရလည်း နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးတွင်မှ ဖြေရှင်းရန် တာဝန်မရှိစေရလို့ ပါရှိထားတာကို ချိုးဖောက်ပြီးတော့ ဖမ်းပြီးထောင်ချပစ်တယ်။ နောက်ယာယီသမ္မတရဲ့လုပ်ပိုင်ခွင့်မှာ ကာလုံကို ခေါ်ခွင့်မရှိပါဘူး။ သူ့အလုပ်က သမ္မတ နေရာလစ်လပ်သွားရင် ပြည်ထောင်စုလွှတ်တော်နာယကကို သမ္မတရွေးချယ်ပေးဖို့ အကြောင်းကြားရုံပဲဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းကလည်း ၇ ရက်ကနေ ၂၁ ရက်ပဲရှိတာပါ။ ဒါ့အပြင် ပုဒ်မ ၃၉၉ (ဃ) အရ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်တာက ရွေးကောက်ပွဲကော်မရှင်ပဲဖြစ်တယ်။ အဲဒီကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးခွင့်ရှိတာက ပုဒ်မ ၃၉၈ (ဃ) အရ နိုင်ငံတော်သမ္မတ ပဲဖြစ်ပါတယ်။ သူတို့(စစ်ကောင်စီ) ညွှန်းဆိုပြီးပြောပြောနေတဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌားချက် အခန်း ၁၁ ပုဒ်မ ၄၁၀ ကနေ ပုဒ်မ ၄၃၂ အထိထဲမှာတောင် ကာချုပ်ဆိုသူက ရွေးကောက်ပွဲကော်မရှင်အသစ်ကို ခန့်အပ်ပိုင်ခွင့်တစက်မှမရှိပါဘူး။ ဒါကြောင့် ရှိနေတဲ့ကော်မရှင်ကိုဖျက်သိမ်းပြီးတော့အသစ်ခန့်တာ ဥပဒေနဲ့လည်းမညီပါဘူး။ ဒါကြောင့်မို့လို့ အဲဒီကော်မရှင်က ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကလည်းတရားဝင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်မှုဆောင်ရွက်မှုမှန်သမျှ တစ်ခုမှ အသိအမှတ်မပြုဘူး၊ ပူးပေါင်းဆောင်ရွက်တာလည်း လုံးဝလုပ်မှာမဟုတ်ပါဘူး"လို့ ဦးကျော်ထွေးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ တော်လှန်ရေးအင်အားစုတွေရော တိုင်းရင်းသားလက်နက်ကိုင်တွေကပါ ကန့်ကွက်နေပေမဲ့ ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ စစ်ကောင်စီနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇန်နဝါရီ ၂၃ ရက်ကနေပြည်တော်မှာ ဆွေးနွေးခဲ့ကြပြီး မည်သို့သောအခြေအနေမှာရှိနေပါစေရွေးကောက်ပွဲကိုအကြားအလပ်မရှိ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

ဝက်လက်ကမူးကြီးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး PDF အဖွဲ့ဝင် တချို့ သေဆုံးတယ်လို့ဒေသခံတွေပြော

စစ်ကိုင်းတိုင်း၊ဝက်လက်က မူးကြီးရွာကို စစ်ကြောင်းထိုးတဲ့စစ်တပ် နဲ့ ထိတွေ့မှုဖြစ်ပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မနက်က ဖြစ်သွားတဲ့ ဒီဖြစ်စဥ်မှာ နောက်ထပ် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာရပြီး ၃ ဦး ပျောက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း ပင်းဇင်းရွာမှာ စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေထံကသိရပါတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်းက မူးကြီး၊ပင်းဇင်း၊ခေါတောနဲ့ မကျည်းတုန် အပါအဝင်အနီးအနားက ရွာ ၇ ရွာထက်မနည်း မီးရှို့ခံရလို့ လူဦးရေ ၄သောင်းလောက်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာပေါင်း ၂၀ ကျော်ကို KIA နဲ့ PDF တို့က မီးရှို့ခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေနဲ့ ဒေသခံအများစု၊ တစ်ခါ မီးဘေးဒုက္ခတွေရဲ့ မျက်မြင်ပြောကြားချက်အရတော့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့နောက် ရွာတွေအတွင်းမီးလောင်ပျက်စီးမှုတွေကြုံတွေ့ရတယ်လို့ ဘီဘီစီကိုပြောကြားထားပါတယ်။

ကာလုံအစည်းအဝေး လူစုံ ဖိတ်မယ်

ရွေးကောက်ပွဲ လုပ်ငန်းစဥ် နှောက်ယှက်ခံနေရတယ် လို့ စစ်ကောင်စီပြော

ဒီလကုန်မှာ ကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို တရားဥပဒေအရ အရေးယူထားသူများမှအပ လူစုံဖိတ်ကြားမယ် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ ဦးဝင်းမြင့်က ထောင်ဒဏ်ကျခံနေရပြီး ယာယီသမ္မတအဖြစ် ဒုသမ္မတဦးမြင့်ဆွေက တာဝန်ယူထားပါတယ်။

ဒုတိယသမ္မတတစ်ဦးဖြစ်သူ ဦးဟင်နရီဗန်ထီးယူ လည်း ပြီးခဲ့တဲ့ကာလုံအစည်းအဝေးတွေမှာ ခွင့်ယူခဲ့လို့ ကာလုံဟာ လူမစုံ ဖြစ်နေတာပါ။

ဒါ့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း NUGအစိုးရမှာ ပြည်ထောင်စုဝန်ကြီးချုပ်လုပ်နေလို့ လွှတ်တော်ဥက္ကဋ္ဌတစ်နေရာလည်း လစ်လပ်နေပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကတော့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးကို လာတက်တာတွေ့ရပါတယ်။

စစ်တပ်ဘက်ကတော့ ကာလုံမှာပါတဲ့ တပ်ကိုယ်စားပြုသူတွေအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဗိုလ်ချုပ်ကြီးတွေကိုပါ အထူးဧည့်သည်အဖြစ်ဖိတ်ကြားပါတယ်။

ဒီတစ်ခါကျင်းပမယ့် ကာလုံမှာ အထူးဧည့်သည်တော်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုလည်း ဖိတ်ကြားပြီး ရွေးကောက်ပွဲကျင်းပနိုင်မယ့်အခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

‘ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်’ လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆက်တိုက်ပြောနေပေမယ့် ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာ ထည့်မပြောတော့ပါဘူး။

‘ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့အခင်းအကျင်းတွေ ကြိုးစားဆောင်ရွက်ပေးနေတယ်။ ဒါပေမဲ့ အနှောက်အယှက်၊အခက်အခဲတွေ ကြုံနေရတယ်။ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်တည်ဆောက်ရေး လမ်းကြောင်းကနေသွေဖယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အချိန်အတိုင်းအတာအကန့်အသတ်မှာတော့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမယ့်သဘောရှိတယ်’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး အခုနှစ် ဇန်နဝါရီလ ၁၉ ရက် အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်း ၁၃ ခုဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်ထဲမှာ အများဆုံး ဖျက်ဆီးခံခဲ့ရတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် လဝကရုံး ၉ ရုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြောက်ဒဂုံ မီးလောင်မှု လူ ၄ ဦးသေဆုံး

မီးလောင်မှုအတွင်း မီးခိုးမွှန်၊ ထွက်ပေါက်ပိတ် လို့ လူ ၄ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ် ဒဂုံမြို့သစ်(မြောက်ပိုင်း) (၃၃)ရပ်ကွက် မှာ ဒီကနေ့မနက် ၂ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

လူအိပ်ချိန်မှာ လောင်တဲ့မီးကြောင့် အိမ်ထဲမှာ ရှိနေတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး၊သူ့ကိုပြုစုနေတဲ့ သူနာပြုနှစ်ဦးနဲ့ အိမ်ရှင်ဖြစ်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကရော၊ ဒေသခံပရဟိတ အသင်းတွေကပါ ဘီဘီစီကိုအတည်ပြုပါတယ်။

စိန်ပန်းမြိုင်လမ်းက နှစ်ထပ်တိုက်ခံအိမ် မီးလောင်မှုဟာ နာရီဝက်ဝန်းကျင် ကြာမြင့်ခဲ့ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတတွေက  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ဘေးအိမ်တွေကိုမီးမကူးစက်ခဲ့ဘူးလို့ သိရပါတယ်။

‘တံခါးတွေကို ဖျက်ပြီး ဝင်ရတယ်’ လို့ မီးသွားငြှိမ်းသတ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့မနက် ၂ နာရီကျော်ဝန်းကျင်မှာပဲ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဗျက်ကြီးတောင်ကျေးရွာမှာလည်း မီးလောင်ခဲ့သေးပါတယ်။

တရုတ်ထုတ် လျှပ်စစ်ကား အစီး ၄၀ စတင်ရောက်ရှိ

တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်

တရုတ်ထုတ် လျှပ်စစ်ကား အစီး ၄၀ စတင်ရောက်ရှိလာပြီး နေပြည်တော်နဲ့ရန်ကုန်မှာ တက္ကစီအဖြစ် ပါစမ်းသပ်ပြေးဆွဲမယ်လို့ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

လျှပ်စစ်ကားသွင်းဖို့ ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားတဲ့အနက် ကုမ္ပဏီ နှစ်ခုက ပထမဆုံးတင်သွင်းလာတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ပါတယ်။

ဒီလျှပ်စစ်ကားတွေထဲကမှ ရန်ကုန်လေဆိပ်မှာ အခြေပြုပြီး တက္ကစီ ၁၀ စီး ပြေးဆွဲမှာဖြစ်ပြီး  နေပြည်တော် သပြေကုန်းဈေးမှာ အခြေပြုပြီး တက္ကစီ ၁၀ စီး ပြေးဆွဲမှာဖြစ်ပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ကားတွေ တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ ၂၀၂၃ တစ်နှစ်လုံးကို ရှေးပြေးစီမံကိန်းကာလ သတ်မှတ်ထားပါတယ်။

အများသုံး Level-3 အဆင့် လျှပ်စစ်ကားအားသွင်းရုံ (Charging Station) တွေ တည်ဆောက်ဖို့ကိုပါ ကော်မတီက ညွှန်ကြားထားပြီး နေပြည်တော်မှာတော့ စတင်တည်ဆောက်နေပြီလို့သိရပါတယ်။

 

ကျားသစ်နက်စစ်ကြောင်း သင်တန်းဆင်း၊ NUG လက်နက်တပ်ဆင်ပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၄ ရက် ကပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် (၃) ဒု-စစ်ဒေသမှူး စောရှား တက်ရောက်ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သင်တန်းဆင်းရဲဘော်တွေဟာ လက်နက်ကိုင်တွယ် ဖြုတ်တပ်မှု၊ ပစ္စတို ပစ်ခတ်မှု၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်၊ Closed Quarter Battle နဲ့ SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်ပစ်ခတ်မှု၊ လက်နက်အရှည်အသုံးပြု ရွေ့လျားပစ်ခတ်မှု၊ အရေးကြီးပုဂ္ဂိုလ်ကာကွယ်မှု သက်တော်စောင့် ဗျူဟာ၊ စစ်ပွဲအတွင်း အရေးပေါ်အခြေအနေ လူနာသယ်ယူခြင်းနဲ့ ကြိုးဆင်း ပစ်ခတ်မှုတွေကို သရုပ်ဖော်ပြသခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ပြုလုပ်ခဲ့တဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲကိုတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီးလက်နက်တပ်ဆင်ပေးခဲ့တာပါ။