သစ္စာဖောက်ပုန်ကန်သူတွေကို အပြစ်ပေးမယ်လို့ ရုရှားသမ္မတ ပူတင် သတိပေး-ဇွန် ၂၄ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

ရုရှားနိုင်ငံမှာ ဗာဂနာအဖွဲ့ရဲ့ ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အနာဂတ်အတွက် တိုက်ပွဲနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ ပူတင်က ပြောဆိုလိုက်ပါတယ်။

ဗာဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယေဂင်နီ ပရီဂိုရှင်က တောင်ပိုင်းမြို့တော် ရော့စတော့ နာဒါနျူ မြို့ကို ထိန်းချုပ်ထားတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မစ္စတာ ပူတင်က ပထမဆုံးအကြိမ် လူသိရှင်ကြား အရေးပေါ် မိန့်ခွန်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတော် ပုန်ကန်မှု ဖြစ်ပြီး နောက်ကျောကို ဓားနဲ့ထိုးတာ ဖြစ်ကြောင်းနဲ့ ယူကရိန်း စစ်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားတွေကို သစ္စာဖောက်တာလို့ ပြောဆိုခဲ့ပြီး အရေးယူမယ်လို့လည်း သတိပေးလိုက်ပါတယ်။

‘တပ်တွင်းပုန်ကန်မှုကို စီစဉ်လုပ်ဆောင်တဲ့သူတွေနဲ့ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ပြန်တော်လှန်တဲ့ သစ္စာဖောက်တွေအနေနဲ့ ဖြေရှင်းချက်ပေးရပါလိမ့်မယ်၊ ဒီရာဇဝတ်မှုထဲမှာ ပါတဲ့သူတွေအားလုံးကို ပြင်မရတဲ့ အမှားကို မလုပ်ဖို့နဲ့ ရာဇဝတ်မှုထဲမှာ ဝင်ပါတာကို ရပ်ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်’လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ ပရီဂိုရှင်ကလည်း ရုရှားခေါင်းဆောင်ကို တိုက်ရိုက်တုံ့ပြန်ခဲ့ပြီး နိုင်ငံကို အကျင့်ပျက် ခြစား လိမ်လည်တဲ့ ဗျူရိုကရေစီအောက်မှာ ဆက်မနစ်စေချင်ဘူးလို့ တုံ့ပြန်ပါတယ်။

ရုရှားမြို့တော်မော်စကိုမှာ လုံခြုံရေးကို တင်းကျပ်ထားပြီး စိန့်ပီတာစဘတ်မြို့က အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့က ဝဂ်နာအုပ်စုရဲ့ ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရုရှားမှာ ဒီလို ဖြစ်နေတဲ့အပေါ် ယူကရိန်း သမ္မတ ဗလော်ဒီမာ ဇလန်စကီးက မော်စကိုရဲ့ ထင်ရှားတဲ့ အားနည်းချက်တခုလို့ ပြောပါတယ်။ အခုချိန်ထိ အစိုးရရဲ့ ရက်စက်မှုတွေကို ဖုံးကွယ်ဖို့ ရုရှားက ဝါဒမှိုင်းတိုက်ခဲ့ပေမဲ့ ခုဖြစ်နေတဲ့ အုတ်အော်သောင်းနင်း အခြေအနေက အလိမ်အညာတွေကို ဖုံးကွယ်ထားလို့မရဘူးလို့ ပြောပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ကလည်း ရုရှားမှာ ဖြစ်နေတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နေတိုးအဖွဲ့ဝင် အက်စ်တိုးနီးယားနိုင်ငံကလည်း နယ်စပ်မှာ လုံခြုံရေး တိုးမြင့်ချထားတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံအတော်များများကလည်း သူတို့ နိုင်ငံသားတွေကို ရုရှားကို ခရီးမထွက်ဖို့နဲ့ ဂျာမနီကလည်း မော်စကို မြို့ကို မသွားဖို့ နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။

ဗာဂနာခေါင်းဆောင် ပရီဂိုရှင်နဲ့ သမ္မတ ပူတင်တို့က နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ကြပြီး ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ ပရီဂိုရှင်က အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ ရုရှား ထောင်ထဲက အကျဉ်းသားတွေကို ဗာဂနာ ကြေးစားတပ်ဖွဲ့က စစ်သားအဖြစ် စုဆောင်းခဲ့ တာ ဖြစ်ပါတယ်။

ရုရှားဒုံးကျည်နဲ့ ပစ်ခတ်လို့ ယူကရိန်းမှာ ၃ ဦး သေဆုံး

ယူကရိန်းမြို့တော် ကိယက်မှာ လူနေတိုက်တန်းတခုကို ရုရှားရဲ့ ဒုံးကျည် ထိမှန်ခဲ့ပြီး လူ ၃ ဦး သေဆုံးသွားပါတယ်။

အထပ် ၂၅ ထပ်ရှိတဲ့ အဆောက်အအုံလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

ညလယ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ရုတ်တရက်လန့်နိုးလာပြီး သူတို့ရဲ့ တိုက်ခန်းတွေမှာ မီးခိုးတွေ ဖုန်တွေနဲ့ ပြည့်သွားတယ်လို့ အသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ယူကရိန်းကို မနေ့ညက ဒုံးအလုံး ၅ဝ ကျော်နဲ့ ဒရုန်း ၂ စင်း သုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ဒုံးတွေက ယူကရိန်းရဲ့ ဒုတိယ မြို့တော် ကာကိဗ်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်လေယာဉ် ၈ စီး ပျံသန်း

တရုတ်ရဲ့ စစ်လေယာဉ် ၈ စီးက ထိုင်ဝမ်ကျွန်း အနီးမှာ ပျံသန်းသွားတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။ ဒါဟာ တရုတ်က ထိုင်ဝမ်ကို ဆက်လက်ပြီး စစ်ရေးအရ ဖိအားပေးနေတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ထိုင်ဝမ် ကျွန်းကနေ ရေမိုင် ၂၄ မိုင်နား အထိကို လေယာဥ်တွေ နီးနီးကပ်ကပ်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကျွန်းကနေ ရေမိုင် ၁၂ မိုင်နားအထိ ကပ်လာရင် ပစ်ချမယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်က သူ့ရဲ့ လေယာဉ်တွေနဲ့ သင်္ဘောတွေကို ဒီလောက် နီးနီးကပ်ကပ် ပျံသန်းတာက ကြုံတောင့် ကြုံခဲ့လည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ် သူ့ရဲ့ ပိုင်နယ် အဖြစ် သတ်မှတ်ထားပြီး ဒီကျွန်းကို ပြန်လည် ရယူဖို့ အင်အားသုံးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပထမဆုံး ထိုင်း လွှတ်တော်အစည်းအဝေး လာမယ့်လ အစောပိုင်းမှာကျင်းပမယ်

ထိုင်းနိုင်ငံမှာ မေလက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲပြီးတဲ့နောက် ပထမဆုံး အကြိမ် လွှတ်တော်ကို လာမယ့်လ အစောပိုင်းမှာ ခေါ်ယူမယ်လို့ ထုတ်ပြန်လာပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက် ထိုင်းနိုင်ငံရေး အခြေအနေက ရှေ့မတိုး နောက်မဆုတ် အခြေအနေမျိုးမှာ ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အစဉ်အလာကို ဆန့်ကျင်မယ်ဆိုပြီး လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှေ့သို့ချီ ပါတီ (Move Forward)က အမတ်နေရာ အများစုကို ရရှိထားပါတယ်။ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကို ဝန်ကြီးချုပ် အဖြစ် ရွေးချယ်မလားဆိုတာကလည်း မရေမရာ ဖြစ်နေပါတယ်။

ဒီရာထူးကို ရဖို့ သူက ထိုင်းရှေးရိုးစွဲ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု ရဖို့ လိုအပ်နေပြီး ဒီလွှတ်တော်အမတ်တွေကို ထိုင်းစစ်တပ်က ရွေးချယ်ထားတာ ဖြစ်ပါတယ်။

တိုက်တန် ရေငုပ်သင်္ဘောနဲ့ပတ်သက်လို့ စုံစမ်းသွားမယ်

မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ပေါက်ကွဲသွားတဲ့ တိုက်တန် ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဘာတွေ ဖြစ်လဲဆိုတာကို သိရဖို့ ကနေဒါနဲ့ အမေရိကန် ပို့ဆောင်ရေး အရာရှိတွေက စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်တဲ့ ထပ်တလဲလဲ သတိပေးချက်တွေကို ဒီခရီးစဉ်ကို စီစဉ်တဲ့ ကုမ္ပဏီ အကြီးအကဲက ပယ်ချထားတဲ့ အီးမေးလ်တွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာက ရှာဖွေရေးလုပ်ဆောင်တာတွေလည်း ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

ကနေဒါ အရှေ့ပိုင်း တိုက်တန်းနစ်သင်္ဘော အပျက်အစီးတွေကို သွားကြည့်တဲ့ ဒီရေငုပ် သင်္ဘောပေါက်ကွဲသွားတာကြောင့် လိုက်ပါလာသူ ၅ ဦး စလုံး သေဆုံး သွားပါတယ်။