မေ ၃၀ ရက် ထိပ်တန်းရောက်သတင်းများ - စစ်ကောင်စီတပ်သားအင်အား နှစ်သိန်းခွဲမပြည့်ဘူး လို့ NUG ခန့်မှန်း
စစ်ကောင်စီ လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ရဲ့ ရုရှားခရီးစဉ် ဘာထူးခြားလဲ

ဓာတ်ပုံ ရင်းမြစ်, MOD
ရုရှားမှာ လေးရက်ကြာကျင်းပတဲ့ (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို စစ်ကောင်စီရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ခဲ့ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကာလအတွင်း တရုတ်၊အိန္ဒိယ နဲ့ ထိုင်း နိုင်ငံက လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတွေ သီးခြားစီပြုလုပ်ခဲ့တာပါ။
ထိုင်းနိုင်ငံလုံခြုံရေးကောင်စီရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ရူချာကွန်နာပါပွန်ပီပတ် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ မစ္စတာ ချန်ဝမ်ကျင်း တို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်း မျှဝေဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ ရာဂျင်ဒါ ခန်နား နဲ့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်း မျှဝေဆွေးနွေးခဲ့ကြတယ် လို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲမှာ လက်နက်ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးအပါအဝင် မဟာဗျူဟာမြောက်တည်ငြိမ်အေးချမ်းရေးနှင့် အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှု တွေနဲ့ပတ်သက်လို့ ပါဝင်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
(၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အပြင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာနီကိုလိုင်ပက်ထရူ ရှပ်ဗ်နဲ့လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
မစ္စတာနီကိုလိုင်ပက်ထရူ ရှပ်ဗ်ဟာ NLD အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း နဲ့လည်း ၂၀၁၉ ခုနှစ်က မော်စကိုမှာ တွေ့ဆုံဖူးသူ ဖြစ်ပါတယ်။
ရုရှား၊တရုတ်၊အိန္ဒိယနဲ့ ထိုင်းတို့ဟာ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ အများဆုံးရောင်းချခဲ့တဲ့ နိုင်ငံတွေလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး က မေလလယ်မှာ အစီရင်ခံစာတစ်စောင်ရေးသားထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ထိုင်း နဲ့ အိန္ဒိယဟာ အစိုးရအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့တတ်သိပညာရှင်တွေပါ ပါဝင်တဲ့ မြန်မာ့အရေးဆိုင်ရာ (Track 1.5 Dialogue) ဆွေးနွေးပွဲတွေကို လက်ခံပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
အစိုးရတွေ အချင်းချင်းဆွေးနွေးတဲ့အခါ Track 1၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆွေးနွေးတဲ့အခါ Track 2 လို့ ခေါ်ဝေါ်ပေမဲ့ အခု ဒေလီမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကတော့ အစိုးရအရာရှိတွေရော၊ အရပ်ဘက် တတ်သိပညာရှင်တွေပါ ပါဝင်တာကြောင့် Track 1.5 ဆွေးနွေးပွဲလို့ သုံးနှုန်းတာဖြစ်ပါတယ်။
ရွှေစျေးတည်ငြိမ်အောင် မန္တလေးရွှေအသင်းရဲ့ အရောင်းအဝယ်စျေးကွက်ကို ၁ ပတ်ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, MDN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာ့ရွှေဈေး တစ်ကျပ်သား ၃၁ သိန်းဝန်းကျင်ဖြစ်နေလို့ မန္တလေးမှာ ရွှေအရောင်းဝယ် ဈေးကွက် ခေတ္တရပ်ထားတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း (မန္တလေး )တာဝန်ရှိသူက ပြောပါတယ်။
"ရွှေ ဈေးမတည်ငြိမ်လို့ တည်ငြိမ်အောင်ဆိုပြီး ခေတ္တရပ်ထားတာပါ။ မတရားတက်နေလို့။ မြင့်နေလို့ တာဝန်ရှိသူတွေက ဈေးကွက်ရှိနေရင် ရွှေဈေးဖြစ်နေမှာစိုးလို့ ခဏရပ်ပေးထားတာ။ အပြင်မှာ ဝယ်ရောင်းရှိ/မရှိ မပြောတတ်ဘူး" လို့ ရွှေလုပ်ငန်းရှင်များအသင်း(မန္တလေး )တာဝန်ရှိသူတဦးက ပြောပါတယ်။
မေလ နောက်ဆုံးပတ်မှာ အခေါက် ရွှေတစ်ကျပ်သား သိန်း ၃၀ ဝန်းကျင်ကနေ နေ့စဉ် ကျပ် ၁ သောင်းဝန်းကျင် ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
မေ ၂၅ ရက်မှာ ပြင်ပအရောင်းဝယ် ရွှေဈေး ၁ ကျပ်သားနူန်းဟာ သိန်း သုံးဆယ် ငါးသောင်းငါးထောင်ဖြစ်လာလို့ မေ ၂၆ ရက်မှာ ယာယီဈေးကွက် တစ်ပတ် ပိတ်လိုက်တာ ဖြစ်ပါတယ်။
ဈေးကွက်ပေါ် မူတည်ကြည့်ရမှာဖြစ်လို့ လာမယ့် ဇွန်လဆန်းမှာ ရွှေဈေးကွက် မတည်ငြိမ်သေးရင် ဈေးကွက်တွင်း အရောင်းဝယ်လုပ်မှာ မဟုတ်သေးဘူးလို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။
ရွှေဈေးအမြင့်ဆုံး ၁ ကျပ်သား ၃၄ သိန်းဝန်းကျင်ကနေ ရွှေဈေး ၁ ကျပ်သား ၂၄သိန်းဝန်းကျင် အထိ စျေးကျခဲ့ပါတယ်။ နောက်ပိုင်း ရွှေဈေးထပ်တက်လာလို့ ရွှေလုပ်ငန်းရှင်များ အသင်းက သူတို့အသင်းတိုက်မှာပဲ ရွှေဈေးကွက်တည်ငြိမ်ဖို့ ပိဿာချီ ရောင်းခဲ့တာတွေရှိခဲ့ပါတယ်။
ဒီရက်ပိုင်း ရွှေဈေးမြင့်တက်လာပေမယ့် ဈေးကွက်တည်ငြိမ်ဖို့အတွက် အရှုံးခံထုတ်ရောင်းဖို့ အစီစဉ်တွေ မရှိဘူးလို့ သိရပါတယ်။
"အစိုးရသတ်မှတ်ဈေးက အလုပ်မှမဖြစ်တာ ဒေါ်လာ control လုပ်နိင်ပေမယ့် ရွှေ controlလုပ်ဖို့မလွယ်ဘူး။ ဒေါ်လာ တင်သွင်းကုန် /ပို့ကုန်သမားတွေနဲ့ ဆီသမားတွေ လွှဲကြလို့ အရင်ကလို ဒေါ်လာမပူရဘူး။ ရွှေက မရဘူး။ အခုဆို ဘယ်ဈေးဝယ်ရင် ကောင်းမလဲလို့ ကိုင်ထားကြတာ။ တနည်းအားဖြင့် နိုင်ငံရေးနဲ့နွယ်နေလို့ တအားကြီး အကျဘက်တွေးလို့ မရဘူး"လို့ လက်ရှိ ရွှေဈေးကွက်အခြေနေကို လေ့လာသုံးသပ်သူနဲ့ ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။
လက်ရှိရွှေအသင်းတိုက် ရည်ညွှန်းဈေးက မေ ၃၀ ရက်မှာ ၁ ကျပ်သား ၂,၂၉၈,၉၀၀ ရှိပေမယ့် ပြင်ပရွှေဈေးကွက်မှာ ၃၀,၅၀,၀၀၀ ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေအရောင်းဆိုင်တွေမှာ ရွှေဝယ်ယူသူများနေပြီး တချို့ဆိုင်တွေက ရောင်းချပေးတာရှိသလို တချို့ဆိုင်တွေက အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။
ရွှေစျေးတည်ငြိမ်အောင် မန္တလေးရွှေအသင်းရဲ့ အရောင်းအဝယ်စျေးကွက်ကို ၁ ပတ်ပိတ်ထားပေမယ့် စျေးကွက်အတွင်း အတုံးအရောင်းအဝယ်တွေရှိနေပြီး ရွှေစျေးထိန်းညှိနိုင်ရေးအခုလို လုပ်ဆောင်မှုတွေက ထိရောက်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိပါတယ်။
ဒိုက်ဦးထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ ရိုက်နှက်စစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, MNHRC
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဥ်းထောင်ထဲမှာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ၂၄ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကျဥ်းကျရာ အဆောင်တွေထဲကနေ ခေါ်ထုတ်ပြီး ရိုက်နှက်တာတွေလုပ်ဆောင်နေတယ် လို့ ခေါ်ထုတ်ခံရသူ အကျဥ်းသား အချို့နဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
၃ ယောက် အဖွဲ့လိုက်ခေါ်ထုတ်ပြီး ရိုက်နှက်နေတာလို့ အဲဒီမိသားစုဝင်က ပြောပြပါတယ်။
အဲဒီလိုခေါ်မထုတ်ခင် ပုံမှန်နေထိုင်ရာ ထောင်အတွင်းကနေ အမှောင်ချထားတဲ့ တိုက်ပိတ်ရာနေရာကို ခေါ်ယူပြီး သီးသန့်ထားခဲ့တာ ၆ ရက်အထိကြာမြင့်လာပြီလို့လည်း မိသားစုဝင်အချို့ကသူတို့ သိရှိထားတာကို ပြန်ပြောပါတယ်။
အဲဒီ ၆ ရက်အတွင်း ၄ ရက်သာ ထမင်းစားရတယ်လို့လည်း အခြေအနေကို သိရှိထားရသူတစ်ဦးက ဘီဘီစီကို ဆက်သွယ်ပြောပြလာပါတယ်။
“အလှည့်ကျခေါပြီးသေတဲ့အထိကိုရိုက်တယ်လို့ပြောနေတယ်။ မိဘတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ခံစား နိုင်မလဲ။ အဲဒါအခုကိုယ်သားအတွက်လည်း စိတ်ပူနေရသလို၊ ကိုယ်လုံခြုံရေးအတွက်လည်း စိတ်ပူနေ ရတယ်” လို့ အဆက်အသွယ်ရတဲ့ နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။
အဲဒီ ၂၄ ယောက်ထဲမှာ ပထမဆုံးအကြိမ်ခေါ်ထုတ်ပြီးရိုက်နှက်ခံရသူတွေ ပြန်ရောက်မလာသလို၊ ကျန်နေသူ တွေကလည်း သူတို့ကို ခေါ်ထုတ်ကာရိုက်နှက်မှာကို စိုးရိမ်နေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။
ခေါ်ထုတ်ပြီး ရိုက်နှက်တဲ့နေရာအတိအကျကိုလည်း ခေါ်ထုတ်ခံမယ့်သူတွေက သိရှိထားရတာမရှိဘူးလို့ ပြောပါတယ်။
ခေါ်ထုတ်ရိုက်နှက်ခံရသူ ၃ ဦးသေဆုံးတယ်လို့လည်း သိရပါ တယ်။ ဘီဘီစီကတော့သီးခြားအတည်ပြု နိုင်တာမျိုးမရှိသေးပါဘူး။
ထောင်တွင်းကနေ ကရင်အမျိုးသားအစည်းအရုံး KNU ကို သတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ရိုက်နှက်တာလို့ အကျဥ်းကျခံနေရသူတစ်ဦးနဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။
တောင်ငူအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားအချို့ ထွက်ပြေးလွတ်မြောက်ပြီးနောက်ပိုင်းကစလို မြင်းခြံ၊ ဒိုက်ဦး စတဲ့နေရာတွေက အကျဥ်းထောင်တွေမှာ အလားတူ ရိုက်နှက်စစ်ဆေးမှုတွေ မကြာခဏဆို သလို ဖြစ်လာနေတာပါ။
ထန်တလန်နဲ့ ဟားခါးကြား တိုက်ပွဲမှာ ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, The Chin Journal
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့ကြားက သီးမြစ်လွင်ပြင်မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၁ ဦး သေဆုံးတယ်လို့ ဘီဘီစီက သိရပါတယ်။
မနေ့ မေလ ၂၉ ရက်မှာ စစ်ကောင်စီတပ်နဲ့ဖြစ်တဲ့ ထိတွေ့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်(CDF)နဲ့ ချင်းအမျိုးသားတပ်(CNA) တပ်ဖွဲ့ဝင်တွေ အခုလိုထိခိုက်သေဆုံးတာလို့ CDF - ဇိုဖိုင်း ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခုလိုသေဆုံးတာဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ အစောပိုင်းမှာ သတင်းတွေထွက်ပေါ်ပေမဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးတာမဟုတ်ဘဲ အင်အားရာချီပါတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိတွေ့မှု ဖြစ်တာကြောင့်လို့ သူကပြောပါတယ်။
အခုတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ သူကပြောပါတယ်။
သီးမြစ်လွင်ပြင်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ မေလ ၃၀ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ သီးမြစ်လွင်ပြင်က တိုက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကော့ကရိတ် မြောက်ပိုင်း ဒေါနတောင် ဝါးစခန်းဟောင်းကို စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ်၊ကော့ကရိတ် မြောက်ပိုင်း က KNLA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ရေး လှုပ်ရှားတဲ့ ဒေါနတောင်တန်းလမ်းဟောင်း တောင်ပေါ်က ဝါးစခန်း ဟောင်းနေရာ ဘုရားကုန်းကို မေ ၂၈ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အဆောက်အဦတွေ ထိခိုက် ပျက်စီးခဲ့ပြီး လူထိခိုက်တာတော့မရှိခဲ့ဘူးလို့ KNLA စစ်ရေး သတင်း အရင်းအမြစ်က ပြောပါတယ်။
“ဒီရက်ထဲ တောင်ပေါ် လမ်းဟောင်း သုံးထပ်ကွေ့ ၊ ဝါးစခန်း ဘက်ကို လေယာဥ် ကင်းထောက်နေတာ ရှိတယ်။ ရန်ကုတ်၊ စော်ဟဲရွာတွေဘက် လက်နက်ကြီးပစ်တာ ရှိတယ်။ ညက ၉ နာရီခွဲလောက်မှာ တိုက်လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ လူတွေမထိကြဘူးပေ့ါ။ စေတီရော ၊ ဘုရားရုပ်တု ရော၊ ဘုန်းကြီးကျောင်းရော ပျက်စီးကုန်တယ်” လို့ KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီ တပ်က မေလအတွင်း ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ ဝေါလေ၊ ကနဲလေး၊ ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံ၊ တောင်ကြာအင်း စတဲ့ ကျေးရွာတွေဘက်ကို ဆက်သွယ်သွားလာတဲ့ လမ်းပိုင်း တွေကို သွားလာမရအောင် ဖျက်ထားတာတွေရှိပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာနဲ့ လေကြောင်းက ဗုံးကြဲတာတွေ ဆက်လက် လုပ်ဆောင်နေ တာကြောင့် အရပ်သားတွေထိခိုက်သေဆုံးဒဏ်ရာ ရတာတွေ ရှိနေတယ်လို့ KNU တပ်မဟာ ၆ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာ ၅၀ လောက်က နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေရသူ ၂၃,၀၀၀ ကျော်အထိ ရှိနေပြီး နေအိမ် အဆောက်အုံ၊ စိုက်ပျိုးရေးခြံ၊ ဘာသာရေး အဆောက်အအုံ ၊ စာသင်ကျောင်း စတာတွေ ပျက်စီးမှု ပိုများ လာနေတယ် လို့ ကရင် လူအခွင့်အရေးနဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ များ ရဲ့ ပြောစကား အရ သိရပါတယ်။
ဒီကနေ့ မေ ၃၀ ရက်မနက်ပိုင်းမှာလည်း ကျုံဒိုးဘက်မှာပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးကျလို့ သရက်တောရွာဒေသခံတစ်ဦးဖြစ်တဲ့ သုံးဘီးယာဥ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
“ကျုံဒိုး ကမ်းနီရွာနဲ့ညောင်ရိပ်သာ ကျေးရွာကြားကို လက်နက်ကြီးကျတာ အိမ်တစ်အိမ်ပေါ်ကိုကျတော့အိမ်ထဲမှာရှိတဲ့ သရက်တောရွာသား ရဲ့ ရင်ဘတ်ရယ် ပေါင်ရယ်ကို အစမှန်ပြီးသေဆုံးသွားတယ်။ သူက သုံးဘီးမောင်းသူ ဖြစ်ပါတယ်”
စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နဲ့ PDF တို့က မေ ၂၈ ရက်မွန်းတည့်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးတယ်လို့ဖော်ပြထားပါတယ်။
မဝါ တိုင်ဖွန်း ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မုတ်သုံအားကောင်းမယ်လို့ မိုးဇလပြေ

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “မဝါ”(Mawar) ရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မုတ်သုံအားကောင်းမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ မုတ်သုံစဝင်ပြီး မနှစ်ကထက် တစ်ပတ်နောက်ကျခဲ့တာဖြစ်ပြီး မနှစ်က မေလ ၁၈ ရက်မှာ မုတ်သုံဝင်ခဲ့တာပါ။
တိုင်ဖွန်းမုန်တိုင်း MAWAR က ဇွန် ၁ ရက်နေ့ မှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန် ၂၇ ဒီဂရီ အထိ ကျဆင်းလာတာကြောင့် CAT-1 တိုင်ဖွန်းအဖြစ် အားလျော့သွားမယ်ဆိုတာတွေ့နေရတယ်လို့ အရပ်ဘက် မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဇွန်လ ၁ ရက်မှာ MAWAR CAT-1 ဟာ အရှေ့မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီးနောက်ပိုင်း အနောက်တောင်မုတ်သုံလေဟာ ဘင်္ဂလားပင်လယ်အော်မှာ အားပြန်ကောင်းလာပြီး ဇွန် ၂ ရက် ကနေ ၅ ရက် ဝန်းကျင်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို မုတ်သုံဝင်နိုင်မယ် လို့ သူက ခန့်မှန်းပါတယ်။
မြန်မာတစ်နိုင်ငံလုံး မုတ်သုံဝင်မယ့်အချိန်ကိုတော့ လာမယ့် ဇွန်လ ၁၀ ရက် အတွင်း ဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
အရပ်ဘက် မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကတော့ ဇွန် ၆ ရက် ၇ ရက်တွေမှာ မြန်မာတစ်ပြည်လုံးကို မုတ်သုံဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဇွန်လ ၄ ရက် မှာ အာရေဗျပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်နိုင်လာနိုင်ကာ အဲ့ဒီအချိန် ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအလွန်ကောင်းလာရာကနေ မြန်မာတစ်ပြည်လုံးကို မုတ်သုံဝင်မှာလို့ သူကခန့်မှန်းပါတယ်။
မန္တလေးမှာ နတ်ဆရာတစ်ဦး အသတ်ခံရ
မန္တလေးမြို့၊ပြည်ကြီးမျက်မှန်ရပ်ကွက်မှာနေတဲ့ နတ်ဆရာ ကိုအောင်မျိုးဆွေကို ဆိုင်ကယ်နဲ့ ရောက်လာတဲ့ လူ ၃ ဦးက သေနတ်နဲ့ ပစ်လို့ သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၈ ရက် ညပိုင်းက နတ်ဆရာနေအိမ် တတိယထပ်ကအခန်းကို ကန်ဖွင့်ပြီး ကိုအောင်မျိုးဆွေရဲ့ ဘယ်ဘက်ရင်အုံကို သေနတ်နဲ့ တစ်ချက်တည်းပစ်သွားတာ လို့ ရဲကြေးနန်းမှာ လည်း ဖော်ပြပါတယ်။
အဲဒီနောက် ဒုတိယထပ်မှာရှိတဲ့ ဖုန်းနှစ်လုံးကို ယူပြီး ပြန်ထွက်သွားကြတယ် လို့ ရဲကြေးနန်းမှာ ဖော်ပြပြီး သေနတ်နဲ့ပစ်သူတွေက ဘယ်သူဘယ်ဝါဆို မသိရသေးဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဌာနဆိုင်ရာရုံးတွေ နဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေပါ တိုက်ခိုက်ခံနေရတယ် လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
စစ်ကောင်စီတပ်သားအင်အား နှစ်သိန်းခွဲမပြည့်ဘူး လို့ NUG ခန့်မှန်း

စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေ နဲ့ လက်ရုံးတပ်တွေ ပေါင်းမှ နှစ်သိန်းနှစ်သောင်း ကျော်ကနေ နှစ်သိန်းလေးသောင်း ကြားမှာပဲ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပါတယ်။
ပြည်တွင်း၊ ပြည်ပ လေ့လာသူတွေက တပ်အင်အားကို ၃ သိန်းကနေ ၅ သိန်းအထိ ခန့်မှန်းခဲ့ကြပေမယ့် အဲဒီလောက်ရှိမနေဘူးလို့ မေလ ၂၈ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ‘’ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ’’ စာတမ်း မှာ ထည့်သွင်းဖော်ပြခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးတဲ့နောက် တပ်ရင်းတစ်ရင်းရဲ့ ဖွဲ့စည်းပုံကို စစ်သည်အင်အား ၈၅၇ ဦး ကနေ အင်အား နှစ်ရာသာ ပါတဲ့ ဖွဲ့စည်းပုံမူကြမ်း အဆိုပြုချက်တွေ တိတ်တဆိတ်စီစဉ်ခဲ့ရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်သားနဲ့ ရဲ လူသစ်စုဆောင်းမှုမှာ အခက်အခဲများစွာရှိနေပြီး သူတို့အရင်က အဓိကလူသစ်စုဆောင်းခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသဟာ ခုခံတွန်းလှန်စစ်မှာ အတက်ကြွဆုံးပါဝင်နေကြတယ်လို့ NUG က ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကို လက်မခံဘဲ CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းသုံးထောင်ကျော်ရှိတယ်လို့ ‘’ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ’’ စာတမ်း မှာ ထည့်သွင်းဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သုံးသောင်းဝန်းကျင် သေဆုံးခဲ့တယ် လို့ NUG က ထုတ်ပြန်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်တပ်ကိုလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုက ဧည့်ပညာရှင် ဦးရဲမျိုးဟိန်းကတော့ စစ်တပ်ရဲ့ လက်ရှိလူအင်အားဟာ တစ်သိန်းခွဲ ဝန်းကျင်ပဲ ရှိမယ် လို့ မေလထဲမှာထုတ်ပြန်တဲ့ သူ့ရဲ့စာတမ်းမှာ ကောက်ချက်ချပါတယ်။
အဲဒီထဲက ခုနှစ်သောင်း နီးပါးဟာ တိုက်ခိုက်ရေးစစ်သားတွေ လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သူ့ရဲ့ စစ်အင်အား နဲ့ ကျဆုံးမှုစာရင်းကို ထိပ်တန်းလျှို့ဝှက်အဖြစ် ထုတ်ပြောလေ့မရှိပါဘူး။








