ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၉ ရက် ဘီဘီစီသတင်းများစုစည်းချက် - လူဦးရေစာရင်းကောက်တဲ့ စစ်ကောင်စီအဖွဲ့ ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ကမျောကင်းကျေးရွာမှာ လူဦးရေ စာရင်းလိုက်လံကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ဒီကနေ့ ဇန်နဝါရီ ၉ရက် မနက်ပိုင်းက ပစ်ခတ်ခံရတယ်လို့ လောင်းလုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး တခြားတစ်ဦးကတော့ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်လို့ Dawei Guerrilla Revolutionary Force- DGRF က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရတဲ့နောက် AK 47 သေနတ်တစ်လက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကမျောကင်းကျေးရွာ မူလတန်းကျောင်းအနီးမှာ လူဦးရေရေရင်းလိုက်ကောက်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ကကားတစ်စီးနဲ့လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကလည်းဖော်ပြပါတယ်။
မဲစာရင်းကောက်ရာမှာပါဝင်နေသူတွေ ဆက်မလုပ်ကြဖို့ကိုလည်း အဲဒီအဖွဲ့က ပြောထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် ဖော်ဆောင်နေမှုကို လက်မခံတဲ့ အကြောင်း DGRF အဖွဲ့ကထုတ်ပြန်တာတွေ့ရပါတယ်။
အခုတိုက်ခိုက်မှုကို Dawei Guerrilla Revolutonry Force DGRF အဖွဲ့နဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းဆိုပါတယ်။
ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက ထားဝယ်နဲ့ လောင်းလုံးကိုဆက်ထားတဲ့ ကမျောကင်းတံတားကို ပိတ်လိုက်ကာရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံတာကို လုပ်ငန်းအဖွဲ့တွေဖွဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၉ရက် ဇန်နဝါရီ ၃၁ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားမယ်လို့ကြေညာထားတာပါ။
ALP စစ်ဦးစီးချုပ်နဲ့ အရာရှိတွေရဲ့ စျာပန ပြုလုပ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၄ ရက်တုန်းက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင်လွတ်မြောက်ရေးတပ်(ALP/ALA)ရဲ့ စစ်ဦးစီးချုပ်နဲ့ အရာရှိ ၂ ဦးရဲ့ စျာပနကို ကျင်းပပြီးစီးပြီလို့ ALP ဘက်က သတင်းထုတ်ပြန်ပါတယ်။
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် - ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရန္ဒတို့ရဲ့ စျာပနကို မနေ့ ဇန်နဝါရီလ ၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူတို့ ၃ ဦးဟာ ရခိုင်ပြည်နယ်ကောင်စီက စစ်တွေမြို့မှာပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ပြီး နေအိမ် အပြန်လမ်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုကို ရက္ခိုင့်တပ်တော်(အေအေ) ဘက်က ပြုလုပ်တာလို့ ALP ဘက်က စွပ်စွဲပြောဆိုပေမဲ့ အေအေ ဘက်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ALP ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။
ထီးချိုင့်မှာ လက်နက်ကြီးကျ၊ အရပ်သားတစ်ဦးသေ ၆ ဦး ဒဏ်ရာရ
ထီးချိုင့်မြို့နယ်ထဲက ထန်းကုန်းရွာကို ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေပြီး ၆ ဦးဒဏ်ရာရခဲ့တဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ထန်းကုန်းရွာဟာ ဇန်နဝါရီလ ၇ ရက်ကလည်း လက်နက်ကြီးကျလို့ တစ်ဦးသေ ပြီး ၅ ဦး ဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။
အလယ်တောရွာမှာလည်း ဒီကနေ့တိုက်ပွဲဖြစ်ပြီး အိမ်တွေမီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ ဒီကနေ့ညနေပိုင်းမှာလည်း သခွတ်ချောင်ရွာက တဲတွေ မီးထပ်ရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်းအတွင်း ရွှေလီ၊ထန်းကုန်း၊အလယ်တော၊ပေါက်ကုန်း၊သခွတ်ချောင်ရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး KIA နဲ့ PDF ပူးပေါင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ထီးချိုင့်ဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဿတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
မင်္ဂလာဈေးအနီးက လုံခြုံရေးဘန်ကာအနီး ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်
ရန်ကုန်မြို့၊မင်္ဂလာဈေးမီးပွိုင့်ထောင့်မှာရှိတဲ့လုံခြုံရေးဘန်ကာအနီးမှာ ဇန်နဝါရီ ၉ ရက် နံနက် အစောပိုင်းက ပေါက်ကွဲသံနဲ့ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ မင်္ဂလာဈေးအနီးနေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။
ကန်တော်ကြီးနားအထိ ပေါက်ကွဲသံနဲ့ သေနတ်သံတွေကြားခဲ့ရတဲ့အကြောင်း ဒီကနေ့ မနက်က ကန်တော်ကြီးမျှော်စင်ကျွန်းအနီး လမ်းလျှောက်ထွက်သူတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်မှာ ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ မင်္ဂလာဈေးအနီးနေထိုင်သူတွေကပြောပေမယ့် ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်ကြောင့် မင်္ဂလာဈေးအနီးတစ်ဝိုက်ကို ဒီမနက်ပိုင်းက စစ်ကား ၄ စီး နဲ့ လုံခြုံရေးတင်းကြပ်ထားခဲ့ပေမယ့် နေ့လည်ပိုင်းမှာတော့ ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားသွားလာနေကြပြီလို့ သိရပါတယ်။
ရန်ကုန်မြို့က လူစည်ကားရာလမ်းဆုံတွေမှာ စစ်ကောင်စီက နှစ်ထပ်ဘန်ကာတွေ အခိုင်အခန့်တည်ဆောက်ထားပြီး မကြာခဏတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
တစ်နှစ်အတွင်းရိုဟင်ဂျာ ၃၅၀၀ ကျော် အဖမ်းခံရ
ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလာဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃၅၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။
၂၀၂၂ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရိုဟင်ဂျာတွေ အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သူတို့ပြုစုထားတဲ့ စာရင်းဇယားတွေကိုအခြေခံပြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာရင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးရှိပြီး အများစုက ပင်လယ်ပြင်မှာသေဆုံးခဲ့ရတာလို့ သူကဆက်ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ နိုင်ငံအနှံ့က အကျဉ်းထောင် ၈၀ ကျော်မှာ အကျဉ်းချခံထားရပြီး ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ တိုင်းမှာအများဆုံးအဖမ်းခံထားရတာဖြစ်ပါတယ်။
ရန်ကုန်မှာလည်း ရိုဟင်ဂျာ ရာကျော်အထိ အဖမ်းခံခဲ့ရပြီး မလေးရှားသွားဖို့ တစ်ထောက်နားချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့အရေးယူ ထောင်ချပြီး နေရပ်ပြန်ပို့တဲ့အကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးကြသူတွေရဲ့ သတင်းတွေမကြာခဏထုတ်ပြန်လေ့ရှိပြီး တစ်နှစ်အတွင်း သူတို့ဖမ်းဆီးမိခဲ့တဲ့ အရေအတွက်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
NLD အမတ် ဦးဝင်းဝင်းနဲ့မိသားစု အပါအဝင် ပါတီဝင်အချို့ဖမ်းဆီးခံရ
အသက်မပြည့်တဲ့ကလေးငယ်တွေပါဝင်လို့ အသက်အန္တရာယ်စိုးရိမ်တယ်လို့နီးစပ်သူတွေပြော
မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းအချိန်က သူတို့မိသားစုတိမ်းရှောင်နေကြတဲ့ ပွင့်ဖြူမြို့ ၊ ရှားတောကျေးရွာမှာ စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဦးဝင်းဝင်းရဲ့သားသမီးတွေထဲ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးပါဝင်နေတာပါ။
အလားတူ ပွင့်ဖြူ NLD ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးထွန်းထွန်း၊ လက်ခံထားသူ အိမ်ပိုင်ရှင် နဲ့ ပါတီဗဟိုအလုပ်အမှုတောင်တစ်ဦးနဲ့ ကျေးရွာသားအချို့ကိုစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဘီဘီစီကမေးမြန်းခွင့်ရတဲ့ ဒေသခံအချို့ကပြောပါတယ်။ ဖမ်းဆီးချိန်မှာရိုက်နှက်ခံရတာတွေရှိခဲ့လို့ ဖမ်းဆီးခံရသူတွေနဲ့ ကလေးတွေရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ သူတို့ကို ရှားတောကျေးရွာကနေ မော်တော်နဲ့ ပေတော ဆိပ်ကမ်းကိုခေါ်ဆောင်သွားပြီး အဲဒီကနေ မကွေးမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ သိရကြောင်း ဒေသခံတစ်ဦးကလည်းပြောပြပါတယ်။ '' ဦးဝင်းဝင်းကို သူတို့က ၅၀၅ ဝရမ်းထုတ်ထားတာပါ။ အဲဒါ့ကြောင့် သူက မင်းဘူးကနေ ပွင့်ဖြူဘက်မှာ တိမ်းရှောင်နေရတာပါ။ သူတို့လက်ခံတဲ့အိမ်ကလည်း သိချင်မှသိမှာပါ။ ဒါပေမဲ့ အခုအိမ်ရှင်ကိုလည်းဖမ်းလိုက်တယ်၊ ဦးဝင်းဝင်းက ဒေသအကျိုးကို ၂၀၁၅မှာရော အာဏာမသိမ်းခင်အထိရော စွမ်းစွမ်းတမံကိုလုပ်ခဲ့တာပါ။ မီးတွေ လမ်းတွေလည်းသူ့ကြောင့်ရခဲ့တာပါ'' လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာရော ၂၀၂၀ ရွေးကောက်ပွဲတွေ မှာ NLD ပါတီကနေအနိုင်ရခဲ့တဲ့ လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ဦးဝင်းဝင်းနဲ့မိသားစု အပါအဝင် ပါတီဝင်အချို့ဖမ်းဆီးခံရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းတွေ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ ၂၀၂၂ အောက်တိုဘာလအထိ စာရင်းတွေအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်စုစုပေါင်း ၁၁၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားချိန် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ပါတီဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ပါတီရုံးတွေအတွင်း ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ်ရှိကာ ပါတီဝင်၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအထဲ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကထုတ်ပြန်ထားတာပါ။
အာရှလမ်းတိုက်ပွဲ မှာ စစ်တပ်အရာရှိ ၂ဦးနဲ့ တပ်ဖွဲ့ဝင်ဆယ်ချီသေဆုံးတယ်လို့ ကော်ဘရာစစ်ကြောင်းထုတ်ပြန်
ကော့နွဲ့ကျေးရွာတဝိုက်ဒေသခံတွေဆက်လက်တိမ်းရှောင်နေကြရ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ၊ ကော့နွဲ့ကျေးရွာတဝိုက်တိုက်ပွဲတွေကြောင့် ဒေသခံတွေဆက်လက်တိမ်းရှောင်နေကြရပြီး စစ်ရှောင်နေရသူဟာ ကျေးရွာက ၁၀ရွာက လူဦးရေထောင်ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ နဲ့ အိမ်မွေးတိရစ္တာန်ထိမှန်သေဆုံးကြတာနဲ့ ဒဏ်ရာရတာတွေရှိသလို ၊ လက်ရှိမှာလည်း တိမ်းရှောင်နေကြတဲ့နေရာမှာ ကျန်းမာရေးနဲ့ ရိက္ခာအခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းကတော့ ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲ မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ် ၁၂ရက်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅၀နီးပါးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ နယ်မြေခံတပ်တွေက ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနဲ့ ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ခဲ့တာကနေ KNLA အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဘက် မှာ KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့ တို့ပါဝင်ပြီး Cobra စစ်ကြောင်း က ၁၀ဦး ဒဏ်ရာရ၊ ၁ဦးသေဆုံးသလို အခြားစစ်ကြောင်းတွေက တပ်ဖွဲ့ဝင်အချို့ သေဆုံးတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ ဘီဘီစီအနေနဲ့ နှစ်ဖက်သေဆုံးထိခိုက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ စစ်ကောင်စီရဲ့ ဇန်နဝါရီ ၄ရက် ထုတ်ပြန်ချက်မှာတော့ KKO (ခွဲထွက်)အဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ က ကော့နွဲ့ ကျေးရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ခိုအောင်းနေထိုင်ပြီး တိုက်ခိုက်ရေးတွေလုပ်သလို အာရှလမ်းမကြီး တစ်လျှောက် မော်တော်ယာဉ်တွေ သွားလာမှုကို ပိတ်ဆို့ခဲ့ ပြီး စစ်တပ်စစ်ကြောင်းတွေက အဆင့်ဆင့်ထိန်းချုပ်တိုက်ခိုက်ခဲ့တာကြောင့် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီး တစ်လျှောက်မော်တော်ယာဉ်တွေ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးက Space Bar မှာ ကားဗုံးပေါက်
မန္တလေးမြို့က လူစည်ကားတဲ့ ဘားတစ်ခုဖြစ်တဲ့ Space Bar မှာ မနေ့ည ဇန်နဝါရီ ၈ ရက်က ကားဗုံးပေါက်မှုဖြစ်ခဲ့လို့ ကားတစ်စီးမီးလောင်ပျက်စီးပြီး မီးသတ်က မီးလာငြှိမ်းပေးခဲ့ရတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကို အာဏာပိုင်တွေနဲ့နီးစပ်သူတွေကတော့ PDF တွေလက်ချက်လို့ စွပ်စွဲပါတယ်။ ‘သူတို့တွေ သတိပေးနေတာကြာပြီ’ လို့ ဒေသန္တရ အာဏာပိုင်တစ်ဦးက ပြောပါတယ်။ မန္တလေးအခြေစိုက်တော်လှန်ရေးအင်အားစုတွေရဲ့သတင်းတွေကို ဖော်ပြတဲ့ သပြေညိုသတင်းလွှာကတော့ အဲ့ဒီ ဖောက်ခွဲမှုကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ City Hunter (MDY UG) အဖွဲ့ကလုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် City Hunter နာမည်နဲ့ Page ထောင်ထားတာ၊ Social Media ပေါ်မှာ အလှူခံတာတွေလုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။ ဘီဘီစီအနေနဲ့ ကတော့ ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ စစ်တပ်ကိုထောက်ခံတယ်လို့ စွပ်စွဲခံထားရတဲ့ Space Bar ဟာ မနှစ်က သင်္ကြန်မှာလည်း လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ မနေ့ညက ပေါက်ကွဲမှုနဲ့ပတ်သက်လို့ Space Bar ကို ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
ကောလင်းမှာ အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ပေါက်ကွဲမှုကြောင့်သေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ ဇန်နဝါရီ ၇ ရက်မနက်က ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ကောလင်း တော်လှန်ရေးအဖွဲ့ - Kawlin Revolution (KR-Teams) ကတော့ သေဆုံးသူအမျိုးသမီး နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေး -ပကဖ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်မှာ စစ်ကားတန်းကို မိုင်းထောင်ဖို့ သွားရင်း စစ်ဆေးခံရချိန်မှာ အသေခံဗုံးခွဲပြီးဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်လာပါတယ်။
သေဆုံးခဲ့သူ အမျိုးသမီး နှစ်ဦးဟာ အသက် ၄၅နှစ်အရွယ် ရဲဘော် ဒေါ်စုစုရည် နဲ့ အသက် ၂၀ အရွယ် ရဲဘော် မနှင်းဆီလှိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ကြိုးစားချိန်မှာ ဆိုင်ကယ်ရပ်မပေးလို့ ပစ်ခတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေသလို စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီအမျိုးသမီး ၂ ဦးဟာ မိုင်းထောင်ဖို့လာချိန် စစ်ကောင်စီအဖွဲ့တွေက လိုက်လံ ဖမ်းဆီးလို့ ထွက်ပြေးချိန် ဗုံးပေါက်ပြီးသေဆုံးတာဖြစ်တယ်လို့ ရေးသားနေကြပါတယ်။
ဘီဘီစီအနေနဲ့ ဖြစ်စဥ်ကို သီးခြားအတည်ပြုနိုင်ဖို့ မင်းတဲကြီးရပ်ကွက်ဒေသခံအချို့ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
မနေ့ ဇန်နဝါရီ ၈ရက်က သေဆုံးခဲ့သူ အမျိုးသမီး နှစ်ဦးထဲက ဒေါ်စုစုရည်ရဲ့ နေအိမ်ကို ချိပ်ပိတ်သွားတယ်လို့လည်း Kawlin Revolution (KR-Teams) ကဖော်ပြပါတယ်။
တပ်အရာရှိတွေကို သမ္မတအိမ်တော်ကိုပို့
အာဏာသိမ်းပြီးတဲ့နောက် သမ္မတအိမ်တော်ကို အမည်ပြောင်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို ကာကွယ်ရေးဝန်ကြီးဌာနက တပ်အရာရှိ ၉ ဦးကိုပြောင်းရွှေ့ လိုက်တယ်လို့ ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။
ရုံးအဖွဲ့၊အိမ်တော်များဌာနကြီး၊စီမံရေးနဲ့ ဘဏ္ဍာရေးဌာနကြီး၊သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ဥပဒေရေးရာနဲ့ တိုင်ကြားစာများဌာနကြီး တွေကို ပြောင်းရွှေ့လိုက်တာပါ။ အိမ်တော်များဌာနကြီးဟာ သမ္မတနဲ့ ဒုသမ္မတအိမ်တော်တွေအပါအဝင် လွှတ်တော်ဥက္ကဋ္ဌ အိမ်တော်တွေကိုပါ ထိန်းသိမ်းစီမံခန့်ခွဲရတဲ့ အရေးပါတဲ့ ဌာနကြီးတစ်ခုလည်းဖြစ်ပါတယ်။
ဒါ့အပြင် အရန်အင်အားကိုရောက်နေတဲ့ တပ်အရာရှိ နှစ်ဦးအပါအဝင် အရာရှိလေးဦး ပြည်ထဲရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လာပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ်လို့ အဆိုပါ ပြန်တမ်းမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း စစ်တပ်ကအရာရှိ တစ်ဒါဇင်ကျော် အရပ်ဘက်ဌာနဆိုင်ရာတွေကို ပြောင်းရွှေ့ ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ပြည်ထောင်စုရာထူးဝန်အဖွဲ့အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွေကို ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။
တပ်ကနေ အရပ်ဘက်ပြောင်းတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ တပ်မတော်အစိုးရခေတ်မှာ အများဆုံးလုပ်ဆောင်ခဲ့ပြီး ရာနဲ့ချီတဲ့ တပ်အရာရှိတွေကို အရပ်ဘက်ကို တစ်ဆင့်မြင့်ရာထူးတွေနဲ့ ရွှေ့ပြောင်းခဲ့ကြတယ်လို့ အငြိမ်းစားတပ်မတော်အရာရှိတွေထံကသိရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ဌာနဆိုင်ရာတွေမှာ မိုးကျရွှေကိုယ်စနစ် အလိုမရှိကြောင်း ဖဲကြိုးနီ၊ ဖဲကြိုးဝါ၊ ဖဲကြိုးနက် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးဖမ်းဆီးခံထားရ
အကျဥ်းသားတစ်ဦး သေဆုံးပြီး လူ ၇၀ ခန့်ဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ပုသိမ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဖမ်းခံရတဲ့ အမျိုးသမီးက ကိုးသိန်း ရဲစခန်းအနီး အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ မစန္ဒာအေးဆိုသူ ဖြစ်ပြီး ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်ဟာ အကျဥ်းသားတစ်ဦးဆီမှာ ကီးပက်ဖုန်းတစ်လုံးတွေ့ရှိမူကို လိုအပ်သလို အရေးယူဖို့ လုပ်နေစဥ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က ကြိုးပမ်းခဲ့တာကနေ စတင် ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ကီးပက်ဖုန်းတွေ့လို့ ထောင်အာဏာပိုင်တစ်ဦးက ဇန်နဝါရီလ ၅ ရက်နေ့ညက ခေါ်ယူ စစ်ဆေးခဲ့သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် ၄ ဦးဖြစ်တယ်လို့ ပုသိမ်ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
လူသေဆုံးခဲ့တဲ့ ပုသိမ်ထောင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဆက်လက်ပြီးခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပုသိမ်မြို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်အချို့ထံက တစ်ဆင့်သိရပါတယ်။
အမျိုးသားညီညွှတ်ရေး အစိုးရကတော့ ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်အတွင်းမှာ သေဆုံးသူ ၁ ဦး ၊ ပျောက်ဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀လောက်ရှိနေပြီး ဒီအထဲ ၉ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုသိမ်ထောင် အကြမ်းဖက်ခံရမှု ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းမဟုတ်ဘဲ ရဲနဲ့ စစ်တပ်က အကျဉ်းကျနေသူ ၂၀ ဦးခန့် ပါဝင်နေတယ်လို့ ပြောထားပြီး ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေကို အချက်အလက်တွေပေးပို့ထားသလို မကြာမီတင်သွင်းမယ့် ကုလသမဂ္ဂ လူ့အခွင့်ရေးအကောင်စီ အစီရင်ခံစာမှာ အမျိုးသားညီညွှတ်ရေးအစိုးရဘက်က တင်ပြသွားဖို့ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီထောင်အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာက နှုတ်ပိတ်မနေဖို့တိုက်တွန်းလိုက်သလို ဒါဟာ
အကျဥ်းသားရဲ့ လုံခြုံရေးဆိုင်ရာအခွင့်အရေးကိုချိုးဖောက်တာလို့ မှတ်ချက်ပြုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကတော့ ထောင်အာဏာပိုင်တို့ဘက်က လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်တာ ၊ လက်ပြန် ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်တာ တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ပုသိမ်မြို့က အမျိုးသမီးတစ်ဦး ဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရေးမှာ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ
မနက်စာဝယ်နေတဲ့ သတင်းရဲတပ်ဖွဲ့တာဝန်ခံ တစ်ဦး သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးတဲ့ဖြစ်စဥ် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရဲအုပ် ညီညီဝင်းဆိုသူ ခေါင်းကို သေနတ်နဲ့ပစ်ခံရတဲ့ ဖြစ်စဥ်ဟာ သူတို့လက်ချက်ဖြစ်ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ - YGF က ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဥ်မှာ မနက်စာ ဝယ်နေတဲ့ အခြား အမျိုးသမီးတစ်ဦးလည်း သေနတ်ထိမှန်ခဲ့ပြီး မော်လမြိုင်ဆေးရုံကိုတင်ထားတဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ - YGF တာဝန်ရှိသူတစ်ဦးက ဒီကိစ္စအပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး လိုအပ်တဲ့ ကိစ္စအားလုံးကို အပြည့်အဝ တာဝန်ယူဖြေရှင်းပေးမယ် လို့ ထုတ်ပြန်ထားပါတယ်။
ရေးမှာ စစ်တပ်သတင်းပေးဆိုတဲ့စွပ်စွဲချက်နဲ့ ပစ်သတ်ခံရသူ ၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။