လူဒါဇင်ချီ သေဆုံးခဲ့တဲ့ ချင်းတွင်းမြစ်ထဲက စစ်တပ် ထောက်ပို့ မော်တော်နစ်မြုပ်မှု

ချင်းတွင်းမြစ်ထဲမှာ တွေ့ရတဲ့ ဖလက် ကုန်တင်မော်တော် တစ်စီး

ဓာတ်ပုံ ရင်းမြစ်, NN

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ထဲမှာ တွေ့ရတဲ့ ဖလက် ကုန်တင်မော်တော် တစ်စီး
ရေးသားခဲ့သည်။

ချင်းတွင်းမြစ်အတိုင်း ခန္တီးမြို့ကနေ မုံရွာဘက်ကို စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေပါတဲ့ ထောက်ပို့ မော်တော်ယာဥ်တန်းထဲက မော်တော်တစ်စင်း စက်တင်ဘာလ ၁၉ ရက်နေ့က မင်းကင်းမြို့နဲ့ မောက္ကတော်ရွာကြား ပန်းဆက်ရွာအနီးမှာ နစ်မြုပ်ခဲ့ပြီး ဒီသ‌င်္ဘောမှာပါတဲ့ လူဒါဇင်ချီ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၁၃ လောင်း ရရှိထားတယ်လို့ ပန်းဆက်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်တာ မတွေ့ရတော့ကြောင်းနဲ့ လူ ၅ ဦးခန့် အသက်ရှင်လျက် ပြန်တွေ့ရတယ်လို့ လည်း သူကဆိုပါတယ်။

ဒီကုန်တင်မော်တော်ပေါ်မှာ လိုက်ပါလာသူအရေအတွက်ကို သီးခြားအတည်ပြုနိုင်တာ မရှိပေမယ့် စစ်သင်္ဘောတွေအပါအဝင် ၁၃ စင်းပါတဲ့ ဒီစစ်တပ် ရိက္ခာထောက်ပို့ ရေယာဥ်တန်းမှာ စစ်သားတွေ၊ဝန်ထမ်းတွေ၊ မုံရွာကို သွားကြမယ့် အဝေးသင် ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေ အများအပြား လိုက်ပါလာတာကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်း စစ်ကောင်စီ မီဒီယာတွေရဲ့ သတင်းတွေမှာတော့ စစ်ကိုင်းတိုင်း ခန္တီးကနေ ကုန်တင်ပြီးမောင်းနှင်လာတဲ့ ရေယာဥ်တွေအနက် ကြယ်မင်း ( ၄ ) ရေယာဥ်ဟာ စက်တင်ဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နစ်မြုပ်ခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၃ ဦး၊ အရပ်သား ၆ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။

အဲဒီသတင်းမှာ ရေယာဥ်မှာ လူဘယ်လောက် လိုက်ပါလာတယ်ဆိုတာကို ဖော်ပြထားတာ မရှိပါဘူး။

ဒီနစ်မြုပ်သွားတဲ့ စစ်တပ် ဖလက်ကုန်တင်ယာဥ်မော်တော်တစ်စီးတည်းမှာကို လူရာနဲ့ချီပြီး လိုက်ပါလာနိုင်တယ်လို့ ဒေသခံအချို့ကလည်း ယူဆမှုတွေရှိပါတယ်။

နစ်မြုပ်သွားတဲ့ မော်တော်မှာ လူဘယ်လောက်ပါတယ်ဆိုတာနဲ့ပတ်သက်လို့ ရေယာဥ်တန်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရပ်နားခဲ့တဲ့ ကလေးဝမြို့ခံတွေဘက်ကရော ပန်းဆက်ရွာဒေသခံတွေဆီကို ဆက်သွယ်ခဲ့ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, NN

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်တစ်စင်း

ဒီစစ်တပ် ရေယာဥ်တန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးဝမြို့မှာ ၄ ရက်ခန့် ညအိပ်ရပ်နားခဲ့ပြီး စစ်သင်္ဘော ၂ စင်းက ခြံရံပြီး လိုက်လာပါလာတာကို မြင်တွေ့ခဲ့ရတယ်လို့ ကလေးဝ ဒေသခံ တစ်ဦးက ဆိုပါတယ်။

လမ်းကြောင်း အခြေအနေ နားစွင့်ပြီး ရေယာဥ်တန်းက ခရီးကို ဆက်ထွက်တာလို့ ကလေးဝမြို့ခံတစ်ဦးကပြောပြပါတယ်။

“ကလေးဝမှာ နားတုန်းကတော့ ကလေးဝ ဆိပ်ကမ်း ရွေမုဋ္ဌော ဘုရားစောင်းတန်းမှာ စစ်သားတွေ အိပ်တာ တွေ့တယ်၊ စစ်သား ၁၅၀ လောက် တွေ့တယ်၊ လူတွေကတော့ မော်တော်ပေါ်မှာ အိပ်ကြတာ၊ မြို့ပေါ်တက် စျေးတက်ဝယ်တာတွေလည်း တွေ့ရတယ် ၊ ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ အဝေးသင်တက်မယ့်သူတွေ ပါတာ များတယ်လို့ “ ကလေးဝမြို့ခံတစ်ဦးက ပြောပါတယ်။

ခန္တီး၊ ဟုမ္မလင်း၊မော်လိုက်၊ ဖောင်းပြင်၊မစိန်၊ကလေးဝ၊မင်းကင်း စတဲ့ ချင်းတွင်းမြစ် အထက်ပိုင်းမြို့ရွာတွေက ဝန်ထမ်းတွေနဲ့ မုံရွာမှာ အခုရက်ပိုင်းစတင်မယ့် အဝေးသင်တက္ကသိုလ်တွေကို တက်ရောက်မယ့် ဒေသခံတွေဟာ စစ်တပ် ‌ထောက်ပို့မော်တော်နဲ့ လိုက်ပါလာကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, screen shot

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီကတော့ မော်တော် နစ်ရာ အနီးအနားကို ဘယ်သူ့ကိုမှ မကပ်စေဘဲ သူတို့အချင်းချင်းပဲ ကယ်ဆယ်တာတွေ လုပ်ဆောင်နေတယ်လို့ လည်း မျက်မြင် ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

ချင်းတွင်းအထက်ပိုင်း ကို မုံရွာမြို့ကနေ ဆက်သွယ်တဲ့ ကားလမ်းတွေမှာ ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးထားလို့ ဝန်ထမ်းတွေဟာ ဒေသ တစ်ခုကနေ တစ်ခုသွားရင် လိုက်ပါဖို့ အခုလို စစ်ရေယာဥ်တန်းကိုပဲ အားကိုးနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းပိုင်းမှာ ဒေသကာကွယ်ရေးတွေ ရှိနေတာကြောင့် မိုးရာသီမှာ ရေကြောင်းလမ်းကို အဓိက အသုံးပြုနေကြပြီး ကျောက်စိမ်း၊ သစ်၊ စတာတွေကို သယ်ယူကြသလိုရိက္ခာ၊ လက်နက် စတာတွေကိုလည်း ရေကြောင်းအသုံးပြုပြီး သယ်ဆောင်နေကျလို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်တွေရဲ့ အပြောအရ သိရပါတယ်။

ဒီလမ်းကြောင်းပေါ်မှာ ကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲ ထိတွေ့တာတွေ ဖြစ်နေကျ နေရာတွေလို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အခု မော်တော် နစ်မြုပ်မှုမှာတော့ တိုက်ပွဲမဖြစ်ပွားဘဲ နစ်မြုပ်တာဖြစ်ပြီး သတ်မှတ် တန်ချိန်ထက် ပိုပြီး ဝန်ပို တင်လို့ ဖြစ်တာလို့ သုံးသပ်လို့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Cj

ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကျန်တဲ့ ရေယာဉ်တွေ ၁၂ စင်းက ဆက်လက်ထွက်ခွာသွားကြပြီး မော်တော် နစ်မြုပ်ရာနေရာမှာ‌တော့ စစ်တပ်က တချို့နဲ့ နီးစပ်သူတွေပဲ ဆက်ရှိနေတယ်လို့ သိရပါတယ်။

အခု မော်တော်နစ်မြုပ်တဲ့နေရာဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်တပ်ထောက်ခံတဲ့ ပြည်သူစစ်တွေအင်အားကောင်းတဲ့ ပန်ဆက်ရွာအနီးဖြစ်ပြီး ကလေးဝမြို့က ချင်းတွင်းမြစ်အတိုင်း စုန်လာရင် မင်းကင်းမြို့အကျော် မောက္ကတော်ရွာ မရောက်ခင်နေရာမှာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို တော်လှန်ရာ စစ်ကိုင်းတိုင်းဟာ အဓိကနယ်မြေဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ‌ဒေသခံတော်လှန်ရေးသမားတွေနဲ့ စစ်ကောင်စီတပ်တွေဟာ နေရာအနှံ့အပြားမှာ ထိပ်တိုက်တွေ့မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ၂၀၁၆ ခုနှစ်အတွင်းကလည်း ချင်းတွင်းမြစ်ထဲမှာ ရေယာဉ် နစ်မြုပ်မှုကြောင့် ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူများ အများစုအပါအဝင် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ ဖူးပါတယ်။