ဇွန် ၂ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ဦးတင်ဦးနာရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကပေးပို့တယ်ဆိုတဲ့ လွမ်းသူ့ပန်းခြင်းတွေ့ရ

ဦးတင်ဦးနာရေးမှာ မြင်တွေ့ရတဲ့ ဒေါ် အာင်ဆန်း စုကြည်ရဲ့ လွမ်းသူ့ ပန်းခြင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက သူရဦးတင်ဦးရဲ့ နာရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တယ်ဆိုတဲ့ လွမ်းသူ့ပန်းခြင်းကို ဒီနေ့ မနက်ပိုင်းမှာ တွေ့ရတယ်လို့ နာရေးအိမ်မှာရှိနေသူတွေက ဘီဘီစီကိုပြောပါတယ်။

“လောလောဆယ် ခြံအမှတ် ၅၄ မှာ အလုပ်လုပ်ပြီး နေတဲ့သူက လာပို့ပေးသွားတာပါ” လို့ သူရဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

ခြံအမှတ် ၅၄ ဟာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

မနေ့ညပိုင်းမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးပို့တဲ့ လွမ်းသူ့ပန်းခြင်းနဲ့ သင်္ကန်းတစ်စုံကို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းက နာရေးအိမ်အထိ လာရောက်ပေးပို့ ခဲ့ပါတယ်။

“တိုင်းမှူးက သင်္ကန်းနဲ့ပန်းခြင်းလာပို့တာပါ။ ပြီးတော့ ဦးတင်ဦးရဲ့ ဇနီးကို ကန်တော့ပြီးပြန်သွားပါတယ်” လို့ နာရေးမှာရှိနေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးထဲက အတွင်းဝန်ဦးအုန်းမောင်ရဲ့သားဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်မှာ ထိန်းသိမ်းခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးတင်ဦးရဲ့ စျာပန တက်ရောက်ခွင့် ပေး မပေး ဆိုတာကို ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ တစုံတရာ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

ဇွန်လ (၁) ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို ဇွန်လ ၅ ရက်နေ့မှာ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုရတာ ဘယ်လိုအခြေအနေရှိနေလဲ

အင်တာနက်အသုံးပြုရတာ ဘယ်လိုအခြေအနေရှိနေလဲ

ဓာတ်ပုံ ရင်းမြစ်, MPA

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာက လူမှုကွန်ရက်သုံးစွဲသူအများစု အားထားနေရတဲ့ အင်တာနက် လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN ( Virtual Private Network) အက်ပလီကေးရှင်းတွေ အသုံးပြုရ တာ တနေ့ထက်တနေ့ပိုခက်ခဲလာပြီလို့ လူထုကြား ပြောဆိုနေကြပါတယ်။

VPN ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်းကို ထိန်းချုပ်ဖို့ အာဏာသိမ်းစကတည်းက စစ်ကောင်စီကကြိုးစားခဲ့တာပါ။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေနဲ့ ရွှေဈေးတွေ စံချိန်တင်မြင့်တက်လာတာဟာ ဖေ့စ်ဘုတ်၊ ဗိုက်ဘာနဲ့ တယ်လီဂရန် တို့ကနေ အကောင့်အတုတွေနဲ့ မမှန်သတင်းလွှင့်တာကြောင့်လို့ ဗဟိုဘဏ်က မေလ ၂၉ ရက် မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် မေလ ၃၀ ရက်နေ့ကစလို့ VPN တွေ ချိတ်ဆက် အသုံးပြုရ ခက်ခဲလာတာလို့ အင်တာနက်အသုံးပြုသူတွေက ထောက်ပြကြပါတယ်။

“1111 ၊ pisphon ၊ Turbo ၊ Express တို့လိုလူသုံးများတဲ့ VPN တွေ အကုန်နီးပါးသုံးလို့မရတော့ဘူး။ ရတဲ့ NPN တွေကျတော့လည်း သုံးရင် အရင်ကလောက် လိုင်းမကောင်းဘူး။ VPN မရလို့ အလုပ်နဲ့ဆိုင်တာတွေကို ဖေ့စ်ဘုတ်ကနေကြည့်ဖို့တောင်မရဘူး” လို့ ရန်ကုန်မြို့နေ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာက မြန်မာ့အရေးထိရောက်တဲ့အကူအညီပေးဖို့ ရှန်ဂရီလာညီလာခံမှာ ဆွေးနွေး

နိုင်ငံတကာက မြန်မာ့အရေးထိရောက်တဲ့အကူအညီပေးဖို့ ရှန်ဂရီလာညီလာခံမှာ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Screengrab

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာက စစ်ဘေးရှောင်နေရပ်စွန့်ခွာရသူတွေဆီ အကူအညီပေးဖို့ စိန်ခေါ်ချက်တွေရှိနေပြီး ထိထိရောက်ရောက်ကူညီနိုင်ဖို့ နိုင်ငံတကာကိုယ်စားလှယ်တွေရော မြန်မာကသက်ဆိုင်ရာ အစုအဖွဲ့တွေပါ ပါဝင်တဲ့ လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့လိုပြီလို့ ရှန်ဂရီလာညီလာခံမှာ ဆွေးနွေးကြပါတယ်။

စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရှန်ဂရီလာညီလာခံမှာ မနေ့ ဇွန်လ ၁ ရက်နေ့တုန်းက မြန်မာမှာငြိမ်းချမ်းရေး ပြန်ရအောင်နည်းလမ်းရှာဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ အထူးအစီအစဉ်ပြုလုပ်ခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ယူကေ နဲ့ အီးယူ တို့က ထိပ်တန်းသံတမန်တွေ တက်ရောက်ဆွေးနွေးခဲ့တာပါ။

အထူးသဖြင့် လူဦးရေသန်းနဲ့ချီ အကူအညီလိုအပ်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့အကူအညီ ရနိုင်ဖို့ စိန်ခေါ်ချက်တွေရှိနေပြီး နိုင်ငံတကာရော မြန်မာကအစုအဖွဲ့စုံညီပါဝင်တဲ့ လမ်းကြောင်းတစ်ခု ပေါ်လာအောင် အိမ်နီးချင်းနိုင်ငံတွေရော၊ အာဆီယံကပါ ကြိုးစားသင့်ပြီလို့ ပြောကြပါတယ်။

“အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်ရော အိန္ဒိယရောက မြန်မာမှာသူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိကြတယ်။ မြန်မာ့အရေးဖြေရှင်းဖို့အတူပူးပေါင်းဆောင်ရွက်ဖို့လိုပြီး တူညီတဲ့ဦးတည်ချက်တစ်ခုကို ရွှေ့ကြဖို့လိုပါတယ်” လို့ မလေးရှားနိုင်ငံ၊ အမျိုးသားလုံခြုံရေးအကြံပေးညွှန်ကြားရေးမှူးချုပ် မစ္စတာ ရာဂျာ နျူရှီရာဝမ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် မစ္စတာ ဆွာဂျာယာ ကလည်း ဒီအဆိုကို ထောက်ခံဆွေးနွေးပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကလည်း ထိ‌ရောက်မှုမရှိတာကြောင့် နောက်ထပ်အဖြေတစ်ခုကို အတူတူရှာကြဖို့လိုတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အမေရိကန်ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲမကြာခင်ပြုလုပ်ဖို့ရှိပြီး ဒါဟာ အရေးကြီးသလို နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းလုပ်ဆောင်သင့်ပြီလို့ သူက ဆက်ပြောပါတယ်။

အခုနှစ်မတ်လမှာ ထိုင်းနိုင်ငံကစီစဉ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော်လူသားစာနာထောက်ထားမှုအကူအညီပေးရေး အစီအစဉ်လိုမျိုး ဆောင်ရွက်သင့်တယ်လို့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီလက်အောက်အခြေခံကျောင်းတွေမှာ ‌ကျောင်းအပ်နှံသူ ၆၃ သိန်းနီးပါးရှိ

၂၀၁၉ ခုနှစ် ကျောင်းဖွင့်ချိန်မှာမြင်ရတဲ့ ဒလမြို့နယ်ထဲက ကလေးငယ်တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် ကျောင်းဖွင့်ချိန်မှာမြင်ရတဲ့ ဒလမြို့နယ်ထဲက ကလေးငယ်တစ်ဦး (ပုံဟောင်း)

စစ်ကောင်စီပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင် ကျောင်း နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့ကျောင်းသားအရေအတွက် ၆၂ သိန်း ၇ သောင်းကျော် ရှိတယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

အခု ၂၀၂၄ - ၂၀၂၅ ခုနှစ်ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေလ ၂၃ ရက် ကနေ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်အခြေခံပညာကျောင်းတွေမှာ ကျောင်း တက်ရောက်သူဦးရေ သိသိသာသာကျဆင်းခဲ့ရာကနေ အခုနှစ်မှာတော့ အစိုးရကျောင်းအပ်နှံသူပိုများ လာတယ်လို့ ရန်ကုန်မြို့ကျောင်းသားမိဘအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါဟာ စီးပွားရေးကြပ်တည်းလာပြီး ငွေကြေးမတတ်နိုင်တော့တာ၊ အင်တာနက်အခက်အခဲရှိလာတာတွေ ကြောင့် အခုနှစ်မှာ အစိုးရကျောင်းတွေကိုပြန်လည်အပ်နှံလာကြတာပါ။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာဆိုရင် ကျောင်းအပ်နှံတဲ့ကျောင်းသားဦးရေ ၆၂ သိန်း ၂ သောင်းကျော် ရှိခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာတော့ ၅၆ သိန်းဝန်းကျင်သာရှိခဲ့ပါတယ်။

ရန်ကုန်မှာ ရခိုင်လူငယ်တချို့ ဖမ်းဆီးခံရ

ကိုဂန်ဘာရီ

ဓာတ်ပုံ ရင်းမြစ်, ANP

ဓာတ်ပုံ ပုံစာ, ကိုဂန်ဘာရီ

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ညက ရန်ကုန်မြို့မှာ ရခိုင်လူငယ်ချို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး အဖမ်းခံရသူတွေထဲမှာ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ လူငယ်ခေါင်းဆောင် ကိုဂန်ဘာရီ ခေါ် ကိုခင်ဝင်းမောင်လည်း ပါဝင်တယ်လို့ ဘီဘီစီက သိရပါတယ်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး သူနဲ့အတူ နောက်ထပ် ကျောင်းသားသုံးဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

“သူတို့ဖမ်းဆီးခံရတယ်ဆိုတာတော့ဟုတ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့နေတဲ့ လှိုင်မြို့နယ်က နေအိမ်မှာ လာပြီးခေါ်သွားတာလို့သိရပါတယ် ”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ကိုဂန်ဘာရီဟာ ရန်ကုန်မြို့မှာ လာရောက် စစ်ရှောင်နေတာဖြစ်ပြီး ကျန်အတူနေ ရခိုင်လူငယ်တွေကတော့ ရန်ကုန်မြို့မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းခရီးပတ်ဆို့မှုတွေနဲ့ကြုံရတဲ့အတွက် နေရပ်မပြန်တော့ဘဲ အိမ်ငှားပြီးအတူနေထိုင်နေကြတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့တယ်ဆိုတာ မသိရသေးသလို သူတို့ကိုဘယ်နေရာခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူးလို့ ကိုဂန်ဘာရီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။