ANP ပါတီ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းနဲ့ စစ်တွေမြို့နယ်တွေမှာပဲ ရွေးကောက်ပွဲကျင်းပခဲ့ပြီး မြို့နယ် ၈ မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီပေါင်း ၈ ပါတီရှိခဲ့ပါတယ်။
အဲ့ဒီထဲမှာ ရခိုင်မျိုးသားပါတီက ပြည်နယ်လွှတ်တော်မှာ ၇ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ၊ အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ ANPက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်လွှတ်တော်မှာ ၄ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ အမျိုးသားလွှတ် တော်မှာ ၁ နေရာ နဲ့ ချင်းတိုင်းရင်း သားရေးရာ ၁ နေရာတို့ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ တောင်ကုတ်နဲ့ မာန်အောင်တို့မှာ အရေးနိမ့်ခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ် တော်မှာ ၁ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁ နေရာရရှိခဲ့ကာ ရခိုင့်ဦးဆောင်ပါတီ AFP က ပြည်နယ်လွှတ်တော်မှာ ၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁ နေရာအနိုင် ရရှိခဲ့ကြပါတယ်။
တတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးဆိုပြီး ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ မြို့နယ်နဲ့ တောင်ပိုင်းက အမ်း၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ် ၃ ခုမှာ မဲဆန္ဒနယ်မြေတစ်ချို့က ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတစ်ချို့ကိုသာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အနိုင်ရရှိတဲ့ ပါတီအရေအတွက်ဟာ ယခင်ရွေးကောက်ပွဲတွေတုန်းကထက် များနေပြီး လက်ရှိအာဏာရပါတီဖြစ်တဲ့ NLDအနိုင်ရခဲ့တဲ့နေရာတွေမှာလည်း ဒေသခံတိုင်းရင်းသားပါတီတွေဖြစ်တဲ့ ANP နဲ့ AFP တို့အနိုင်ရရှိခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ရခိုင်မှာ တစ်မူထူးခြားတဲ့ နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခု ပေါ်ပေါက်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
NLD ပါတီ အနိုင်ရခဲ့တဲ့ တောင်ကုတ်နဲ့ မာန်အောင်လို နေရာတွေမှာ ရခိုင်အမျိုးသားပါတီဘက်က မဲဆန္ဒနယ်မြေအားလုံးကို အနိုင်ရရှိခဲ့တာဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပြောင်းလဲလာခဲ့တဲ့ နိုင်ငံရေး အမျိုးသားရေး ရေချိန်တွေ ကြောင့်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီဘက်က သုံးသပ်ပြော ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတုန်းကလည်း ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာအနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၁၄ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖိုးရေးပါတီက ၅ နေရာ အနိုင်ရရှိခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
အဲ့ဒီတုန်းကလည်း ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်းမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်တဲ့အတွက် အစိုးရကို ဦးဆောင်ဖွဲ့ စည်းခွင့်တောင်းဆိုခဲ့ပေမဲ့ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ် ကို အန်အယ်ဒီပါတီက သူတို့ပါတီရဲ့ အနိုင်ရကိုယ်စားလှယ်ကိုပဲ ခန့်အပ်ခဲ့ပါတယ်။
"အခုနိုင်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနေအထားကို ကြည့်တဲ့အခါမှာ ဒီနေ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ပိုပြီးတော့ ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေ တစ်ဖက်မှာပါလာမယ်။ အဲ့ဒီတော့ ၂၀၁၅ က သင်ခန်းစာကိုယူပြီးတော့ NLD အစိုးရအနေနဲ့ ရခိုင်အမျိုသား ပါတီကို ဒီထက်မက လုပ်ပိုင်ခွင့်တွေ ပေးသင့်တယ်လို့ မြင်ပါတယ်။"လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေအရ ရှုပ်ထွေးနေပြီး ပြည်သူတွေဘက်ကလည်း ပြည်မပါတီကြီးတွေရဲ့ အုပ်ချုပ်မှုကို မကျေနပ်ကြသလို ရခိုင်အမျိုသားပါတီနဲ့ တစ်စုံတစ်ခု မလုပ်ဆောင်နိုင်ဘူး ဆိုလို့ရှိရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့ဆက်နိုင်လိမ့်မယ်လို့ မထင်မြင်ကြောင်း ရခိုင်အမျိုးသားပါတီက ဆက်လက်ပြောဆိုပါတယ်။
ရွေးကောက်ပွဲအလွန်ကာလ ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မေးကြည့်ရာမှာတော့ လာမယ့် နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား မှတ်ချက်မှ မပေးချင်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ပြည်နယ်လွှတ်တော်မှာ တစ်နေရာမှာပဲ အနိုင်ရရှိခဲ့တဲ့အတွက် ဘာမှလုပ်ကိုင်နိုင်တဲ့ အနေအထားမရှိတာကြောင့်လို့ သူကပြောပါတယ်။
အခုလိုမျိုး တိုင်းရင်းသားဒေသတွေမှာ အစိုးရအဖွဲ့ကို အများဆုံးအနိုင်ရရှိတဲ့ပါတီတွေက ဦးဆောင်ဖွဲ့စည်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် တင်သွင်းခဲ့ပေမဲ့ NLD အစိုးရအနေနဲ့ လက်မခံတဲ့အတွက် ပြင်ဆင်ခွင့်မရရှိခဲ့ဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။
"ကျွန်တော်တို့ပါတီကတော့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မူဝါဒမှာရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၂၆၁ မှာ ရွေးကောက်ပွဲမှာ အများဆုံးနိုင်တဲ့ပါတီက အစိုးရဖြစ်ရမယ်လို့ ကျွန်တော်တို့ပါတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ သို့သော် NLD က လက်မခံဘူး။ ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သမ္မတကခန့်အပ်သောသူသာ ဖြစ်ရမယ်ဆိုပြီးတော့ ဖြစ်မှာပဲ။ ဗဟိုမှာ ဘယ်သူက အစိုးရဖွဲ့နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။"လို့ ဒေါက်တာစန်းရွှေက ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့အတွက် လွှတ်တော်မှာ တင်သွင်းခဲ့တာဟာ တိုင်းရင်းသားဒေသတွေမှာ အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ရေးအတွက် ပြင်ဆင်ဖို့တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အရင်က ရခိုင်ပြည်နယ်အတွင်းမှာ ပြည်မပါတီတွေကို အားပေးထောက်ခံခဲ့တာဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ အခါမှာ အင်အားရှိတဲ့ပါတီတွေကို ထောက်ခံပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ NLD အနိုင်ရထားခဲ့တဲ့ မာန်အောင်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ ANP အနိုင်ရရှိခဲ့တာဟာ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားရေးအမြင်တွေ ဟိုတုန်းကနဲ့မတူတော့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ရခိုင် နိုင်ငံရေးအသိုင်းအဝိုင်းတွေက ထောက်ပြပြောဆိုကြပါတယ်။
ရခိုင်ပြည်သူတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ကုတ်ဟာ NLD အနိုင်ရနယ်မြေတစ်ခုဖြစ်ပေမဲ့ ယခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးတဲ့ ဒေါက်တာတင်မာအောင်က ပြည်နယ်လွှတ်တော် အမှတ် ၁ နေရာမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဒေါက်တာတင်မာအောင် အနိုင်ရရှိသွားနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ပြည်သူတွေရဲ့သုံးသပ်ချက်အတိုင်း ဖြစ်မလာခဲ့တာကို တွေ့ရပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့တော့ လက်ရှိမှာ အနိုင်ရရှိထားတဲ့ လွှတ်တော် ၁၅ နေရာထက် ပိုပြီးအနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သံတွဲနဲ့ ဂွမြို့နယ်တွေမှာ ရှုံးနိမ့်ခဲ့တာဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့မသက်ဆိုင်သလို မဲဆန္ဒရှင်ပြည်သူတွေရဲ့ အပြစ်လည်းမဟုတ်ဘဲ မိမိတို့ရဲ့ ပါတီဗဟိုရဲ့အားနည်းချက်ကြောင့်သာဖြစ်တယ်လို့ ANP အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ အတည်ပြုမဲရလဒ်စာရင်းတွေကို ရွေးကောက်ပွဲအပြီး တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်မယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊








