မတ်လ ၈ရက် ထိပ်တန်းသတင်းများ - အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုကြောင့် အမျိုးသမီး ၄၈၀ကျော် သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
ဖမ်းဆီးခံထားရသူ ၃ထောင်ကျော်ရှိနေ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးပြီးသတ်ဖြတ်ခံရတာ၊ ဖြိုခွင်းမှုတွေအတွင်း အသက် သေဆုံးရသူ အမျိုးသမီး ၄၈၀ ကျော်အထိ ရှိပြီလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ ဂျဲန်ဒါ မူဝါဒ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့က မတ်လ ၈ရက်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဒီကနေ့ မှာ ထုတ်ပြန်ပါတယ်။
အဲဒါအပြင် စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် နိုင်ငံအတွင်းက အမျိုးသမီး ၃ထောင် ကျော် အထိကို စစ်တပ်က ဖမ်းဆီးထားတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းတွေအရ သိရပါ တယ်။ အဲဒီအလိုဖမ်းဆီး ထားပြီးနောက် သေဒဏ်အဖြစ်ချမှတ်ခံထားရသူလည်း ၁၁ ဦးအထိရှိ နေပါတယ်။
ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူလည်း ၁၅ ဦးအထိရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လိင်ပိုင်ဆိုင်းရာစော်ကားခံရသူ အမျိုးသမီးဦးရေ ၁၂၂ ဦးရှိတယ်လို့ လည်းထုတ်ပြန်ပါတယ်။
အခုလို အခွင့်အရေးချိုးဖောက်ခံရတဲ့အမျိုးသမီးတွေအပါအဝင် စစ်အာဏာသိမ်းမှုတော်လှန်ရေးမှာ ပါဝင်နေသူ အမျိုးသမီးတွေတရားမျှတမှုရရှိနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်းထုတ်ပြန်ပါရှိပါတယ်။
အမျိုးသမီးတွေအပေါ် စစ်တပ်ဘက်က ကျူးလွန်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ဖြစ်စဥ်တွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လုပ်ဆောင်တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို တုန့်ပြန်ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုတူးဖော်ခွင့် တခုမှ ခွင့်မပြုထားဘူးလို့ ကချင်ပြည်နယ်စစ်ကောင်စီပြော
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်ပြည်နယ်ထဲက ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုတူးဖော်နေတာတွေက စစ်ကောင်စီဘက်က ခွင့်ပြုချက်နဲ့အညီတူးဖော်ခွင့် ခွင့်ပြုထားတာမျိုး တစ်ခုမှမရှိဘူးလို့ ကချင်ပြည်နယ်စစ်ကောင်စီဘက်က ဘီဘီစီကို ပြောပါတယ်။
အဲဒီလို တရားမဝင်တူးဖော်သူတွေကိုလည်း ဖမ်းဆီးတာ၊ တားမြစ်အရေးယူတာတွေလည်းရှိနေတယ်လို့ ကချင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးရဲဝင်းထွန်းက ပြောပါတယ်။
ဒါပေမယ့် ပြည်နယ်အတွင်းမှာတော့ တရားမဝင်တူးဖော်သူတွေအများပြားဆက်လက်ရှိနေသေးတယ်လို့ လည်းပြောပါတယ်။
စစ်အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ ၂၅ လတာကာလအတွင်း ကချင်ပြည်နယ်မှာ ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္ထု တရားမဝင် တူးဖော်တာတွေက ပိုများလာပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ဒေသတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးတာတွေ ကြုံတွေနေရတယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့ ပါဝင်တဲ့ Kachin National Forum က ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီမြစ်ဆုံဒေသဖြစ်တဲ့ မေခနဲ့ မလိခမြစ်တွေကနေ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေဟာ မိုင် ၁၈၀လောက်အကွာမှာ ရွှေကူမြို့နယ်အထိ အများအပြား ရှိနေတာပါ။
တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဘယ်လောက်ထိ ရှိနေလဲဆိုတာကိုတော့ ဒေသတွင်း ကွင်းဆင်း နိုင်ဖို့ လုံခြုံရေးအခက်ခဲတွေကြောင့် စာရင်းအတိအကျတော့ မရှိသေးဘူးလို့ Kachin National Forum တာဝန်ရှိသူတစ်ယောက် ပြောပါတယ်။
တရားမဝင်ရွှေတူးဖော်တာတွေကြောင့် သစ်တောတွေပြုန်းတီးလာတဲ့နောက်ပိုင်း ဗန်းမော်မြို့ အပါအဝင် မြို့နယ်တချို့မှာ ရေတွင်းတွေ ခန်းခြောက်တာ ၊ အသစ်ပြန်တူးတဲ့အခါ အရင်က ပေ ၃၀ လောက်သာ တူးရ ပေမဲ့ အခု ပေ ၆၀ လောက်အထိ တူးရတာတွေရှိနေတယ်လို့လည်း ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေ ပိုများနေတဲ့ ဖားကန့်ဒေသနဲ့ မြေရှားသတ္ထုတူးဖော်နေတဲ့ ပန်ဝါ ဒေသတွေမှာလည်း သစ်တောပြုန်းတီးတာနဲ့ ရေတွေ၊ မြေတွေထဲ သတ္တုတူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတုအဆိပ်တွေ ရောက်နေမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေတာဖြစ်ပါတယ်။
အခုလို မြေရှားတူးဖော်မှုတွေမှာ ဘယ်လိုဓာတုဆေးဝါးတွေကို သုံးစွဲလုပ်ကိုင်နေတယ်ဆိုတာကိုလည်း အဖွဲ့ အစည်းတွေ၊ ဒေသခံတွေဘက်က တိတိကျကျ သိရှိထားရတာမျိုးမရှိတာကြောင့် အခုလို့ စိုးရိမ်မှုတွေရှိ လာတာပါ။
ရွှေတူးဖော်မှုကြောင့်လည်း ဧရာဝတီမြစ်အထက်ပိုင်းကရေဟာ အမြဲတစေ အနည်ထညစ်ညမ်းတဲ့ ပုံစံဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
အဲဒီတူးဖော်လုပ်ကိုင်နေတဲ့ နေရာတွေကလည်း စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ဌာနနေ ပြည်သူစစ်တွေနဲ့ ဆက်စပ်တဲ့သူတွေရှိသလို၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေလည်း ပါဝင် တာကြောင့် ဒေသခံတွေဘက်က သွားရောက်တားဆီးဖို့အတွက်ပိုမိုအခက်အခဲဖြစ်လာစေတာလို့ ပြောကြပါတယ်။
စစ်ကောင်စီအနေနဲ့ တရားမဝင်လုပ်ငန်းတွေကို ထိထိရောက်ဖမ်းဆီးနှိမ်နင်းတာတွေကို ဆက်တိုက်လုပ် ဆောင်ဖို့လိုသလို၊ သယံဇာတတူးဖော်မှုတွေကို လုံးဝရပ်ဆိုင်းဖို့အတွက်ကိုလည်း ပြည်သူအများစုထောက်ခံ တဲ့ အစိုးရတရပ်ပေါ်ပေါက်လာချိန်မှာ အရေးတယူလုပ်ဆောင်ပေးဖို့လည်း ကချင်အဖွဲ့အစည်းတွေနဲ့ ဌာနေ တိုင်းရင်းသားတွေက တောင်းဆိုတိုက်တွန်းကြတာလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း မတ္တရာမြို့နယ်က ကျေးရွာအချို့မှာ မတ်လ ပထမအပတ်အတွင်း ကျေးရွာ အရပ်သားတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ၊ ဖမ်းဆီးခံရသူတွေ သတ်ဖြတ်ခံရတာတွေရှိလာတယ်လို့ အဲဒီကဒေသခံတွေ၊ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒါအပြင် အင်အားအများပြားနဲ့ ဧရာဝတီမြစ်အနီးကျေးရွာတွေကို တပ်စွဲတာတွေ လုပ်ဆောင်ထားတယ်လို့လည်း ဒေသခံနဲ့ ကာကွယ်ရေးအဖွဲ့နီးစပ်သူတွေထံကသိရပါတယ်။
"မတ္တရာ မြောက်ခြမ်းက အခြေနေအတော်ဆိုးနေပြီ။ စစ်ကောင်စီက မြစ်အနီးကျေးရွာတွေ တရွာ အစိတ်လောက် ကင်းပုန်းကို ချထားတာ။ ပျူသေလို့ တပ်ချထားတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ သုံးရက်က ဗိုလ်တွေ အရွှေ့ပြောင်း လုပ်တယ်။ အခုရောက်နေတဲ့ စစ်ကောင်စီအဖွဲ့က ဘာမှမရှိလဲ တွေ့တဲ့လူဖမ်းပြီး ရိုက်နှက်နေတာ"လို့ မတ္တရာမြို့နယ် မြေပြင်အခြေနေ သိသူတစ်ဦးက ပြောပါတယ်။
မတ်လ 6ရက်နေ့မှာ ဧရာဝတီ မြစ်ကမ်းအနီးက သဲအင်း၊ ကြက်တူရွေး၊ ဇီးကုန်း၊ ဟင်္သာမ၊ မြွေနဲ့ရေယဉ်ကျွန်းပေါ်က ကျေးရွာတွေမှာ ဒေသခံတွေ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဘယ်နှစ်ဦးအဖမ်းခံရတယ်ဆိုတာ စာရင်းကိုတော့ မသိရသေးဘူးလို့ အဲဒီဒေသခံတွေက ပြောကြပါတယ်။
မတ်လ ၄ရက်နေ့မှာလည်း လွန်းတောင်ကျေးရွာက အရပ်ခေါ် ပျူစောထီး ရဲရဲဆိုသူကို စစ်တပ်နဲ့ထွေအုပ်ရုံး သတင်းပေးလို့ဆိုကာ မြနန္ဒာစစ်ဆင်ရေးအဖြစ် ဒေသကာကွယ်ရေးတွေဘက်က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက်ပိုင်း လွန်းတောင်ကျေးရွာမှာ တပ်ချကာ ဒေသခံတချို့ဖမ်းဆီးခံရ ရိုက်နှက်ခံရတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလဲ ဖေဖော်ဝါရီ လကုန်ပိုင်းက မြေစွန်းရွာက ဒေသခံသုံးဦး မြေပဲရိုးနုတ်ဖို့ လယ်တောအသွားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ ပြောကြပါတယ်။ ဖမ်းဆီးခံရသူတွေကို သင်္ချိုင်းကုန်းမှာ သတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ယူနီဖောင်းတွေနဲ့လာတာလေ။ သုံးယောက်ကို မသင်္ကာလို့ဖမ်းပြီး သတ်ခံရတာပဲ။ မီးရှို့တာမြင်တယ်။ သိတယ်။ အိမ်တအိမ်ကနေ ပစ္စည်းတွေယူ မိးရှို့တာလို့ ထင်တာ။ လူသတ်မီးရှို့တာလို့ မထင်တာ။ ခေါင်း နှစ်ခေါင်းတွေ့တယ်။ နောက်တယောက်တော့ မတွေ့ဘူး"လို့ စစ်ကောင်စီအဖွဲ့ ထွက်ခွါချိန် မြင်တွေ့လိုက်ရတဲ့ အခြေနေကို မတ္တရာကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ရက်နေ့က မတ္တရာမြို့နယ် မြေစွန်းရွာ။ မြွေပုံကန်ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အထိုင်ချပြီး အနီးနားကျေးရွာတွေက နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ပစ္စည်းတွေ ယူဆောင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဝက်လက်မြို့နယ်ဘက်ကို စစ်ကောင်စီက နေ့စဉ် စစ်ကြောင်းထိုး တာတွေရှိနေသလို အခြားဧရာဝတီမြစ်တဖက်ကမ်း မတ္တရာမြို့နယ်ကိုလည်း ဒေသကာကွယ်ရေးတွေ ဝင်ရောက်လာနိုင်တယ်လို့ ယူဆချက်နဲ့ ဖေဖော်ဝါရီလဆန်းကတည်းက စစ်ကောင်စီက အင်အားအများပြားနဲ့ စစ်ကြောင်းထိုးနေတာလို့ အဲဒီက ဒေသခံတွေက ပြောကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ မြစ်ကမ်းအနီး ကျေးရွာတွေကို နေ့စဉ် စစ်ကြောင်းထိုးဝင်ရောက်ရင်း ကျေးရွာဒေသခံတွေ ဖမ်းဆီးခဲ့တာ မတ်လ ပထမအပတ်အထိ အယောက် ၄၀ကျော် ရှိလာတာကို ဖမ်းခံရသူတွေရဲ့ စာရင်းတွေကို ပြုစုထားသူတွေထံကသိရပါတယ်။
စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာတခုပြီးတခု စစ်ကြောင်းထိုး အဝင်ထွက်ပြုလုပ်နေတာကြောင့် တချို့တွေ ပြန်လည်လွှတ်ပေးတာရှိပေမယ့် ထပ်မံဖမ်းဆီးခံရတာတွေလဲ ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
မတ္တရာဘက်မှာ စစ်ကြောင်းထိုးတာနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံနေရတယ်ဆိုတာနဲ့ စစ်ကိုင်းတိုင်းဘက်ကအခြေအနေတွေကို စစ်ကောင်စီဘက်ကို တစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။




